menu

Sunday 17 November 2013

မိုးကြိုးပြင် တောင်ရွာမှ မအေးစန်းနှင့် တွေ့ဆုံခြင်း


(ရဲဝင်းနိုင်)

ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဒေသခံအချို့ ဒဏ်ရာရခဲ့ရာ ၎င်းတို့အနက် သေနတ်ဒဏ်ရာရသူ ငါးဦးသည် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က ကုသမှု ခံယူကြသည်။ ယင်းအနက်မှ သေနတ်ဒဏ်ရာ ရရှိသူ မအေးစန်း (၄၁နှစ်) မိုးကြိုးပြင် တောင်ရွာကို မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။

Voice : အစ်မ နာမည်နဲ့ ဇာတိက။

MAS : ကျွန်မက မအေးစန်းပါ။ မိုးကြိုးပြင်ကပါ။

Voice : အခု ဒဏ်ရာရတာက။

MAS : ညာဘက်လက်ဖျံမှာ သေနတ် မှန်တာပါ။

Voice : ဒီဖြစ်စဉ် ဖြစ်တာနဲ့ ပတ်သက်ပြီး ပြောပါဦး။



MAS : ယာခင်းတွေဆီ သွားတဲ့လှည်း (ဆည်တည်း ဇီးတော သွားတဲ့လမ်း) လမ်းပေါ် တည့်တည့်ကို ရဲစခန်း လာချထားတာပါ။ အဲဒီလို အကာအကွယ်တွေနဲ့ ချထားတော့ အစ်မတို့က ဖယ်ပေးဖို့ တောင်းဆိုကြတာပါ။ (တောင်းဆိုမှုမှာ အမြဲဟု သိရသည်) အဲဒီလို တောင်းဆိုတာကို သူတို့က မကျေနပ်ဖြစ်ပြီး ညပိုင်းကျတော့ ဖမ်းမယ်ဆီးမယ် ဆိုပြီး ဖြစ်လာတာ။ ညပိုင်းကျတော့ လူကလည်း နည်းသွားတယ်။ ဒီမှာ ဖမ်းမယ်ဆီးမယ် ဆိုပြီး ဖြစ်လာတာ။ ပိတ်ထားတဲ့ လမ်းကို ပြန်လည် ဖွင့်ပေးဖို့အတွက် နေ့ခင်းကတည်းက တောင်းဆိုကြတာ။

ကျွန်မတို့က စိတ်လည်း ညစ်ပါတယ်၊ စိတ်လည်း ဆင်းရဲပါတယ်။ တိရစ္ဆာန်တွေလည်း စည်းရိုး ပိတ်ထားတဲ့အတွက် ဖြောင့်ဖြောင့်တန်းတန်း မသွားရပါဘူး။ ကျွန်မတို့က ရဲစခန်း လာချထားတာကို ရွှေ့ပေးပါ၊ ရွှေ့ပေးပါ ဆိုပြီး တောင်းဆိုကြတာပါ။ သူတို့ကနေပြီးတော့ တောင်းဆိုရမလား ဆိုပြီးတော့ ဝင်တာနဲ့ လမ်းပေးမထွက်နဲ့ လမ်းထွက်ရင် ဖမ်းမယ်ပေါ့။ တောင်သူတွေကိုလည်း သွားကြ မသွားဘူးလား။ မသွားလို့ရှိရင် ရဲကားပေါ် ဖမ်းတင်မယ် ဆိုပြီး ပြောတယ်။ လူတွေကလည်း နောက်ဆုတ် နောက်ဆုတ် သွားတဲ့အခါကျတော့ သူတို့က လိုက်ဖမ်းတယ်။ အဲဒီလို အချိန်မှာပဲ ဝမ်ပေါင် ဆိုက်ထဲကနေ ရဲကားတွေ မီးထိုးမောင်း လာတာကို တွေ့ရတယ်။

Voice : ရွာသားတွေနဲ့ ရဲတွေ ပဋိပက္ခ ဖြစ်တဲ့အခါမှာ ရွာသားတွေဘက်က လေးခွနဲ့ စပစ်တယ်လို့ ပြောတယ်။ အဲဒါရော ရှင်းပြပါဦး။

MAS : ရွာသားတွေက ရဲကားတွေကို အဝင်မခံဘဲ တားတယ်။ အဲဒီလို တားရမှာလား ဆိုပြီး သူတို့ဘက်က လေးခွနဲ့ စပစ်တယ်။ သူတို့က စပစ်တာပါ။ ရွာသားနှစ်ယောက်ကို ထိတယ်။ ထိတော့ တို့ကိုတော့ တကယ်လုပ်ပါလား ဆိုပြီး ဒီဘက်ကလည်း ပြန်ပစ်တယ်။ ရွာသားတွေက ခဲနဲ့ ပြန်ပစ် တော့ ရဲတွေက သေနတ်နဲ့ ပစ်တယ်။ အချက် ၃၀ လောက်တော့ ရှိမယ်ထင်တယ်။ သူတို့ အင်အားက ၄၀၀ လောက် ရှိမယ် ထင်ပါတယ်။ ရွာသားက ၁၀၀ လောက်ပဲ ရှိပါတယ်။

Voice : အစ်မကဘယ်လို ဒဏ်ရာရတာလဲ ခင်ဗျ။

MAS : အဲဒီလို ပစ်နေတော့ မှန်မှာစိုးပြီး ထိုင်လိုက်တာ။ ထိုင်တဲ့အချိန်မှ ကျွန်မရဲ့ ညာဘက်လက်ဖျံကို မှန်တယ်။ သွေးတွေလည်း တအားကျနေတာ။ ရွာသားတွေလည်း ပြန်ပြေးကြတာ။ အဲဒါကို ပစ်နေတုန်းပါ။ အဲဒီအချိန်မှာ အိမ်သာတက်ပြီး ဆင်းလာတဲ့ ကောင်လေး တစ်ယောက်ကို မှန်တယ်။ (ယင်းလူငယ်မှာ မည်သည့်ဆေးရုံမှ မကုဟုဆို) အိမ်ထဲကို ဝင်မှန်တာ။ ဆားလင်းကြီးဆေးရုံ၊ မုံရွာဆေးရုံ မပြဖြစ်တာက ပြလည်း သူတို့က၊ အာဏာပိုင်တွေက စစ်လားဆေးလား၊ ဖမ်းမှာဆီးမှာ ကြောက်တော့ ဒီလာပြတာပါ။ ခုတောင် ကိုယ့်ယာခင်းတွေ လျော်ကြေး မယူဘဲနဲ့တောင် ဒီလိုဖြစ်နေတာ။

Voice : အခုလို ဖြစ်ပွားခဲ့တဲ့အပေါ် အစ်မရဲ့ သဘောထား ပြောပါဦး။

MAS : ကိုယ်နစ်နာ နေတာကို ပြန်တောင်းတာပါ။ ဒါကို အခုလို လုပ်တယ်။ သေနတ်နဲ့ ပစ်တယ်ဆိုတာ မလုပ်သင့်ပါဘူး။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis