menu

Friday 15 November 2013

လွှတ်တော်ကိုယ်စားလှယ်များ လစာနှစ်ဆတိုးမည့် ပြင်ဆင်ချက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ကန့်ကွက်မည်

ဖိုးစိုးသူ| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

လွှတ်တော်ကိုယ်စားလှယ်များ လစာနှစ်ဆတိုးမည့် ဥပဒေကြမ်းပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်သို့ တင်ပြလာပါက ကန့်ကွက်သွားမည်ဟု မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေး မောက်က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စား လှယ်များ လစာနှစ်ဆတိုးမြင့်ပေးမည့် ပြင်ဆင်ချက် ပါဝင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိလာပါက လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ပြည်သူ့ ဘဏ္ဍာအပေါ် ထောက်ထားမှုအရလည်းကောင်း တိုးမြှင့်ပေးမည့် ပြင်ဆင်ချက်အပေါ် ကန့်ကွက်သွား မည်ဟု ဆိုသည်။

“ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကတော့ ပြည်သူ့အတွက် ကိုယ်စားလှယ်တွေက လစာနှစ်ဆ မယူသင့်ဘူး။ သမ္မတတောင် လျှော့ယူထားတယ်။ ဘတ်ဂျက်က ပေးနိုင်တယ်ထားဦး ကျွန်တော်တို့ ဂုဏ်သိက္ခာအတွက် ပြည်သူတွေရဲ့ ဘဏ္ဍာအတွက် မယူသင့်ဘူး။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ တင်လာရင် ကျွန်တော်အနေနဲ့ ကန့်ကွက်သွားဖို့ စဉ်းစားထားတယ်”ဟု ဦးအေးမောက်က ဆိုသည်။


လက်ရှိတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလျှင်လစာကျပ်သုံးသိန်းနှင့် လွှတ်တော်အစည်းအဝေး တက်ရောက်စဉ် ကာလအတွင်း နေ့စဉ် စားသောက် နေထိုင်စရိတ်အဖြစ် တစ်ရက်လျှင်တစ်သောင်းကျပ် ခံစားခွင့်ပြုထားပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးလျှင် တစ်လကျပ်နှစ်သိန်းနှင့် လွှတ်တော်အစည်းအဝေး တက်ရောက်သည့် ကာလအ တွက် စားသောက်စရိတ် နေထိုင်သွားလာစရိတ်အတွက် တစ်နေ့လျှင် ကျပ်ရှစ်ထောင်နှုန်းကို သက်ဆိုင် ရာ လွှတ်တော်ဘဏ္ဍာငွေများမှ ပေးအပ်လျက်ရှိသည်။

“အခု လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးပြီး တောင်းတာနဲ့ပတ်သက်လို့ တိုင်းရင်းသားပါတီ လွှတ် တော်ကိုယ်စားလှယ်တွေက တောင်းဆို ထောက်ခံကြတာ များတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဒီကိစ္စမှာ ၀င်ရောက်ဆွေးနွေးတာမရှိဘူး။ နိုင်ငံတကာမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးတွေရဲ့ လစာဟာ နည်းနည်းပဲ ကွာပါတယ်။ မြန်မာနိုင်ငံမှာတော့ လွှတ်တော်ကိုယ်စားလှယ် သုံးသိန်းရရင် ၀န်ကြီးက သိန်း ၃၀ ရတယ်။ မဲခွဲဆုံးဖြတ်ပါဆိုရင်တော့ ကြားနေပဲနေမှာပါ”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မှတ်ချက်ပြုသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ လစာနှုန်းထားများနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေး လေ့လာ သုံးသပ် လျက်ရှိသည့် စီးပွားရေးပညာရှင် ဦးလှမောင်က နိုင်ငံတော်တွင် တိကျသေချာသည့် ဘတ်ဂျက်မူဝါဒ ရှိရ မည်ဖြစ်ပြီး အဆိုပါဘတ်ဂျက် ပိုလျှံမှသာလျှင် လွှတ်တော်ကိုယ်စားလှယ်များ၏ လစာငွေ နှစ်ဆ တိုးမြှင့် ရေးကို စဉ်းစားသင့်ကြောင်း ဝေဖန်သုံးသပ်ထားသည်။

နိုဝင်ဘာ ၁၁ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ် တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းအား နိုဝင်ဘာလ ၁၁ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်လေးဦးက ဆွေးနွေးခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ထပ်မံဆွေးနွေးရန် အစီအစဉ်တွင် လျာထားချက်တွင် ပါရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ လစာနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ ပြန်လည်ဆွေးနွေးတင်ပြမှုအပြီးတွင် လွှတ်တော် အစည်းအ ဝေးအစီအစဉ် ရပ်နားခဲ့သည့်အတွက် အထက်ပါ လွှတ်တော်ကိုယ်စားလှယ်များ၏ လစာနှစ်ဆတိုးမြှင့်ခံ စားခွင့်နှင့် ပတ်သက်သည့် ဥပဒေကြမ်းပြင်ဆင်ချက်အား ဆက်လက် ဆွေးနွေးနိုင်ခြင်းမရှိဘဲ နောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အစိုးရ၀န်ထမ်းတွေ လစာ မကြာခဏတိုးတယ်။ ပင်စင်စားတွေလည်း ခဏခဏ တိုးတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးမှာကတော့ ဘာမှငြင်းစရာ မရှိပါဘူး”ဟု ပြောသည်။

အဆိုပါ ဥပဒေကြမ်းပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးအတည်ပြုပြီးပါက ပြည်သူ့ လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis