menu

Tuesday 15 October 2013

စားသောက်ဆိုင်များတွင် ဗုံးကြိုတင်ကာကွယ်ရန် အသိပညာပေးမှု ပြုလုပ်


အေးမြင့်စန်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၂၂ မိနစ်

စားသောက်ဆိုင်ပိုင်ရှင်များအား ဗုံးနှင့်ပက်သက်၍ လုံခြုံရေးအသိရှိရန် ပြည်ထဲရေးဝန်ကြီးဌာနရှိ ရဲတပ်ဖွဲ့ဝင်များထံက ဗုံးကြိုတင်ကာကွယ်ခြင်းဆိုင်ရာအသိပညာပေးခြင်းကို အောက်တိုဘာလ၁၅ရက်က ရန်ကုန်မြို့ အင်းယားလမ်းရှိ စိမ်းလန်းစိုပြေဥယျာဉ်တွင် ပြုလုပ်ခဲ့သည်။

“ဗုံးနဲ့ပက်သက်ရင် ကိုယ်တိုင်ဖြေရှင်းလို့မရတဲ့အတွက် ကျွမ်းကျင်တဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကူအညီ လိုအပ်ပါတယ်။ အသင်းဝင်ထားတဲ့ဆိုင်တွေ ဗုံးကြိုတင်ကာကွယ်ရေး သတင်းအချက်လက်တွေ ရအောင် ရဲတပ်ဖွဲ့နဲ့တွေ့ဆုံမှုလေး လုပ်ဖြစ်တာပါ” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးနေလင်းက ပြောသည်။

လူစည်ကားသည့် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် လူအများအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲမှုများပြုလုပ်မည့် သတင်းများရထားသည်ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဇော်ဝင်းကပြောသည်။


၎င်းက“ ဗုံးပေါက်ကွဲမှုတွေ အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ ညွှန်ကြားထားပါတယ်၊ ဗုံးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို သတင်းတပ်ဖွဲ့တွေ၊ စစ်ဘက်ဆိုင်ရာအဖွဲ့တွေက ရလာတဲ့သတင်းတွေကို ဖလှယ်ပြီးမှ အထက်ကိုတင်ပြအတည်ပြုပြီး သတင်းကို ထိန်းသိမ်းပါတယ်။ အထိတ်တလန့်ဖြစ်စေနိုင်တဲ့အတွက် ပြည်သူကိုတိုက်ရိုက်ချမပြပါဘူး”ဟု ပြောသည်။

ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ရက်နှင့် ၁၄ရက်များတွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းနှင့် သာကေတမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ၊ အလုံမြို့နယ်ရှိ Western Park 2 စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိမှုတွင် သံသယရှိသူများကို စစ်ဆေးလျက်ရှိနေသည်။

"အခုလောလောဆယ်တော့ ဒီပေါက်ကွဲမှုတွေမှာ မင်္သကာစရာဆိုပြီး ဖမ်းထားတာ သုံးယောက်ရှိတယ်၊ သူတို့ကိုစစ်ဆေးနေတယ်။ တရားခံလို့ ယူဆရသူ တစ်ယောက်ကို ဖမ်းထားတယ်၊ သူတို့နဲ့ပတ်သတ်တဲ့ အချက်တွေနာမည်တွေကိုတော့ မပြောပြနိုင်သေးဘူး။ ကွင်းဆက်ပျောက်သွားမှာစိုးလို့ပါ။ ထပ်ပြီးလည်း ဆောင်ရွက်နေတယ်။ အဆင့်ဆင့် အဆက်မပြတ်သွားအောင်လည်း လုပ်ဆောင်နေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဦးစီး(၂) ဌာနခွဲမှူး ရဲမှူး မြင့်ထွေးက မဇ္ဈိမကို ပြောသည်။

ရဲတပ်ဖွဲ့များသည် လှည့်ကင်းများဖြင့် မသကာင်္ဖွယ်ရာ ယာဉ်များကို စစ်ဆေးလျက်ရှိနေပြီး လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်အင်အားကို ထပ်တိုးချဲ့နိုင်ခြင်းမရှိသေးသဖြင့် လုပ်အားကို တိုးမြှင့် လုပ်ဆောင်နေသည်ဟုပြောသည်။

ထို့အပြင် အောာက်တိုဘာလ ၁၄ရက်က မန္တလေးမြို့ ကျုံးအနောက်ဘက် ၁၆လမ်းနှင့် လမ်း ၈၀ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် ထပ်မံ၍ ဗုံးတွေ့ရှိခြင်းကြောင့် စားသောင်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြည်ထဲရေးဝန်ကြီးဌာနရှိ ရဲတပ်ဖွဲ့ဝင်များကို ဗုံးကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းပြုလုပ်ပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis