menu

Friday 25 October 2013

နျူကလီးယား လက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးမည် မဟုတ်ဟု မြောက်ကိုရီးယားပြောကြား

North-Korea-Military ( netnewsledgers)

ပြုံယမ်း၊ အောက်တိုဘာ ၂၄
မြောက်ကိုရီးယားနိုင်ငံအပေါ် ခြိမ်းခြောက်နေသည့် ပြင်ပနျူကလီးယား အန္တရာယ်များကို ဖယ်ရှားမပေးပါက နျူကလီးယား လက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးမည် မဟုတ်ဟု မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန် ကြေညာလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
“ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး ဖြေရှင်းရေးမှာ အပြန်အလှန် တုံ့ပြန် လုပ်ဆောင်ချက်တွေက အခြေခံမူတွေ ဖြစ်နေတာကြောင့် မြောက်ကိုရီးယားတို့က တစ်ဖက်သတ် လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းရှင်းရေးဟု ဆိုရာတွင် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား လက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးသည်ကို ဆိုလိုခြင်း မဟုတ်ဘဲ ကျွန်းဆွယ်အပေါ် သက်ရောက်နေသည့် ပြင်ပ နျူကလီးယား ခြိမ်းခြောက်မှု များကိုလည်း တစ်ပြိုင်နက်တည်း ဖြေရှင်းသွားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နျူကလီးယား လက်နက်များကို ဦးစွာ ဖျက်သိမ်းပေးလျှင် စေ့စပ်မှုများ ပြုလုပ်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယခုလ အစောပိုင်းက ပြောကြားသည်။
ယင်းကဲ့သို့သော ပြောကြားချက်များမှာ မြောက်ကိုရီးယား ပြည်သူများနှင့် တပ်မတော်သားများကို စော်ကားသည့် ပြောကြားချက်များ ဖြစ်ပြီး လုံးဝသည်းခံလိမ့်မည် မဟုတ်ဟု အမျိုးသားကာကွယ်ရေး ကော်မရှင်က အောက်တိုဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံ အပေါ် နျူကလီးယား အရေးနှင့် ပတ်သက်သည့် တာဝန်ယူမှု လွှဲပြောင်း ပေးအပ်လိုက်ခြင်းကို ပြုံးယမ်းက ဝေဖန်လိုက်ပြီး ရန်လိုသည့် မူဝါဒများ ချမှတ်ထားခြင်း ရပ်ဆိုင်းရန် တိုက်တွန်းလိုက်သည်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယား လက်နက်ကင်းရှင်းအောင် လုပ်ဆောင်နိုင်ရေးနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီ လုပ်ဆောင်ပေးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis