menu

Thursday 21 November 2013

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအကြောင်း ပြောခဲ့သည့် ဦးရဲထွဋ်ကို စကားစစ် ထိုးမည်ဟုဆို

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်မကိုက်ညီသူမှန်သမျှအား မည်သည့်အဖွဲ့အစည်းမှ ဖိအားပေးပြောဆိုနေစေကာမှု နိုင်ငံသားဖြစ်ခွင့်ပေးသွားမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က ဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံမှနိုင်ငံမဲ့ (Stateless) ရိုဟင်ဂျာ (မူလအသုံးအနှုံးကို ဖော်ပြခြင်းသာ) များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအပေါ် တိုက်တွန်းနိုင်ရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ တတိယကော်မတီက ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ်တွင် ဦးရဲထွဋ်က လူမှုကွန်ယက်စာမျက်နှာမှတဆင့် မီဒီယာများသို့ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
 “အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများမှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြား ပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီ သဘောပဲဖြစ်ပါတယ် ဟု ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စာရင်း စစ်တမ်း ကောက်ယူရာ၌ ဘင်္ဂလီလူမျိုးများ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေသည့် လုပ်ဆောင်ချက်များကို ထောက်ပြပြောဆိုသင့် သည်ဟု ဦးရဲထွဋ်က ဆိုသည်။
ဆက်လက်၍ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေမှာ ဆိုရှယ်လစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)နှင့် မညီကြောင်းနှင့် တည်ဆဲဥပဒေနှင့်အညီစီစစ်သွားမည့်အပေါ် လက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတိုင်ပင်ခံ ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
၁၉၈၂ဥပဒေအတည်မဖြစ်ခင်က ဆိုရှယ်လစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)မှာ နိုင်ငံသားဖြစ်ခွင့်နှစ်မျိုးပဲရှိတယ်၊ တစ်မျိုးက တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့သူနဲ့ ဥပဒေအရနိုင်ငံသားဖြစ်ခွင့်ရှိသူဆိုပြီး နှစ်မျိုးပဲရှိတယ်၊ ဒါပေမယ့် ၁၉၈၂ ဥပဒေမှာ လေးမျိုးဖြစ်သွားတယ်၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူ နှစ်မျိုးထပ်တိုးသွားတော့ ရှေ့နဲ့နောက်မညီဘူး ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်ပတ်သတ်၍ အမျိုးသားရေးလှုပ်ရှားသည့်သံဃာတော်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပြီးဖြစ်ကြောင်းနှင့် ပြည်တွင်းမှဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် မွတ်ဆလင်ဘာသာကိုးကွယ်သူများအနေနှင့် ၁၉၈၂ ဥပဒေ ကို လုံးဝလက်မခံနိုင်ဟု မြန်မာ-မွတ်စလင်အရေးဆောင်ရွက်သူ ဒိုင်းမွန်းရွှေကြည်က ပြောသည်။
၁၉၈၂ ဥပဒေက ဘင်္ဂလီအတွက် ထုတ်တာလား ပြည်တွင်းက မွတ်ဆလင်တွေအတွက် ထုတ်တာလား။ မွတ်ဆလင်တိုင်း အတွက်ဆိုရင် ကျွန်တော်တို့ လက်မခံဘူး။ ၈၂ အက်ဥပဒေဆိုတာ မရှိတော့ပါဘူး။ အဲ့ဒီအကြောင်းကို ရှင်းချင်တယ်ဆိုရင် ဦးရဲထွဋ်နဲ့ စကားချင်းယှဉ်ပြောဖို့ ကျွန်တော် စိန်ခေါ်တယ်။ ဟု ဒိုင်းမွန်းရွှေကြည်က ပြောသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ၅ နှစ် အချိန်ယူရေးဆွဲထားခြင်းဖြစ်ကြောင်းနှင့် ဥပဒေချိုးဖောက်သူများအား ခေတ် နှင့်အညီ အရေးယူ အပြစ်ပေးမှုများ ပြင်ဆင်ရန်မှတပါး တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ ရေရှည်တည်တန့်နိုင်ရေး ရေးဆွဲထားခဲ့သည့် အလွန်အရေးကြီးသည့် ဥပဒေတစ်ရပ်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးသိန်းညွှန်က သုံးသပ်သည်။
၁၉၈၂ နိုင်ငံသားဥပဒေက ပြည်ထောင်စုလွှတ်တော်က ပတ်ဖျက်ခြင်း၊ ရုတ်သိမ်းခြင်းမပြုသမျှ တည်ရှိနေတဲ့ တည်ဆဲဥပဒေပါ။ အခုချိန်ထိ ၁၉၈၂ နိုင်ငံသားဥပဒေက တည်ဆဲဥပဒေအဖြစ်ရှိနေပါသေးတယ်။ လူ့အခွင့်အရေးကော်မရှင်က ဘာတွေပဲ ဆုံးဖြတ် ဆုံးဖြတ် ကျွန်တော်တို့နိုင်ငံက အချုပ်အခြာအဏာတည်တံတဲ့နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံသားမဟုတ်တဲ့သူတွေကို ဒီဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာပါ ဟု ဦးသိန်းညွန့်က ပြောသည်။
ကုလသမဂ္ဂမှဘင်္ဂါလီလူမျိုးများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရကိုတိုက်တွန်းနိုင်ရေး ဆုံးဖြတ်ချက်ကို မြန်မာ နိုင်ငံတော် အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂ သံအမတ်ကြီး) ဦးကျော်တင်မှ ကန့်ကွက်ခဲ့ ကြောင်းကိုလည်း သိရှိရသည်။

MyitMaKha News Agency

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis