menu

Friday 15 November 2013

လျှပ်စစ်မီးနှင့် ပတ်သက်၍ တောင်းဆိုချက်လေးချက် နိုင်ငံတော်သမ္မတထံတင်

news_lsmnptytsc_ksa
ရန်ကုန်၊ နိုဝင်ဘာ ၁၄

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အများပြည်သူသို့ မီဒီယာကတစ်ဆင့် အသိပေးခဲ့ပြီးနောက် ပြည်သူလူထု၏ ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး ယခုတစ်ဖန် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံမှုအပေါ် ပြည်သူလူထု၏ သဘောထားအမြင်များ ဆွေးနွေးပွဲမှ ရရှိသော ရလဒ်များထဲမှ တောင်းဆိုချက် လေးချက်ကို နိုင်ငံတော်သမ္မတ အပါအဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် လွှတ်တော်သို့ တင်ပြခဲ့ကြောင်း လျှပ်စစ်မီတာခ လျှော့ချရေး လှုပ်ရှားသူ Generation Wave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။
လျှပ်စစ်မီတာခကို မူလအတိုင်း ပြန်လည် ကောက်ခံရန်၊ လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် ပြတ်တောက်ခြင်း မရှိဘဲ ဖြန့်ဖြူးပေးရန်၊ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရှုံးအမြတ် အခြေအနေကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေးရန်နှင့် လျှပ်စစ် မီတာခ အပါအဝင် အစိုးရ၏ အခြားဝန်ဆောင်မှု စရိတ်များကို တိုးမြှင့် ကောက်ခံရန် ရှိလာ ပါက ပြည်သူလူထု ထိခိုက်မှု မရှိအောင် စနစ်တကျ သုတေသနပြု တွက်ချက်ပြီး ဆောင်ရွက်ရန်စသည့် တောင်းဆိုချက်များကို နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ပြည်သူများက ပြင်းထန်စွာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်တွင်လည်း အရေးကြီး အဆိုအဖြစ် ဆွေးနွေးခဲ့ရကာ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံမည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လျှပ်စစ်မီတာခ ကိစ္စကို လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း နာခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် လျှပ်စစ်မီတာခနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောထားအမြင်များ ဆွေးနွေးပွဲသို့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ အပါအဝင် ပြည်သူလုထု ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး မီတာခ ကျဆင်းရေး လှုပ်ရှားမှု ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis