menu

Tuesday 15 October 2013

အင်းလျားကန်ဘောင်အနီး မသင်္ကာဖွယ်အထုပ်နှစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှရှင်းလင်း

အောက်တိုဘာလ(၁၄) ရက်နေ့ ညနေ (၆)နာရီခွဲ အချိန်တွင် လှိုင်မြို့နယ်၊ တံတားဖြူမှတ်တိုင် အနီးတွင် ဗုံးဟု ယူဆရသော မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ်အား တွေ့ရှိခဲ့သဖြင့်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ မသင်္ကာဖွယ်ရာ အထုပ်(၂) ထုပ်မှာ သတင်းစာ စက္ကူများဖြင့် စနစ်တကျ လေးထောင့်ပုံစံ ထုပ်ပိုးထားပြီး မှတ်တိုင် ခရီးသည်ထိုင်ခုံဘေးတွင် ချထားခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးက ဆိုသည်။
“မသင်္ကာစရာ အထုပ်(၂) ထုပ် တွေ့လို့ အမှတ်(၉၀၅)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို အကြောင်းကြားပြီး ရှင်းလင်းခဲ့တာပါ” ဟု အဆိုပါ တာဝန်မှူးက ပြောသည်။
အဆိုပါ မသင်္ကာဖွယ်ရာအထုပ်နှစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးမျိုးဟိန်းစိုးနှင့်အဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့်မိနစ်အနည်းခန့်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးသက်ဆိုင်ရာမှလာရောက်ရှင်းလင်းခဲ့သဖြင့်ယာဉ်သွားလာမှု ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက် ရှိခဲ့သည် ဟု အင်းယား ကန် အနီး တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အောက်တိုဘာ (၁၄) ရက်နေ့ နံနက်ပိုင်းတွင်လည်း အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်ရှိ Western Park IIစားသောက်ဆိုင်အတွင်း ဗုံးဟုယူဆရသော အထုပ်တစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှသိမ်ဆည်းခဲ့သည်။
ထို့အပြင် မန္တလေးမြို့တွင် အောက်တိုဘာ(၁၄)ရက်နေ့ မွန်းလွဲပိုင်း၌လည်း အမေရိကန်နိုင်ငံထုတ် M67 အမျိုးအစား ဗုံးတစ်လုံးအား ဓါတ်ခဲများဖြင့်ချိတ်ဆက်ထား သည်ကို ရွှေဘဲစားသောက် ဆိုင်အနီး၌ တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာမှ Water Cannon စနစ်ဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ရသေးသည်။
အောက်တိုဘာ (၁၃)ရက်နေ့တွင်လည်း ရန်ကုန်မြို့တွင် ဗုံးကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။

Shwe MyitMaKha News Agency

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis