menu

Sunday 17 November 2013

ခေတ်ဟောင်း ရုပ်ရှင် အနုပညာများကို ထိန်းသိမ်းနေသူ ဒါရိုက်တာ (ကြည်စိုးထွန်း)

interv_khysanph_KST_TZO_YPZN
ကြည့်ရှုသူ ပရိသတ်အတွက် အတုယူစရာ၊ ဆင်ခြင်စရာ တစ်ခုခုပါပြီး ရည်ရွယ်ချက် ကောင်းမွန်သည့် ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ် ရိုက်ကူးလေ့ရှိသူ၊ အနုပညာ သင်တန်းကျောင်း တစ်ခုတွင် မျိုးဆက်သစ် အနုပညာရှင် များကို အနုပညာ အမွေဖြန့်ဝေ ပေးနေသူ၊ မှတ်တမ်းမှတ်ရာ မရှိမှုနှင့် သုတေသန အားနည်းမှု တို့ကြောင့် တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ခေတ်ဟောင်း ရုပ်ရှင် အနုပညာများကို ထိန်းသိမ်းနေသူမှာ အကယ်ဒမီ လေးဆုရှင် ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်သည်။
အနုပညာကို ချစ်တယ်
ရွှေဘိုလို နယ်မြို့တစ်မြို့တွင် နေထိုင် ကြီးပြင်းခဲ့ရသော သူ့အတွက် ဆယ်ကျော်သက် အရွယ်ကာလ အထိတော့ အနုပညာလောက ဆိုသည်မှာ သူနှင့် အလှမ်းကွာဝေးသော နယ်ပယ်တစ်ခု ဖြစ်သလို တစ်ချိန်တွင် အောင်မြင်သော ဒါရိုက်တာတစ်ယောက် ဖြစ်လာလိမ့်မည် ဟုလည်း သူအိပ်မက်ပင် မမက်ဖူးခဲ့။ သို့သော် အနုပညာနှင့် ပတ်သက်သော အရာမှန်သမျှကိုတော့ သူငယ်စဉ် ကတည်းက ချစ်ခင် မြတ်နိုးခဲ့သည်။ ကလေးဘဝ အရွယ်ကတည်းက ရွှံ့ရုပ် ကလေးများနှင့် ပြဇာတ် ကသည့်ပုံစံ ကစားခဲ့ဖူးသလို၊ ပိတ်စပေါ်ကို မှန်ချပ်ထိုးပြီး ရုပ်ရှင်ပြတမ်းလည်း ကစားခဲ့ဖူးသည်။ အသံတိတ် ဇာတ်ကားခေတ်မှသည် သံစုံသွင်း ရုပ်ရှင်ဇာတ်ကား ခေတ်အထိ ရုပ်ရှင် ဇာတ်ကားများကို စွဲစွဲလမ်းလမ်း ကြည့်ရှုခဲ့ဖူးသည်။
ဆယ်ကျော်သက် အရွယ်တွင်လည်း ဝါတွင်းကာလ ပတ်လုံး တစ်ရပ်ကွက်လျှင် ဘုရားတစ်ဆူစီ အပတ်စဉ် လှည့်လည် အပူဇော်ခံသော အချိန်၌ ရပ်ကွက်အလိုက် ပြုလုပ်သော အငြိမ့်ပွဲ၊ ဇာတ်ပွဲများကို သူနှစ်သက်စွာ ကြည့်ရှုခဲ့ဖူးသလို တက္ကသိုလ် ကျောင်းသား ဘဝတွင်လည်း ဂီတ ဖျော်ဖြေပွဲများကို မလွတ်တမ်း ကြည့်ရှုခဲ့ဖူးသည်။ ပရိသတ် တစ်ယောက် အနေနှင့် သူခံစားခဲ့ဖူးသော အနုပညာများက နောင်တစ်ချိန် ဒါရိုက်တာ တစ်ယောက် ဖြစ်လာသော အခါတွင် သူ့အတွက် အနုပညာဝမ်းစာများ ဖြစ်လာခဲ့သည်။

ချမ်းမြေ့ပါစေ
မန္တလေးတက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရပြီးစ အချိန်တွင် သူငယ်ချင်းဖြစ်သူ ဒါရိုက်တာ စိုးသိမ်းထွဋ်နှင့် ဆက်သွယ်မိရာမှ သူအနုပညာ လောကနှင့် စတင်ထိတွေ့ခွင့် ရလာခဲ့သည်။ ဒါရိုက်တာ တစ်ယောက် ဖြစ်ရန် ရည်ရွယ်ချက်နှင့် အနုပညာ လောကသို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ဘဲ သာမန် အလုပ်အကိုင်တစ်ခု အနေနှင့်သာ အနုပညာ အလုပ်များကို သူစတင် လုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်လောကတွင် ကျင်လည်ရင်း ဒါရိုက်တာ စိုးသိမ်းထွဋ်နှင့် ပူးပေါင်း၍ ရုပ်ရှင်ဇာတ်ညွှန်းများ ရေးဖြစ်ခဲ့သလို အောက်ခြေသိမ်း စက်မှုလုပ်သား ဘဝမှသည် ရှုတင်မန်နေဂျာ ဘဝအထိလည်း သူဖြတ်သန်း ခဲ့ဖူးသည်။ အနုပညာ လောကတွင် ကာလတစ်ခုအထိ ဖြတ်သန်းပြီးသော အခါတွင် အခြားသူများအတွက် ဇာတ်ညွှန်း ရေးပေးနေရာမှ ဇာတ်ကားတစ်ကားကို သူကိုယ်တိုင် စီစဉ်ညွှန်ကြား ရိုက်ကူးချင်လာ ခဲ့သည်။ သူစုဆောင်းထားသော ငွေကြေးလေးများနှင့် သရုပ်ဆောင် မြင်စိုင်းသား အောင်အောင်၊ ခင်သီတာထွန်းတို့ ပါဝင်သော ‘ချမ်းမြေ့ပါစေ’ အမည်ရှိ သူ၏ ပထမဆုံးရုပ်ရှင် ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။
သူ၏ ပထမဆုံး အနုပညာလက်ရာနှင့် ပတ်သက်၍ “ကားနာမည်ကလည်း အေးတော့ စစချင်း သိပ်တော့ မကြိုက်ကြဘူး။ ကိုယ်ကလည်း ကိုယ်ကြိုက်တာကို ခေါင်းမာမာနဲ့ လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ အစက မကြိုက်ခဲ့တဲ့ သူတွေကိုယ်တိုင်က ဒီဇာတ်ကားကို သဘောကျသွားကြတယ်။ ဇာတ်ကားထဲမှာပါတဲ့ ‘ချမ်းမြေ့ပါစေ’ ဆိုတဲ့ သီချင်းဆို အခုခေတ်အထိ အောင်မြင်နေတုန်းပဲ” ဟု အမှတ်တရ ပြန်ပြောင်း ပြောပြသည်။
အပြန်အလှန် လေးစားမှုလိုတယ်
ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင် ငွေကြေး စိုက်ထုတ် ရိုက်ကူးခဲ့ရသော်လည်း နောက်ပိုင်းတွင် အခြားထုတ်လုပ်ရေး များကပါ သူ့ကို ဇာတ်ကားရိုက်ကူး ပေးရန် ကမ်းလှမ်း လာခဲ့ကြသည်။ ယင်းအနက် အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပေးရန် အပ်နှံခဲ့သော ‘ဒိုး’ ဇာတ်ကားမှာ သူ၏ အနုပညာသမားဘဝ တစ်လျှောက်တွင် ပထမဆုံး အောင်မြင်မှု မှတ်တိုင် စိုက်ထူနိုင်ခဲ့သော ဇာတ်ကား ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်၊ ကျောင်းသား လူငယ်များ၏ အကြီးမားဆုံး အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ပညာပေးသက်သက် မဟုတ်ဘဲ ရသမြောက်အောင် တင်ပြနိုင်ခဲ့သော ‘ဒိုး’ ဇာတ်ကားမှာ သူ၏ အအောင်မြင်ဆုံး ရုပ်ရှင် ဇာတ်ကားများ ထဲတွင် တစ်ကား အပါအဝင် ဖြစ်ပြီး ယင်းဇာတ်ကားဖြင့်ပင် သူ့ဘဝအတွက် ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့သည်။ ဒိုးဇာတ်ကားကို မြန်မာ့ ရုပ်မြင်သံကြားက မကြာခဏ ပြန်လည် ပြသလေ့ ရှိသလို ယခုခေတ်တွင် ဒါရိုက်တာ ဝင်းထွန်းထွန်းကလည်း သရုပ်ဆောင် မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်တို့နှင့် ပြန်လည် ဆန်းသစ် ရိုက်ကူးခဲ့သည်။
ဇာတ်ကား၏ ရည်ရွယ်ချက် ကောင်းမွန်မှု၊ သရုပ်ဆောင်များ၏ သဘာဝကျမှု၊ ဇာတ်ကောင်စရိုက် အပေါ် အပြည့်အဝ အာရုံဝင်စားနိုင်မှုနှင့် အချိန်ပေး ရိုက်ကူးနိုင်မှု တို့ကြောင့် ‘ဒိုး’ ဇာတ်ကား အောင်မြင်ရခြင်း ဖြစ်ကြောင်း သူကပြောပြသည်။
“ဟိုခေတ်တုန်းက မင်းသား၊ မင်းသမီးတွေက ရုပ်ရှင်တစ်ခုပဲ ရိုက်စရာ ရှိတယ်လေ။ ဒီခေတ်လို အာရုံ များစရာ မလိုဘူး။ ‘ဒိုး’ ကား ရိုက်တုန်းကဆို မနက် ၇ နာရီဆို မင်းသားတွေ ရောက်လာပြီး တက္ကသိုလ်ကွင်းမှာ ဘောလုံး လေ့ကျင့်နေကြပြီ။ ဒါရိုက်တာဆိုလည်း တစ်ပတ်ကို နှစ်ရက်လောက်ပဲ ရိုက်ပြီး ကျန်တဲ့ရက်တွေက ဆက်တင်တွေ လုပ်တယ်” ဟု ရုပ်ရှင်ဇာတ်ကား တစ်ကားကို ယခင်နှင့်ယခု အချိန်ပေး ဖန်တီးနိုင်မှု ကွာခြားပုံကို သူက သုံးသပ်ပြသည်။
ယနေ့ခေတ် အနုပညာ လောကတွင် တစ်ချိန်က ရိုက်ကွင်း ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသော ဒါရိုက်တာများ၏ အရှိန်သြဇာ ကျဆင်းလာရခြင်းမှာ ဝင်ငွေကွာဟမှုနှင့် ဆိုင်သည်ဟု ထင်မြင် ယူဆကြောင်း သူက မှတ်ချက်ပြုသည်။
ယခင်က မင်းသား တစ်ယောက်၏ အနုပညာကြေး လေးသောင်းရသော အချိန်တွင် ဒါရိုက်တာ တစ်ယောက်က လေးသောင်းခွဲအထိ တောင်းဆိုနိုင်သည့် အခြေအနေများ ရှိခဲ့သော်လည်း ဗီဒီယိုများ ပေါ်လာသော အချိန်တွင် မင်းသားက နှစ်သိန်းလောက် ရပြီး ဒါရိုက်တာက သုံးသောင်းလောက်သာ ရတော့ရာ ယင်းသို့ ဝင်ငွေများ အဆမတန် ကွာဟလာမှုကြောင့် ထိုအချိန်မှစပြီး အပြန်အလှန် လေးစားမှုများ လျော့နည်း လာခဲ့သည်ဟု သူကပြောပြသည်။
“တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုတွေ မရှိကြတော့ အလုပ်လုပ်ရတာ မပျော် တော့ဘူး။ ပျော်မှလည်း ဒီအလုပ်တစ်ခုက အောင်မြင်မှာလေ။ တစ်ခါတလေ ကိုယ်က စိတ်ပါနေတုန်း မင်းသမီးက သီချင်းဆို သွားရမယ်၊ မင်းသားက ပြက္ခဒိန် ရိုက်ရမယ်ဆိုပြီး ပြောလာရော။ ဟိုခေတ်တုန်းကတော့ သရုပ်ဆောင်တွေက သွားစရာ ရှိရင်တောင် လေးစားမှုနဲ့ ကြိုတင် ခွင့်တောင်းကြတယ်” ဟု သူကဆိုသည်။
သူ့ကျွန်မခံပြီ
သူ၏ အောင်မြင်သော ရုပ်ရှင်ဇာတ်ကား များထဲတွင် စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ ဝတ္ထုကို သရုပ်ဆောင် အင်အား အများအပြားဖြင့် ထိုခေတ် အတိုင်းအတာအရ ငွေကြေးများစွာ ကုန်ကျခံ ရိုက်ကူးခဲ့သော ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားမှာလည်း တစ်ကား အပါအဝင် ဖြစ်သည်။ ယင်းဝတ္ထုကို သူအထက်တန်း ကျောင်းသားဘဝ ကတည်းက ဖတ်ရှုခဲ့ဖူးပြီး ရုပ်ရှင်အဖြစ် ရိုက်ပြချင်သော်လည်း ငွေကြေး မတတ်နိုင်၍ လက်လျှော့ နေခဲ့ရရာမှ ဝန်ကြီးဌာနတစ်ခုမှ ဝန်ကြီးတစ်ဦး၏ ငွေကြေး စိုက်ထုတ်ပေးမှုနှင့် ရုပ်ရှင်အဖြစ် အသက်သွင်းနိုင်ခဲ့သည်။ သို့သော်လည်း ဝန်ကြီးဌာန တစ်ခုအတွက် ‘ပေါ်လစီ’ ကားရိုက်ကူး ပေးသည်ဆိုပြီး ထိုစဉ်က သူအဝေဖန် ခံခဲ့ရသည်။ ယင်းဇာတ်ကား ရိုက်ကူးရာမှ ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာ သူ့အတွက် မရခဲ့သော်လည်း ဇာတ်ကားကို အကောင်းဆုံး ကင်မရာနှင့် ရိုက်ကူး နိုင်ခဲ့ပြီး ပတ်လည် အသံစနစ်၊ ကွန်ပျူတာ ဂရပ်ဖစ် နည်းပညာ များကိုလည်း ထိုဇာတ်ကားတွင် အသုံးပြုခွင့် ရခဲ့သည်က သူ့အတွက် အမြတ်ဖြစ်သည်ဟု သူက ဆိုသည်။ ‘သူ့ကျွန်မခံပြီ’ ရုပ်ရှင်ဇာတ်ကားဖြင့် သူ့အတွက် ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့သည်။
‘သူ့ကျွန်မခံပြီ’ ဇာတ်ကားကို ရိုက်ကူးပြီး ၂ နှစ်ကျော် အကြာတွင် ရိုက်ကူးခဲ့သော ‘ဆန်ရေ’ ရုပ်ရှင် ဇာတ်ကားဖြင့် တတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့သလို ရုပ်ရှင် ဇာတ်ကားကြီးများတွင် သူနောက်ဆုံး ရိုက်ကူး ထားခဲ့သော ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် ‘ဆဋ္ဌဂံ’ ရုပ်ရှင် ဇာတ်ကားဖြင့် စတုတ္ထမြောက် အကယ်ဒမီဆုကို ရရှိခဲ့သည်။
ရည်ရွယ်ချက် ကောင်းဖို့လိုတယ်
ဇာတ်ကား တစ်ကားကို ရိုက်ကူးရန် ဇာတ်လမ်း ရွေးချယ်သောအခါ ကြည့်ရှုသူ ပရိသတ်အတွက် ရည်ရွယ်ချက် ကောင်းမွန်သော ဇာတ်ကားမျိုး ဖြစ်ဖို့ သူစဉ်းစား ရွေးချယ်လေ့ ရှိသည်။ ဝတ္ထုတစ်ပုဒ်ကို ဖတ်ပြီး ကြိုက်နှစ်သက် သော်လည်း ဝတ္ထုအဖြစ်သာ ဖတ်ကောင်းပြီး ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့အတွက် လိပ်ပြာ မလုံစရာများ ပါနေသောကြောင့် မရိုက်ဖြစ်ခဲ့သော ဝတ္ထုများလည်း သူ့ဘဝတွင် အများအပြား ရှိခဲ့ဖူးသည်။
သူ ရိုက်ကူးခဲ့သမျှ ဇာတ်ကားတိုင်းတွင် ကြည့်ရှုသူ ပရိသတ်အတွက် အတုယူစရာ၊ ဆင်ခြင်စရာ အကြောင်းများကို ထည့်သွင်း ရိုက်ကူးလေ့ ရှိသည်။ ရည်ရွယ်ချက် ကောင်းကောင်းနှင့် ရိုက်ကူးထားသော ဇာတ်ကားတစ်ကားမှာ မည်သည့်ခေတ်၊ မည်သည့် အချိန်၊ မည်သည့်နေရာတွင် ပြသည် ဖြစ်စေ၊ ထာဝစဉ် တန်ဖိုးရှိနေမည်သာ ဖြစ်ကြောင်း သူကဆိုသည်။
လတ်တလောတွင် MRTV-4 ရုပ်သံလိုင်းအတွက် Chicken Soup for the Soul စာအုပ်များထဲမှ ဇာတ်လမ်းများကို ကောင်းနိုးရာရာ ရွေးချယ်ရိုက်ကူး နေသလို စာရေးဆရာ ‘သော်တာဆွေ’ ၏ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း၊ စာရေးဆရာမ မစန္ဒာနှင့် ခင်စန်းမွန်တို့၏ ဝတ္ထု များကိုလည်း ရိုက်ကူးရန် ရွေးချယ်ထားသည်။
“ဒါတွေကို ဘာလို့ ရိုက်ပြချင်တာလဲ ဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ အကောင်းဘက်ကို တွေးခေါ် မျှော်မြင်နိုင်ဖို့အတွက် ရိုက်ပြချင်တာပါ” ဟု သူကဆိုသည်။
သုတေသန အားနည်းတယ်
မြန်မာနိုင်ငံတွင် ရုပ်ရှင်နှင့် ပတ်သက်သော မှတ်တမ်း မှတ်ရာများ၊ သုတေသနပြုမှုများ အားနည်း သည်ဟု သူကဆိုသည်။ ယခုအချိန်အထိ ရုပ်ရှင်သမိုင်း မှတ်တမ်း စာအုပ်ကို ပြုစုထုတ်ဝေနိုင်ခြင်း မရှိသလို ဇာတ်ကားထုပ် များကိုလည်း စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသည့်အတွက် တန်ဖိုးရှိသော အနုပညာများ တိမ်မြုပ် ပျောက်ကွယ်လျက် ရှိသည်ဟု သူကပြောပြသည်။
ယင်းလိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် အတွက် သူသိရှိ မှတ်သားခဲ့သမျှ ရုပ်ရှင်နှင့် ပတ်သက်သော ဗဟုသုတများနှင့် မြန်မာရုပ်ရှင် ဇာတ်ကားကောင်းများ အကြောင်းတို့ကို MRTV-4 ရှိ Movie Talk အစီအစဉ်၊ Reader’s Channel ရှိ Script to Screen၊ MRTV ရှိ မှတ်မှတ်ထင်ထင် မြန်မာ့ရုပ်ရှင် အစီအစဉ်တို့မှ တစ်ဆင့် မျှဝေပေးလျက် ရှိသည်။
တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ခေတ်ဟောင်း အနုပညာများကို ထိန်းသိမ်း ဖော်ထုတ် ပေးနေသောသူက Laurel အနုပညာ သင်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူပြီး မျိုးဆက်သစ် အနုပညာရှင် များကိုလည်း အနုပညာအမွေ လက်ဆင့် ကမ်းပေးလျက် ရှိသည်။
ဘုရင့်နောင်၊ အနော်ရထာ
ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခြင်း မရှိတော့သော်လည်း လွန်ခဲ့သော ၁၀ နှစ်ကျော် ကတည်းက ရိုက်ကူးရန် ကြိုးစားခဲ့ဖူးကာ ငွေကြေး အခက်အခဲကြောင့် သူအကောင်အထည် မဖော်နိုင်သေးသော ရုပ်ရှင်ဇာတ်ကား တစ်ကားရှိသည်။ ယင်းဇာတ်ကားနှင့် ပတ်သက်သော အနုပညာ၊ စိတ်ကူး၊ အိပ်မက်များ အကြောင်းကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။
“ဒီဇာတ်ကားက ၂၀၀၀ ပြည့်နှစ်လောက် ကတည်းက ကိုယ်နဲ့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်နဲ့ ရေးခဲ့ပြီးသား ဘုရင့်နောင်၊ အနော်ရထာဆိုတဲ့ ဇာတ်လမ်းလေးပါ။ ထိုင်းက ဒါရိုက်တာ တစ်ယောက်က ဒီအကြောင်းကို သူတို့နိုင်ငံက ရုပ်သံလိုင်း တစ်ခုမှာ ရိုက်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ တခြားနိုင်ငံက ဘုရင် အကြောင်းကို မရိုက်ပါနဲ့ ဆိုလို့ ပျက်သွားခဲ့တာ။ ကိုယ့်အတွက်ကတော့ ဒီဇာတ်ကားကို ရိုက်ပြဖို့ အခွင့်အရေး ရှိသေးတယ် ထင်တယ်။ ဒီဇာတ်ကားက ကိုယ့်ရဲ့ အိပ်မက်ပေါ့။”

 သန့်စင်ဦး
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis