menu

Thursday 21 November 2013

ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင် နေထိုင် သူများ အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပ

Photo: ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင် နေထိုင် သူများ အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကမ္ဘာတစ်လွှားရှိ အကြောင်း အမျိုးမျိုးကြောင့် အသက်ဆုံးရှုံး ခဲ့ကြသည့် ဆန့်ကျင်ဘက်လိင် ပြောင်းလဲဝတ်စား ဆင်ယင်ခဲ့သူများ သတိရ အောက်မေ့ခြင်း အထိမ်းအမှတ် အခမ်းအနားကို မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်မှ ဦးဆောင်၍ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ စမ်းချောင်း စခန်းသာတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီက ကျင်းပခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် အဆိုပါ အထိမ်းအမှတ်နေ့ပွဲ၌ နိုင်ငံတကာတွင် အကြောင်း အမျိုးမျိုးကြောင့် အသက်ဆုံးရှုံး ခဲ့ရသည့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ်ဆင် နေထိုင်သူ (LGBT) များအတွက် ဖယောင်းတိုင် မီးထွန်းကာ ငြိမ်သက် ဆုတောင်းခြင်း၊ LGBT များ၏ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများကို တက်ရောက်လာ သူများက ရင်ဖွင့် ပြောကြားခြင်းများ အပါအဝင် ပြဇာတ် တစ်ခုကိုလည်း တင်ဆက် ကပြသွားခဲ့ကြောင်း ကွန်ရက် အဖွဲ့ဝင်များက ဆိုသည်။

ရန်ကုန်မြို့ အပါအဝင် မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ ပခုက္ကူ၊ ရွှေဘို၊ ကျောက်ပန်းတောင်း၊ ပြည်၊ ကလော၊ လားရှိုးနှင့် ကော့သောင်း မြို့များတွင် တစ်ရက်တည်း ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ဦးတင်ကိုကိုက The Voice သို့ ပြောကြားသည်။
“ဇူလိုင်လ အတွင်းက မန္တလေးမှာ ရဲတွေရဲ့ အကြမ်းဖက်မှုကို ခံခဲ့ရတဲ့ ကျွန်တော်တို့ ဘဝတူတွေ အကြောင်းကို ပြဇာတ်လုပ်ပြီး ဖျော်ဖြေမှာပါ” ဟု ဦးတင်ကိုကိုက ဆိုသည်။

နိုင်ငံတကာတွင် LGBT များသည် နောက်မှလိုက်၍ ဓားဖြင့် ထိုးခံရခြင်း၊ လည်ပင်းကို လှီးကာ သတ်ဖြတ်ခံရခြင်း၊ မုဒိမ်းကျင့် ခံရခြင်း၊ မီးရှို့ခံရခြင်း စသည့် သာမန် လူသားတစ်ဦးထက် ပို၍ အကြမ်းဖက်၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရပြီး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအရ ယင်းကဲ့သို့ ကြုံတွေ့ခံစားရပါက ဥပဒေအရ ဖြေရှင်းရန် မလွယ်ကူကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ LGBT များကိုး ခွဲခြား ဆက်ဆံမှု မှတ်တမ်းများ မရှိခြင်းကြောင့် ယခုနှစ်မှ စတင်၍ ခွဲခြား ဆက်ဆံမှုများကို စာရင်း ကောက်ယူနေကြောင်း၊ LGBT များ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းများအတွက် ၄င်းတို့၏ အစီအစဉ်ဖြင့် မြို့ပေါင်း ၁၉ မြို့တွင် ပညာပေးမှုများ လုပ်ဆောင်နေကြောင်း ကွန်ရက်တွင် ဦးဆောင် လှုပ်ရှားသူ ဦးလှမြတ်က ပြောကြားသည်။

ယခုပြုလုပ်သည့် အထိမ်းအမှတ် ပွဲသည် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ဖြစ်ပြီး ပထမဆုံး အကြိမ်ကို ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ကျင်းပခွင့် ရခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် မရရှိခဲ့ကြောင်း၊ ယခင်နှစ်များက ပြည်တွင်းတွင် ကျင်းပခွင့် မရခဲ့သဖြင့်  ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးကြိမ် ကျင်းပခဲ့ဖူးကြောင်း LGBT ကွန်ရက်ထံမှ သိရသည်။

ဆန့်ကျင်ဘက် လိင်ပြောင်းလဲ ဝတ်စားဆင်သူတစ်ဦး ၁၉၉၈ ခုနှစ်က အမေရိကန်နိုင်ငံ မက်ဆာချုးဆက် ပြည်နယ် အော်စတွန်မြို့တွင် ညှဉ်းပန်း နှိပ်စက်ခံရပြီး သေဆုံးခဲ့သည့် နေ့ကို အကြောင်းပြုကာ နိုင်ငံတကာတွင် အဆိုပါ အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲကို နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ ရောက်တိုင်း နိုင်ငံပေါင်း ၈၀ ကျော်တွင် ကျင်းပခဲ့ပြီး ယခုနှစ်သည် (၁၅) ကြိမ်မြောက် ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis