menu

Saturday 23 November 2013

တပ်သား ၄၀ ဖြင့် လွှတ်တော် လုံခြုံရေးအဖွဲ့ ဖွဲ့ပေးရန် တင်ပြထားခြင်း မရှိဟုဆို

Photo: တပ်သား ၄၀ ဖြင့် လွှတ်တော် လုံခြုံရေးအဖွဲ့ ဖွဲ့ပေးရန် တင်ပြထားခြင်း မရှိဟုဆို 

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လွှတ်တော် လုံခြုံရေးအတွက် တပ်သား ၄၀ ဦးဖြင့် သီးသန့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပေးရန် လွှတ်တော်က အစိုးရထံ တင်ပြထားသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က တပ်သား ၄၀ ဦးဖြင့် လွှတ်တော် လုံခြုံရေးတပ် သီးသန့် ဖွဲ့စည်းပေးရန် အစိုးရကို တောင်းဆိုထားခြင်းလည်း မရှိကြောင်း ၎င်းက ရှင်းပြသည်။ 
“လွှတ်တော်က တောင်းတာ မဖြစ်နိုင်ပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာမှ မရှိတာ။ လွဲနေတာ ဖြစ်ပါလိမ့်မယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

လွှတ်တော်အတွင်း လုံခြုံရေးကို လိုအပ်ပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအရ ထပ်မံ၍ ဖြည့်ဆည်း ခန့်အပ်သွားရန် ရှိသော်လည်း လွှတ်တော် လုံခြုံရေး သီးသန့်တပ်ဖွဲ့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် လွှတ်တော် လုံခြုံရေးအတွက် SP၊ CID နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဝန်ထမ်း ၁၀၀ ဦးရေ အောက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေပြီး မလုံလောက်ပါက အင်အား ဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

လွှတ်တော်ရုံးအတွင်း ဝန်ထမ်းအင်အား ၄၀၀ ခန့် ရှိပြီး ၂၀၁၅ ခုနှစ် မတိုင်မီ ဝန်ထမ်း ၈၀၀ ခန့် တိုးမြှင့် ခန့်အပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ လွှတ်တော်အတွင်း လာရောက် လည်ပတ်သူနှင့် အခြား ကိစ္စရပ်များအတွက် လုံခြုံရေး တိုးမြှင့်ပါက ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အတိုင်းသာ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လွှတ်တော် လုံခြုံရေးအတွက် တပ်မတော်တစ်ခု သီးသန့် ဖွဲ့စည်းရန် ဆိုသည်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အပြင် လွှတ်တော် ကိုယ်စားလှယ် များကိုလည်း အသိပေး ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

လွှတ်တော်ဘက်က ယင်းသို့ ငြင်းဆို ထားသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးကမူ လွှတ်တော်က တပ်သား ၄၀ ဖြင့် ကိုယ်ပိုင် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့ပေးရန် အစိုးရထံ တောင်းဆိုထားခြင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ ရက်နေ့က ကန့်ကွက်လွှာ ပြန်လည် ပေးပို့ထားကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေတွင် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis