menu

Friday 25 October 2013

ကမ္ဘာကျော် စစ်ကျောင်းတော်ကြီး ဆင်းဟတ်စ် (Sandhurst)....(စိုးမြင့်မိုး (ဘူမိ))

8.1.1
ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်သို့ သွားရောက် လည်ပတ်ကာ အမှာစကား ပြောကြားသည်။ Sandhurst စစ်တက္ကသိုလ်သည် ကမ္ဘာ့အဆင့်မြင့် စစ်ကျောင်းကြီး တစ်ကျောင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ စစ်တက္ကသိုလ်များထဲတွင် အမေရိကန် ပြည်ထောင်စုမှ West Point စစ်တက္ကသိုလ်၊ ဗြိတိန်နိုင်ငံမှ Sandhurst စစ်တက္ကသိုလ်၊ ပြင်သစ်နိုင်ငံမှ Saint Cyr စစ်တက္ကသိုလ်တို့သည် နှစ်ပေါင်းရာကျော် သက်တမ်းရှိကြပြီး အစဉ်အလာကြီးမား ကျော်ကြားလှသည့် စစ်တက္ကသိုလ်ကြီးများ ဖြစ်ကြသည်။
ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်
ဆင်းဟတ်စ် ဆိုသည်မှာ ရွာကလေး၏ အမည်ဖြစ်သည်။ လန်ဒန်မြို့တော်နှင့် မိုင် ၃၀ ခန့်ဝေးသော ကင်ဘာလေ (Camberley) မြို့ကလေး အနီးတွင် ဆင်းဟတ်စ်ရွာ ရှိသည်။ ယင်းကိုအစွဲပြု၍ ဆင်းဟတ်စ် စစ်တက္ကသိုလ်ဟု ခေါ်ကြခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် လန်ဒန်မြို့တော် ၀ူးဝစ် (Woolwich) အရပ်ရှိ ဘုရင့်စစ်တက္ကသိုလ် (Royal Military Academy) နှင့် ဆင်းဟတ်စ် (Sandhurst) ရှိ ဘုရင့်စစ်ကောလိပ် (Royal Military College) တို့ကို ပေါင်းပြီး ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ် (The Royal Military Academy Sandhurst) ဟု ပြောင်းလဲခေါ်ဆို ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ကျောင်းဆင်းပွဲကို ဆဋ္ဌမမြောက် ဂျော့ဘုရင် တက်ရောက် ချီးမြှင့်ခဲ့သည်။

ဆင်းဟတ်စ် စစ်တက္ကသိုလ် ဖွဲ့စည်းပုံ
တက္ကသိုလ် တစ်ခုလုံးကို ကောလိပ် သုံးခုဖြင့် ဖွဲ့စည်းထားသည်။ Old College, New College နှင့် Victory College တို့ ဖြစ်ကြသည်။ ကောလိပ်တစ်ခုစီတွင် ဗိုလ်မှူးကြီး အဆင့်ရှိသူက အုပ်ချုပ်ကာ တက္ကသိုလ် တစ်ခုလုံးကို ဗိုလ်ချုပ်အဆင့် ရှိသူက ကျောင်းအုပ်ကြီးအဖြစ် အုပ်ချုပ်သည်။ ဒုတိယ ကျောင်းအုပ်အဖြစ် ဗိုလ်မှူးချုပ် တစ်ဦးက တွဲဖက်အုပ်ချုပ်သည်။
8.1.1
ဗြိတိသျှဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီ
ကမ္ဘာကျော် စစ်တက္ကသိုလ်ကြီး ဖြစ်သည်နှင့်အညီ ဌာနချုပ်ရုံး၊ လေ့ကျင့်ရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ စာပေဌာန၊ စာကြည့်တိုက်၊ စစ်တက္ကသိုလ်ပြတိုက်၊ ဆေးရုံ၊ အားကစားရုံ၊ ဘုရားရှိခိုးကျောင်း စသည်ဖြင့် ဌာနစုံညီစွာ စီမံဖွဲ့စည်းထားသည်။
ဆင်းဟတ်စ် စစ်တက္ကသိုလ် တပ်ခွဲများ
ကောလိပ်တစ်ခုတွင် တပ်ခွဲ လေးခွဲစီရှိပြီး တက္ကသိုလ် တစ်ခုလုံးကို တပ်ခွဲ ၁၂ ခွဲ ဖြင့် ဖွဲ့စည်းထားသည်။ တပ်ခွဲများ၏ အမည်များကို ဗြိတိသျှ တပ်မတော် သမိုင်းတစ်လျှောက် အောင်ပွဲရခဲ့သော တိုက်ပွဲများ၊ အောင်ပွဲရသော နေရာဒေသများကို အစွဲပြု၍ ခေါ်ဝေါ်ထားသည်။
Old College တွင် ဥပမာ- ၀ါတာလူး (Waterloo) တပ်ခွဲ၊ New College တွင် ဥပမာ-ဂါဇာ(Gaza) တပ်ခွဲ၊ Victory College တွင် ဥပမာ-ဘာမား (Burma) ၊ နော်မန်ဒီ (Normandy) နှင့် အာလာမိန်း (Alamein) စသည်ဖြင့် တပ်ခွဲများကို အမည်ပေးထားသည်။ တပ်ခွဲတစ်ခုလျှင် လူ ၁၀၀ ကျော်ရှိရာ စစ်တက္ကသိုလ် တစ်ခုလုံးဆိုလျှင် ဗိုလ်လောင်းဦးရေ ၁၂၀၀ မှ ၁၅၀၀ အတွင်းရှိသည်။

၁၉၄၇ ခုနှစ် ဆင်းဟတ်စ်ဘုရင့် ကောလိပ်ကို ဘုရင့်စစ်တက္ကသိုလ် (The Royal Military Academy Sandhurst) ဟု ပြောင်းလဲခေါ်ဝေါ် ချိန်မှစ၍ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများကို စေလွှတ်ပညာ သင်စေခဲ့သည်။ ၁၉၄၇ ခုနှစ်မှ ၁၉၅၆ ခုနှစ်ထိ စုစုပေါင်း ဗိုလ်လောင်း ၆၅ ဦး တက်ရောက် ပညာသင်ခဲ့သည်။ ၁၉၅၆ ခုနှစ်နောက်ပိုင်း ဗိုလ်လောင်းများ စေလွှတ်ခြင်း မပြုတော့...
ဆင်းဟတ်စ် ကျောင်းဆင်း ကမ္ဘာကျော် ပုဂ္ဂိုလ်များ
ဒုတိယကမ္ဘာစစ်က အာဖရိက စစ်မြေပြင် အယ်လ်အာလာမိန်း တိုက်ပွဲတွင် သဲကန္တာရ မြေခွေးကြီး (Desert Fox) ဟု နာမည်ကျော်သည့် ဂျာမန်ဗိုလ်ချုပ်ကြီး ရွမ်းမဲလ်ကို အနိုင်တိုက်သွားသည့် ဗြိတိသျှ ဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီ (Field Marshal Montgomery) သည် ဆင်းဟတ်စ်ကျောင်းဆင်း ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ပင်လယ်ရပ်ခြား ဗိုလ်လောင်း (Oversea Cadet) များအနက် Sandhurst Intake (10) တွင် တက်ရောက် အောင်မြင်ခဲ့သူ ဂျော်ဒန်ဘုရင် ဟူစိန်သည်လည်း ဆင်းဟတ်စ် ကျောင်းဆင်း ကမ္ဘာကျော် နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဆင်းဟတ်စ်ကျောင်းနှင့် မြန်မာပညာတော်သင်
တက္ကသိုလ်အဆင့် မရောက်သေးမီ ကောလိပ်အဆင့် ကာလ ၁၉၃၀ ပြည့်နှစ်က ဆင်းဟတ်စ် ဗိုလ်သင်တန်းကျောင်းကို တက်ရောက်ခဲ့သူမှာ ဗိုလ်မှူးချုပ် စောကြာဒိုး ဖြစ်သည်။
၁၉၄၇ ခုနှစ် ဆင်းဟတ်စ်ဘုရင့် ကောလိပ်ကို ဘုရင့်စစ်တက္ကသိုလ် (The Royal Military Academy Sandhurst) ဟု ပြောင်းလဲခေါ်ဝေါ် ချိန်မှစ၍ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများကို စေလွှတ်ပညာ သင်စေခဲ့သည်။ ၁၉၄၇ ခုနှစ်မှ ၁၉၅၆ ခုနှစ်ထိ စုစုပေါင်း ဗိုလ်လောင်း ၆၅ ဦး တက်ရောက် ပညာသင်ခဲ့သည်။ ၁၉၅၆ ခုနှစ်နောက်ပိုင်း ဗိုလ်လောင်းများ စေလွှတ်ခြင်း မပြုတော့ပါ။
ဆင်းဟတ်စ် ကျောင်းဆင်း ဒု-ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
မြန်မာ့တပ်မတော်တွင် ဆင်းဟတ်စ် ကျောင်းဆင်း ဗိုလ်မှူးချုပ် စောကြာဒိုး (ကြည်း-၅၁၀၇) သည် (၁၄-၄-၁၉၄၈ မှ ၃၀-၇-၁၉၄၈ ထိ) ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ပထမဦးဆုံးသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးလည်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်တွင် ကွယ်လွန်ခဲ့သည်။
8.1.1
ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်စောကြာဒိုး
ဆင်းဟတ်စ်ကျောင်းဆင်း (ကက) ညွှန်မှူးများ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)အောက်ရှိ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဌာနများ၌ ညွှန်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော ဆင်းဟတ်စ် ကျောင်းဆင်းများမှာ ဗိုလ်မှူးကြီးတင်ကြီး (ကွယ်လွန်) [ကက-၀ယ်] ညွှန်မှူး၊ ဗိုလ်မှူးချုပ် အေဘယ်(ကြည်း-၇၀၈၆) [ကက-၀ယ်] ညွှန်မှူး၊ ဗိုလ်ချုပ်စိန်ရ (ကြည်း-၆၈၀၀) [ကက-ကျင့်] ညွှန်မှူးတို့ ဖြစ်ကြသည်။ မကြာသေးမီက ကွယ်လွန်သွားခဲ့သော တွဲဖက်စစ်ရေးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးအေးကျော် (ကြည်း-၆၅၃၁) သည်လည်း ဆင်းဟတ်စ် ကျောင်းဆင်းတစ်ယောက် ဖြစ်သည်။
ဆင်းဟတ်စ်ကျောင်းဆင်း D.S.A ကျောင်းအုပ်ကြီးများ
ပြင်ဦးလွင်(မေမြို့) စစ်တက္ကသိုလ်တွင် ကျောင်းအုပ်ကြီးများအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသော ဆင်းဟတ်စ် ကျောင်းဆင်းများမှာ ဗိုလ်မှူးကြီး ခင်မောင်တင့် (ကြည်း- ၆၅၃၄) [၁၉၇၅ မှ ၁၉၇၇ အထိ] ဗိုလ်မှူးကြီးအေးကို (ကြည်း- ၆၅၃၃) [၁၉၇၇ မှ ၁၉၇၉ အထိ] နှင့် ဗိုလ်မှူးကြီးစိန်ရ (ကြည်း-၆၈၀၀) [၁၉၈၁ မှ ၁၉၈၂ အထိ] တို့ ဖြစ်ကြသည်။
ဆင်းဟတ်စ် ကျောင်းဆင်းဝန်ကြီး MD နှင့် DG များ
မဆလခေတ် နိုင်ငံခြားရေးဝန်ကြီး ဦးလေးမောင်(ကွယ်လွန်)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဒုဝန်ကြီး ဗိုလ်မှူးကြီးအေးကို (ကွယ်လွန်)နှင့် ကုန်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ကြီး (ကွယ်လွန်)တို့သည် ဆင်းဟတ်စ် ကျောင်းဆင်းများ ဖြစ်ကြသည်။
န၀တခေတ် ကုန်သွယ်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီး ဗိုလ်မှူးချုပ်အေဘယ်သည် (၁၉၅၄-၅၅) ဆင်းဟတ်စ် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သည်။
မဆလခေတ် ဌာနဆိုင်ရာများတွင် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့ကြသော ဗိုလ်မှူးကြီးရွှေသန်း (ငြိမ်း) [ကြယ်ငါးပွင့်နှင့်ရဲချုပ်]၊ ဗိုလ်မှူးကြီးတင်အေး (ငြိမ်း) [ကြွေထည်မြေထည်လုပ်ငန်း၊ စက်မှု-၁]၊ ဒု-ဗိုလ်မှူးကြီး မောင်မောင်အေး (ငြိမ်း) [ဟိုတယ်နှင့်ခရီး] နှင့် ဒု-ဗိုလ်မှူးကြီး သူရမြတ်စိုးညိမ်း (ငြိမ်း) [ဂုံလျှော်လုပ်ငန်း၊ စက်မှု-၁] တို့သည် ဆင်းဟတ်စ်ကျောင်းဆင်း ဖြစ်ကြသည်။
န၀တခေတ် သစ်တောရေးရာ ၀န်ကြီးဌာန အောက်ရှိ စီမံကိန်းနှင့် စာရင်းအင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဒု-ဗိုလ်မှူးကြီးမြတ်သင်း (ငြိမ်း) သည်လည်း ဆင်းဟတ်စ် ကျောင်းဆင်းပင် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis