menu

Tuesday 15 October 2013

ချင်းတွင်းတံတားအနီး ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်


မုံရွာ၊ အောက်တိုဘာ ၁၄

မုံရွာမြို့မှ ဟုမ္မလင်းမြို့နယ် နမ့်တောသို့ ထွက်ခွာလာသော သစ်သားခွံ သန်းကြွယ်မိုး ကုန်တင်ရေယာဉ်သည် အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်က ချင်တွင်းတံတား (မုံရွာ) အနီးတွင် မြစ်ရေ အတွင်း မြုပ်၍ မျောပါလာသည့်တုံးကို တိုက်မိပြီး ရေဝင်ကာ နစ်မြုပ်သွားခဲ့ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
“ကျွန်တော်တို့ သိရတာကတော့ ညပိုင်း ၉ နာရီ ဝန်းကျင်မှသိရတာ။ တံတားအောက်မှာ မြုပ်ပြီး မျောပါလာတဲ့တုံးနဲ့ တိုက်မိပြီး ရေယာဉ်ရဲ့ဝဲဘက်အောက်မှာ ထိခိုက်မိတာပါ။ ရေဝင်ပြီး မော်တော်က ရေစီးနဲ့အတူ မျောပါလာပြီးတော့ ယင်းမာပင်ခရိုင် စုန်းကျင်းကျေးရွာ အောက်ဘက်မှာ သုံးပုံ နှစ်ပုံလောက် နစ်သွားတယ်” ဟု သွားရောက် စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှု ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။


နစ်မြုပ်ခဲ့သည့် မော်တော်ပေါ်တွင် စားသုံးဆီပီပါများ၊ ဒီဇယ်ဆီ ပီပါများနှင့် စားသောက်ကုန် ပစ္စည်းများ တင်ဆောင်လာပြီး ပစ္စည်းအချို့ ဆုံးရှုံးမှုရှိခဲ့ကာ မော်တော်နစ်မြုပ်မှုကြောင့် သေဆုံးသူ မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မော်တော်ပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းအားလုံးမှာ ပိဿာချိန် နှစ်သောင်းနီးပါးခန့် ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ နီးပါးခန့်ရှိကာ ရေယာဉ် လုပ်သားငါးဦး ပါရှိခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis