menu

Friday 15 November 2013

အလုပ်ရမည်ဆို၍ လိုက်သွားသူ ရွာသား ၆၀ ကျော် ပျောက်ဆုံးနေ

အောင်မြင်ရဲဇော်၊ ရန်ကုန်၊ နိုဝင်ဘာ-၁၄

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ် ကုန်းတန်းတောင်ကျေးရွာမှ ရွာသား ၆၀ ကျော်တို့အား တစ်ရွာတည်းနေသူတစ်ဦးက အလုပ်ရမည်ဟုဆိုကာ တစ်အိမ်တက်ဆင်း စည်းရုံးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်းလိုက်ပါသွားသူများ၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ရွာသား ၆၀ ကျော်အား ပင်လယ်ဝအနီးရှိ ချောင်းဝရွာတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်ရမည်ဖြစ်ပြီးစရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ၅၀၀၀၀ ရမည်၊ ကြိုတင်ငွေ ထုတ်ယူလိုပါက လည်းတစ် လစာထုတ်ပေးမည်၊ ရွာတွင် ကျန်ခဲ့မည့် မိသားစုဝင်များနှင့်လည်း တစ်ပတ်တစ် ကြိမ် ဖုန်းပြောခွင့်ရမည်ဟု ဆိုကာ တစ်ရွာတည်းနေသူ ကျော်မိုးလွင်နှင့် ဇနီး စီစီဝင်း ဆိုသူတို့က စက်တင်ဘာ ပထမပတ်တွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ရွာသားတွေကို တစ်အိမ်တက် ဆင်းလိုက်စုပြီး ခေါ်သွားတာ အားလုံးပေါင်း လူ ၆၀ ကျော်တယ်။ အခုနှစ်လ ကျော်တဲ့အထိ ဘာအဆက်အသွယ်မှ မရဘူး။ ဘယ်ရောက်နေမှန်းလည်း မသိဘူး။ သေလား၊ ရှင်လားတောင် မသိနိုင်ဘူး။ အလုပ်ရမယ်လို့ပြောပြီး လာစည်းရုံးတဲ့ လင်မယားကို မေးကြည့် တော့လည်း မသိသလိုလုပ်နေတယ် " ဟု ပျောက်ဆုံးနေသူ၏ မိသားစုဝင်တစ်ဦး က ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျေး ရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဓနုဖြူမြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာအောက်တိုဘာ ၂၈ ရက်တွင် ရဲစခန်းက အမှုဖွင့် စစ်ဆေးပေးပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားစေခဲ့ကြောင်း သိရသည်။

" ရဲစခန်းက ဒီအမှုကို လူကုန်ကူးမှုအဖြစ် အရေးမယူပေးဘဲ တရားရုံးကို ဦး တိုက်လျှောက်ဖို့ပြောတယ်။ တာဝန်ခံပြီး လူခေါ်ပေးတဲ့ ကျော်မိုးလွင်က တော့ အခုချိန်ထိ အရေးယူခံရတာမျိုး မရှိသေးဘူး " ဟု ကုန်းတန်းတောင် ကျေးရွာမှ ရွာသားမောင်ဘိုက ပြော ကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ စံတော်ချိန်သတင်းစာမှ ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးတပ်ဖွဲ့စုမှ ရဲမှူးရိုလန်အား နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က ဆက်သွယ် မေးမြန်းရာ အစည်းအဝေးအတွင်း ရောက်ရှိနေ၍ ပြန်လည်ဆက်သွယ်ရန် ပြောကြားခဲ့သဖြင့် ည ၇ နာရီဝန်းကျင် ၌ ထပ်မံ ဆက်သွယ်မေးမြန်းသည့် အခါ ၎င်းတာဝန်ရှိသည့်ဒေသမဟုတ် ဟုဆိုကာ မဖြေဆိုနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။

ယင်းကိစ္စအပေါ် ပျောက်ဆုံးနေသော ရွာသားများ၏ မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိပြီး ထိရောက်စွာစုံစမ်း ဖော်ထုတ်ပေးစေလိုကြောင်း သက် ဆိုင်ရာဒေသအာဏာ ပိုင်အဖွဲ့အစည်း အသီးသီးထံလက်မှတ်ထိုးကာ စာတင် တိုင်ကြားထားကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis