menu

Thursday 21 November 2013

ဥက္ကံ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦး အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချခံရ


ဥက္ကံ၊ နိုဝင်ဘာ ၂၀

ဥက္ကံမြို့တွင် လွန်ခဲ့သော ခုနစ်လခန့်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ အသက် ၃၃ နှစ်အရွယ် ဝန်ထမ်း ကိုဆန်းလင်းထွန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။

ကိုဆန်းလင်းထွန်းသည် တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် အကြီးတန်း စာရေးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပြီး ဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိကြောင်း၊ ဥက္ကံပဋိပက္ခ ဖြစ်ပွားခဲ့သော ဧပြီလ ၃၀ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဥက္ကံမြို့ ဗန္ဓုလရပ်ကွက်မှ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းသို့ သွားကာ လစာထုတ်နေသည်ဟု အထက် အရာရှိများက ထွက်ဆိုခဲ့ရုံသာမက တရားလိုပြ သက်သေ အယောက် ၄၀ ကို စစ်ဆေးခဲ့ရာ ၃၅ ဦးက မသိရှိကြောင်း ထွက်ဆိုခဲ့ပြီး ကျန်ငါးဦး၏ ထွက်ဆိုချက်ကြောင့် အမိန့်ချခံရခြင်း ဖြစ်ကြောင်း ကိုဆန်းလင်းထွန်း၏ ဇနီး မနန်းနန်းက ပြောကြားသည်။
“သူ့အထက် အရာရှိတွေက ဖြစ်တဲ့အချိန်မှာ လခ လာထုတ်နေတယ်လို့ ပြောခဲ့ပေမဲ့လည်း မရဘူး။ ပါလည်း မပါဘူး၊ သိလည်းမသိတဲ့ ကိစ္စကို ခုလို ထောင်ချလိုက်တာ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာကိုခေါ်တာလဲ” ဟု ၎င်းက မေးခွန်းထုတ် ပြောကြားသည်။



နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်လွဲ ၁နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက ၎င်းနှင့်အတူ ဗန္ဓုလရပ်ကွက် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့်သန်းကိုပါ ပြစ်မူဆိုင်ရာ ပုဒ်မ ၄၄၀/၃၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီဖြင့် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥက္ကံမြို့တွင် ကိုရင်လေးနှင့် အမျိုးသမီးတို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးလောင် ဖျက်ဆီးမှုများကြောင့် နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ခုနှင့် ဥက္ကံမြို့ပေါ် ဆိုင်ခန်း ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဥက္ကံ ပဋိပက္ခနှင့် ပတ်သက်၍ ပနီပင် ကျေးရွာနေသူ ရှစ်ဦး၊ ဗန္ဓုလ ရပ်ကွက်တွင်နေသူ လေးဦး၊ ဥယျာဉ်ကြီး ကျေးရွာနေသူ နှစ်ဦး၊ မီးနင်းကံကုန်း ကျေးရွာတွင် သုံးဦး အပါအဝင် စုစုပေါင်း လူ ၁၇ ဦးကို အမိန့်ချမှတ်ခဲ့ပြီး ဥက္ကံမြို့တွင် နေထိုင်သူ ၆၃ ဦးကို တရားရုံးက ဖမ်းဝရမ်း ထုတ်ထားကြောင်း တိုက်ကြီးမြို့နယ် တရားရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis