menu

Friday 15 November 2013

ငွေစက္ကူများတွင် ပါဝင်သော ခြင်္သေ့ပုံ ပါတီတံဆိပ်ဖြစ်နေဟု လွှတ်တော်အတွင်း ဦးသိန်းညွန့်ပြောခြင်း ဗဟိုဘဏ်ငြင်း


ရန်ကုန်၊ နိုဝင်ဘာ  ၁၃

ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သုံး ငွေစက္ကူများ၌ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြုရန် ပြည်သူ့ လွှတ်တော်၌အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် ပါဝင်သော ခြင်္သေ့ပုံ အနေဖြင့် နိုင်ငံရေး ပါတီတစ်ခု၏ အမှတ် တံဆိပ် ဖြစ်နေေ ကြာင်း ထည့်သွင်း ပြောကြားမှုကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။

ဦးသိန်းညွန့််က““ယခင်အစိုးရ ခေတ်အဆက်ဆက် အနေဖြင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံအား အလေးထား ဖော်ပြ ထားကြောင်း၊ ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန်ထိ ခြင်္သေပုံများ ဖော်ပြထားကြောင်း၊ ခြင်္သေ့ပုံ အနေဖြင့် နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ်အမှတ် ဖြစ်နေကြောင်း၊ နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ် အမှတ်အသားအား နိုင်ငံတော်ရှိ အမှတ်အသားနှင့် မတူသင့်ကြောင်း ကို တွေ့ရှိရ သည်””ဟု ၎င်း၏ အဆို၌ ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းပြောကြားချက်အား မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ““မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ကေသရာဇာ ခြင်္သေ့မင်း ပုံပါ ငွေစက္ကူများအား ၁၉၅၂ ခုနှစ်က ထုတ်ဝေခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၂၀၁၀ ခုနှစ် မေလမှ စတင်၍ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပါတီအဖွဲ့အစည်း တစ်ခု၏ အမှတ်တံဆိပ်ကို ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေခြင်း မဟုတ်ကြောင်း”” ပြောကြားသည်။…


ဦးသိန်းညွန့်၏ အဆိုအပေါ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် နောက်ထပ် ငွေစက္ကူများ ထပ်မံ ထုတ်ဝေရန် ရှိသည့်အခါ ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက် အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ စသည်ဖြင့် အခြေအနေ အချိန်နှင့် လိုက်လျော ညီထွေမှု ရှိသည့်ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ် ထုတ်ဝေသွားမည်ဟု ဖြေကြား ခဲ့သည်။ ဦးသိန်းညွန့်၏ အဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

မြန်မာ့ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ ပြန်လည် ရိုက်နှိပ်နိုင်ရန်အတွက် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆို တင်သွင်းခဲ့ရာ ဦးမြင့်ကြည်နှင့် ဒေါ်စန်းစန်းမြင့် (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ) တို့က ထောက်ခံ ခဲ့သော်လည်း ၉၈ ရာခိုင်နှုန်း၏ ကန့်ကွက်မဲဖြင့် အဆိုရှုံးနိမ့် ခဲ့သည့်အတွက် အဋ္ဌမအကြိမ် ပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ချမ်းမြေ့ခိုင်

Myanmartandawsint Newspaper

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis