menu

Tuesday 15 October 2013

ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့်

Photo: ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့်

ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှု အားအကောင်းဆုံးနှင့် လူဦးရေ အထူထပ်ဆုံး မြို့ကြီးနှစ်မြို့ ဖြစ်သော ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က လက်လုပ် ချိန်ကိုက်ဗုံး နှစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ သတင်းထောက်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဗုံးလေးလုံး တွေ့ရှိကာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၏ ငါးလုံးမြောက် ဗုံးတစ်လုံးကို အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Western Park II စားသောက်ဆိုင်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းစားသောက်ဆိုင်မှ စားပွဲအမှတ် ၁၉ အောက်တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော အမည်းရောင် အထုပ်တစ်ထုပ်ကို ဆိုင်ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ရာမှ ယင်းအထုပ်ကို ဆိုင်ပြင်သို့ ထုတ်ထားပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းစားသောက်ဆိုင် လုံခြုံရေး ဝန်ထမ်းတစ်ဦးက The Vocie သို့ ပြောကြားသည်။

ယင်းပလတ်စတစ်အိတ် အမည်းထဲတွင် ဝါယာကြိုးနှစ်စ၊ ဒိုင်ခွက်တစ်ခုနှင့် အတွင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး အဆိုပါဗုံး၏ အမျိုးအစားနှင့် ပြင်းအားကို အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ကျွမ်းကျင်သူများက အသေးစိတ် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဗုံးရှင်းလင်းရေးတွင် ပါဝင်ခဲ့သည့် အကြီးတန်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့် ဈေးဝယ်ကုန်တိုက်တွင် အရောင်းမြှင့်တင်ရေး လာရောက် လုပ်ကိုင်သည့် အလှကုန်ပစ္စည်း ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ လက်ကမ်းစာစောင်များ ထည့်ထားသည့် စက္ကူပုံးတစ်ပုံး ယာဉ်ရပ်နားရာ နေရာတွင် မေ့ကျန်ခဲ့ရာမှ ကုန်တိုက်မှ လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့ပြီး မသင်္ကာ၍ ရဲစခန်းကို အကြောင်းကြားခဲ့သောကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ စက္ကူပုံး အတွင်းတွင် လက်ကမ်းကြော်ငြာ စာရွက်များကိုသာ တွေ့ရှိခဲ့ရကြောင်း၊ ယင်းကဲ့သို့ လူစုလူဝေးများသည့် ကားရပ်နားဝင်းတွင် ဖြစ်ပေါ်နေသော်လည်း အဆိုပါ ကုမ္ပဏီမှာ ဝန်ထမ်းမှာ သုံးဦးသာ ထားရှိခဲ့သဖြင့် သွားရောက် ကြည့်ရှုနိုင်ခြင်းမရှိဘဲ စစ်ဆေးဖော်ထုတ်ပြီးမှသာ ၎င်းတို့ အထုပ်မှန်း သိရှိခဲ့ကြောင်း မရမ်းကုန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် ဝင်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းဒေါင့် ရွှေဘဲစားသောက်ဆိုင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် စားပွဲထိုး ဦးအောင်သက်ဝေက စားပွဲနံပါတ် ၁၄ အောက်တွင် ကြွပ်ကြွပ်အိတ် အမည်းဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဖြည်ကြည့်ရာမှ ဗုံးတွေ့ရှိခဲ့သဖြင့် အမှတ် (၅) ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ သိရသည်။
“လက်ပစ်ဗုံးကို အမှတ် (၁) စစ်နယ်မြေ အထူးမိုင်းရှင်းလင်းရေး အဖွဲ့က မွန်းလွဲ ၃ နာရီ အချိန်မှာ Water Canon (အားပြင်းရေပိုက်) နည်းနဲ့ ရှင်းလင်း ဖျက်ဆီးခဲ့တယ်။ ဖျက်ဆီးပြီးတဲ့နောက် ဆက်လက်ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ကြတယ်။ ထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ဘူး။ ဆိုင်ထဲကို စစ်ဆေးတော့ ဒီဗုံးကို တွေ့ရှိခဲ့တဲ့ စားပွဲဝိုင်းမှာ နေ့လယ် ၁၂ နာရီ ပတ်ဝန်းကျင်လောက်က အမျိုးသားနဲ့ အမျိုးသမီးတစ်ဦး လာစားသောက်ကြတယ်လို့ သိရတယ်။ သူတို့နှစ်ယောက် စားသောက်နေတုန်းကကို ဒီအထုပ်က သူတို့ထိုင်ခုံအောက်မှာ ရှိနေခဲ့တယ်လို့ ဒီဗုံးအိတ်ကို တွေ့ခဲ့တဲ့ စားပွဲထိုးက ထွက်ဆိုခဲ့တယ်။ အခုတော့ စုံစမ်းစစ်ဆေးဆဲပဲ ဖြစ်ပါတယ်” ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင် အတွင်းမှ တွေ့ရှိရသည့် လက်ပစ်ဗုံးကို အများပြည်သူ မထိခိုက်စေရန်အတွက် အမှတ် (၁) စစ်နယ်မြေ အထူးမိုင်းရှင်းလင်းရေး အဖွဲ့က ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ဆိုင်၏လမ်းတစ်ဖက်ရှိ ပလက်ဖောင်းပေါ်တွင် သဲအိတ်များ ကာရံကာ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အလားတူ ဆိပ်ကမ်းမြို့နယ် ကမ်းနားလမ်းရှိ ဒလ - ရန်ကုန်သို့ သွားရောက်ရန် ခရီးသည် ပြေးဆွဲနေသည့် နန်းသီတာ ဆိပ်ကမ်းတွင် အဆိုပါ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က မြောင်းမြမြို့နယ်တွင် သီတင်းသုံး နေထိုင်သည့် သံဃာတစ်ပါးက ကွမ်းခြံကုန်းမြို့နယ်ရှိ ၎င်းနေရပ်သို့အပြန် နန်းသီတာ ဆိပ်ကမ်းတွင် လက်ဆွဲအိတ် ကျန်ခဲ့ရာမှ ဗုံးလန့်မှု ထပ်မံဖြစ်ပွားပြီး တာဝန်ရှိသူများက စစ်ဆေးနေစဉ် ညနေ ၄ နာရီ အချိန်ခန့်တွင် လက်ဆွဲအိတ်ပိုင်ရှင် သံဃာတော်က ၎င်းမေ့ကျန်ခဲ့သည့် ပစ္စည်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စစ်ဆေးခဲ့ရာ မှန်ကန်သောကြောင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောကြားသည်။

မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင် အတွင်းမှ တွေ့ရှိရသည့် လက်ပစ်ဗုံးကို ဖောက်ခွဲ ဖျက်ဆီးပြီးနောက် ဆက်လက် စစ်ဆေးနေချိန် ညနေ ၄ နာရီ ပတ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၆၂ လမ်း၊ ၂၉ ထ ၃၀ လမ်းကြား ပြည်ကြီးမျက်ရှင်ရပ်၊ ဝေပုလ္လာရာမ မက္ခရာ ကျောင်းတိုက်ရှေ့တွင် အမည်းရောင် လွယ်အိတ်တစ်လုံး စွန့်ပစ်ထားသည်ကို ဗုံးဟုယူဆသဖြင့် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့သော်လည်း မပေါက်ကွဲသဖြင့် အိတ်ကို ဖွင့်ကြည့် စစ်ဆေးရာ အိတ်အတွင်းတွင် ဗုံးဟုယူဆရသော ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရဘဲ အမျိုးသမီး စကတ်တစ်ထည်နှင့် စာရွက်စာတမ်းများသာ တွေ့ရှိခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“မန္တလေးမြို့ ညလုံခြုံရေးအတွက် လှည့်ကင်းတွေ၊ ဝပ်ကင်းတွေ ချထားပါတယ်။ ကျောက်တော်ကြီး ဘုရားပွဲမှာလည်း လုံခြုံရေး ချထားပါတယ်။ ညပိုင်းမြို့နယ် အားလုံးမှာလည်း ဧည့်စာရင်းစစ်မယ်၊ ဒုစရိုက်သမားတွေ ခိုအောင်းနိုင်တဲ့နေရာ၊ မသင်္ကာတဲ့ နေရာတွေကို စစ်ဆေးဖို့ ရှိတယ်၊ လက်ပစ်ဗုံးနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲပဲ။ မသင်္ကာတဲ့သူ လောလောဆယ် ခန့်မှန်းလို့ မရသေးဘူး” ဟု မန္တလေးခရိုင် ရဲရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီခန့်က အင်းလျားကန်ပေါင်ရှေ့ တံတားဖြူမှတ်တိုင် အနီးတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာစရာ အထုပ်တစ်ထုပ် တွေ့ရှိကြောင်း ပြည်သူတစ်ဦးက အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ အိတ်ထဲတွင် သတင်းစာ စက္ကူများသာ တွေ့ရှိခဲ့ကြောင်း လှိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“နိုင်ငံခြား ရုပ်ရှင်ကားတွေထဲကလို လုံခြုံရေးတွေ အပြည့်ယူထားပြီး စစ်တပ်ရော၊ ရဲတွေရော၊ စီအိုင်ဒီတွေကိုပါ တွေ့ရတော့ ဗုံးအစစ်ဆိုပြီး ကျွန်တော်တို့ တော်တော်ကို လန့်သွားတာ” ဟု အဆိုပါ အခင်းဖြစ်ပွားရာ အနီးတွင် ယာဉ်ကြော ပိတ်ဆို့၍ ထိတ်လန့်ခဲ့ရသူ ဦးကြည်လွင်က ဆိုသည်။

ဗုံးပေါက်ကွဲမှုများမှာ သီတင်းကျွတ် ကာလနှင့် တိုက်ဆိုင်လျက် ရှိသောကြောင့် မော်တော်ယာဉ်နှင့် ဧည့်သည် ဝင်ထွက်မှုများကို တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ပြီး ဗုံးပေါက်ကွဲသံနှင့် ဗြောက်အိုးဖောက်သံ တို့သည် ဆင်တူသောကြောင့် အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် ဗြောက်အိုး ရောင်းချခြင်း၊ ဖောက်ခြင်းများကို ယခင်ထက် ပိုမိုတားမြစ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုလ ၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြိုနယ်တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့နယ်ရှိ တည်းခိုခန်းတစ်ခုရှိ ပလတ်စတစ်အိတ် တစ်လုံးကို ရဲတပ်သားတစ်ဦးက ဖွင့်ကြည့်ခဲ့ရာမှ ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါ ရဲတပ်သားနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြားအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း မှတ်တိုင်အနီးတွင် စားပွဲတင်နာရီဖြင့် ပြုလုပ်ထားသည့် လက်လုပ် ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အခင်းဖြစ်ရာ အနီးတစ်ဝိုက်တွင် ယင်းကဲ့သို့ ဗုံးတစ်လုံး ထပ်မံတွေ့ရှိကြောင်း၊ အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် သာကေတမြို့နယ် မာန်ပြေရပ်ကွက်ရှိ ယမုံနာ လျှပ်စစ်ပစ္စည်းဆိုင် အနီးတွင် စားပွဲတင်နာရီဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းအနီးတွင်ပင် အလားတူ ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis