menu

Friday 25 October 2013

မန္တလေးဂေါဝိန်ဆိပ် လုယက်မှုများကြောင့် လုံခြုံရေးကြီးကြပ်

news_mdy_mgllkg_mmn

မန္တလေး၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း သီပေါမင်းနှင့် စုဖုရားလတ်တို့ ပါတော်မူချိန် အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည့် သင်္ဘောဆိုက်ကပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး မန္တလေး ဂေါဝိန်ဆိပ်ကမ်း၌ အောက်တိုဘာလအတွင်း လုယက်မှုများရှိလာ၍ လုံခြုံရေးကြီးကြပ် လုပ်ဆောင်လျက်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ တာဝန်ရှိသူထံမှ သိရသည်။
“ညဘက်ကျရင် လှေနဲ့ အုပ်စုလိုက်လာပြီး ကုန်စည် စက်လှေတွေပေါ်က ပစ္စည်းတွေလုတာ တွေ့ရတယ်။ သူတို့ကို မြင်လို့ သူခိုးလို့ လှမ်းအော်တဲ့သူတွေကို လေးခွနဲ့ ပစ်ကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ယခုအောက်တိုဘာလအတွင်း လုယက်မှုလေးမှု ဖြစ်ပွားခဲ့ကာ သုံးမှုမှာ ကုန်တင်ကုန်ချနှင့် လူစီးသင်္ဘောများပေါ်တွင် ဖြစ်ပွားခဲ့ပြီး တစ်မှုမှာ သင်္ဘောဆိပ်ခံပေါ်တွင် ခိုးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းလုယက်မှုများကြောင့် အဆိုပါ ဂေါဝိန်ဆိပ်ကမ်းတွင် ညအချိန်ဆိုက်ကပ် လျက်ရှိသော ကုန်စည်စက်လှေများနှင့် ခရီးသည်တင် သင်္ဘောများကို ညစဉ် ၉ နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲနှင့် အမှတ် (၇) ရဲစခန်းတို့ ပူးပေါင်း၍ ကင်းလှည့် စစ်ဆေးကာ အဆိုပါ သင်္ဘောတွင် လိုက်ပါရန် လက်မှတ် ဖြတ်ထားခြင်း ရှိမရှိကို ကြပ်မတ်စစ်ဆေး လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့ အရင်တုန်းကတော့ ဂေါဝိန်ဆိပ်ဘက်က မြင်းလှည်းတို့၊ အငှား ကားတို့ကနေ လိုက်ပို့ပေးမယ်ဆိုပြီး ပစ္စည်း ခိုးယူကြတာတွေတော့ ကြုံဖူးပါတယ်။ ခုနောက်ပိုင်းတော့ မဖြစ်တော့ပါဘူး၊ မရှိတော့သလောက်ပဲ၊ ခုပြန်ကြုံရတယ်ဆိုတော့ အံ့သြတယ်” ဟု မန္တလေးမှ ဗန်းမော်သို့ သွားလာလျက်ရှိသော ဗန်းမော်မြို့ဇာတိ ဦးလှမင်းဟန်က ဆိုသည်။
မန္တလေးဂေါဝိန်ဆိပ်မှ အထက် မြန်မာပြည်သို့ ကုန်စည်ပို့ဆောင်ရေးတွင် ကုန်စည်ရရှိမှု ပြည့်မီသော်လည်း ဗန်းမော်မှ မန္တလေးသို့ ကုန်စည် ပို့ဆောင်ရေးတွင် ကုန်စည်ရရှိမှု နည်းပါးလျက် ရှိကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။
မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် နေထိုင်လျက်ရှိသော ကျူးကျော်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ အောက်တိုဘာလကုန် နောက်ဆုံးထား ဖယ်ရှားခိုင်းလျက် ရှိကြောင်း အဆိုပါ ဂေါဝိန်ဆိပ်နေ ကျူးကျော်များက  ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis