menu

Friday 25 October 2013

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းဖြင့် ငှားရမ်းခွင့်ပြု

Photo: မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းဖြင့် ငှားရမ်းခွင့်ပြု

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန်အတွက် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ငှားရမ်းခွင့်ပြု ထားကြောင်း သိရသည်။

မန္တလေးဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ် အထိနှင့် ခေါင်မိုးလဟာပြင် အထပ်များကို နှစ်ရှည်စာချုပ်ဖြင့် ဟိုတယ်ဖွင့်လှစ်ရန် ငှားရမ်းခွင့်အား ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး လုပ်ကိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခု အနက်မှ ယခုနှစ် ဧပြီလ အတွင်း၌ Adventure Myanmar Group ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။

''လုပ်ကိုင်ခွင့်ပြုဖို့ ရွေးချယ်ပြီးပါပြီ လုပ်ထုံးလုပ်နည်း တွေအရ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီကနေ လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသေးစိတ် ပြန်လည် တင်ပြဖို့ အချက်တွေ ကျန်နေသေးတယ်။ အဲဒီအချက်တွေ တင်ပြပြီး ကော်မရှင်က ခွင့်ပြုတာနဲ့ စာချုပ်စချုပ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၃)မှ စီးပွားရေး မန်နေဂျာက ပြောကြားသည်။

လုပ်ကိုင်ခွင့် ရွေးချယ်ခြင်းကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ရုံးတွင်ပြုလုပ်ခဲ့ပြီး ကြမ်းခင်းဈေး သတ်မှတ်ခြင်း မရှိဘဲ ကုမ္ပဏီများမှ တင်သွင်းသည့် လုပ်ငန်းစဉ်၊ ဒီဇိုင်းနှင့် ငွေပမာဏများကို စိစစ်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေး ဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ်အထိ သုံးလွှာနှင့် ခေါင်မိုးပြင်မှာ စုစုပေါင်း ဧရိယာ ၁၆၀၉၄၈ စတုရန်းပေ အကျယ်အ၀န်းရှိပြီး နှစ် ၃၀ စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မန္တလေးမြို့၌ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် ပုပ္ပားဟိုတယ် အမှတ် (၁) နှင့် အမှတ်(၂)ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းလုပ်ကိုင် ခွင့်ပြုရန် အတွက် တင်ဒါခေါ်ယူမှုများ ပြုလုပ်နေကြောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကာ သုံးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(မန္တလေး ဘူတာကြီးအား တွေ့ရစဉ်)

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis