menu

Saturday 23 November 2013

စက်ရုံ ကြီးကြပ်ရေးမှူးကို အထည်စစ်ဆေးရေး ခေါင်းဆောင် ကတ်ကြေးဖြင့်ထိုး


ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ စက်မှုဇုန်တွင်းရှိ BRAVO အထည်ချုပ် စက်ရုံတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားဝတ် ဂျာကင်တစ်ထည် စုတ်ပြဲမှုနှင့် ပတ်သက်၍ စကားများရာက စက်ရုံ ကြီးကြပ်ရေးမှူးအား အထည်စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်က ကတ်ကြေးနှင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရွှေပေါက်ကံ နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အထည်ချုပ် စက်ရုံတွင် နိုဝင်ဘာလ ၁၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အသက် ၃၅ နှစ်အရွယ် စက်ရုံ ကြီးကြပ်ရေးမှူး ဒေါ်မင်းမင်းထွေးစိုးနှင့် အထည် စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်ဖြစ်သူ မနီနီသန်းတို့ နှစ်ဦး အမျိုးသားဝတ် ဂျာကင်တစ်ထည် ပြဲသည့်ကိစ္စ စကားများခဲ့ရာမှ မနီနီသန်းက စက်ရုံ ကြီးကြပ်ရေးမှူး ဒေါ်မင်းမင်းထွေးစိုး၏ ဘယ်ဘက် လက်မောင်းကို အရှည်လေးလက်မခန့်ရှိ အထည်ညှပ် ကတ်ကြေးဖြင့် ထိုးစဉ် ဝင်ရောက် ဖျန်ဖြေခဲ့သော အထည်ချုပ် အလုပ်သမား မရွှေဇင်ဝင်း၏ ညာဘက် လက်တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

BRAVO အထည်ချုပ်စက်ရုံ ကြီးကြပ်ရေးမှူးကို အထည် စစ်ဆေးရေး ခေါင်းဆောင် အမျိုးသမီး ကတ်ကြေးဖြင့် ထိုးမှုနှင့် ပတ်သက်၍ ရွှေပေါက်ကံ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ် အလုပ်ရှင်နှင့် အလုပ်သမား ဖျန်ဖြေရေး ကော်မတီမှ တာဝန်ရှိသူများသို့ ဆက်သွယ် မေးမြန်းခဲ့ရာ စက်ရုံ တာဝန်ရှိသူများက သတင်းပေးပို့မှု မရှိသဖြင့် ၎င်းတို့ အနေနှင့် မသိရှိကြောင်း ပြန်လည် ဖြေကြားသည်။


“အထည်ချုပ် စက်ရုံမှာက အမျိုးသမီးတွေများတော့ အချင်းချင်း စကားပြောရာက အခန့်မသင့်တဲ့ အချိန် စကားများတာလောက်တော့ ရှိတယ်။ ဒီလိုမျိုး ကတ်ကြေးနဲ့ ထိုးတာ ဒီစက်မှုဇုန်မှာ ပထမဆုံး အကြိမ်ပဲ” ဟု ရွှေပေါက်ကံ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီရုံးမှ အတွင်းရေးမှူး ဦးသောင်းစိန်က ဆိုသည်။

ကတ်ကြေးနှင့် အထိုးခံရသူ စက်ရုံ ကြီးကြပ်ရေးမှူးက နိုဝင်ဘာလ ၂၀ ရက်နေ့က ရဲစခန်းသို့ လာရောက်ကာ အမှုဖွင့်ထားကြောင်း၊ အမှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းလျက် ရှိကြောင်း ရွှေပေါက်ကံ နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အထည်ချုပ်စက်ရုံ အများစုတွင် အထည်များ ပေါက်ပြဲမှုများ တွေ့ရှိပါက လျော်ကြေး မပေးရသော်လည်း သုံးကြိမ်ထက် ပိုလာပါက အထည်ချုပ် အလုပ်သမားနှင့် အထည် စစ်ဆေးရေး အဖွဲ့ကို ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းကြောင်း၊ စက်ရုံတွင် ပိတ်စ အပိုမရှိသော အပ်ထည် ဖြစ်ပါက လျော်ကြေးငွေ ပေးရသည့်အပြင် အထက်လူကြီးများ၏ အလုပ်ထုတ် ခံရမည်ဟု ကြိမ်းမောင်းခံရကြောင်း အထည်ချုပ်စက်ရုံ လေးရုံတွင် ဆယ်နှစ်ကျော်ကြာ အထည်ချုပ် လုပ်ကိုင်ခဲ့သော အသက် ၃၀ နှစ်ခန့် အမျိုးသမီးက ပြောကြားသည်။
“အထည်ချုပ် စက်ရုံမှာ ကိုယ့်အထည်က အချိန်မီ မကျရင် ဆူပါ (ကြီးကြပ်ရေးမှူး) တွေရဲ့ အဟိန်းအဟောက်ကို အရမ်းခံရတာ။ တချို့ စရိုက်ကြမ်းတဲ့ ဆူပါ အမျိုးသမီးတွေက ဆဲဆိုပြောတဲ့ အခါမျိုးမှာ မခံနိုင်တဲ့ သူနဲ့တွေ့ရင် စကားများ ရန်ဖြစ်ကြတာက အထည်ချုပ် စက်ရုံတိုင်းမှာ ထုံးစံလို ဖြစ်နေပြီ” ဟု ၎င်းအမျိုးသမီးက ရှင်းလင်း ပြောကြားသည်။

အဆိုပါ ကတ်ကြေးဖြင့် ထိုးသည်ဟုဆိုကာ အထည် စစ်ဆေးရေး ခေါင်းဆောင် မနီနီဝင်းကို ရွှေပေါက်ကံ နယ်မြေရဲစခန်းက (ပ) ၂၀၉/၁၃၊ ပြစ်မှုပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis