menu

Saturday 12 October 2013

မြန်မာ လက်မှတ်မထိုးထားသည့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရ

Photo: မြန်မာ လက်မှတ်မထိုးထားသည့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရ

၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ပေးအပ်ချီးမြှင့်လိုက်သည်။ 

ဓာတုလက်နက် ဖျက်သိမ်းရေးတွင် OPCW အဖွဲ့က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တွင် နိုင်ငံပေါင်း ၁၉၀ က ဓာတုလက်နက် တားမြစ်ရေး အဖွဲ့တွင် ပါဝင်လက်မှတ် ရေးထိုးထားသော်လည်း မြန်မာ၊ အစ္စရေး၊ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့က ဓာတုလက်နက် တားမြစ်ရေး စာချုပ်ကို လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ရေး ကော်မတီ၏ ထုတ်ပြန်ချက်၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ချီးမြှင့်ရန် နော်ဝေ နိုဘယ်လ် ကော်မတီက ဆုံးဖြတ်ခဲ့သည်။ ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးကို OPCW အဖွဲ့က ပြင်းပြင်းထန်ထန် ကြိုးပမ်း လုပ်ဆောင်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခြင်း ဖြစ်သည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈) ကာလအတွင်း ဓာတုလက်နက် ပမာဏ အမြောက်အမြား အသုံးပြုခဲ့ကြသည်။ ၁၉၂၅ ဂျနီဗာ သဘောတူညီချက်တွင် ဓာတုလက်နက် အသုံးပြုခြင်းကို တားမြစ် ထားသော်လည်း ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ သိုလှောင် သိမ်းဆည်းခြင်းများကို ပိတ်ပင်မှု မရှိပေ။ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဟစ်တလာ၏ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ဓာတုလက်နက် အသုံးပြုမှုများ ရှိခဲ့သည်။ ယင်းနောက်ပိုင်း ကာလများတွင်လည်း ဓာတုလက်နက်များကို နိုင်ငံများသာမက အကြမ်းဖက် သမားများကလည်း အသုံးပြု တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ၁၉၉၂-၉၃ ခုနှစ်တွင် ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းများကိုပါ တားမြစ်သည့် သဘောတူညီချက် တစ်ရပ် ချမှတ်ခဲ့သည်။ ယင်းသဘောတူညီချက်မှာ ၁၉၉၇ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ ယင်းနောက်ပိုင်း ကာလများမှစ၍ OPCW အဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဓာတုလက်နက် ဖျက်ဆီးမှုများ၊ အခြားသော နည်းလမ်းများဖြင့် ဓာတုလက်နက် တားမြစ်ရေး သဘော တူညီချက် အကောင်အထည် ပေါ်လာစေရန် လုပ်ဆောင်ခဲ့သည်။ ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်ကို လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက လက်ခံအတည်ပြုထားသည်။

ဓာတုလက်နက် အသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် မညီကြောင်း  OPCW အဖွဲ့နှင့် ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တို့က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဆီးရီးယားနိုင်ငံတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်သုံး တိုက်ခိုက်မှုများက ယင်းလက်နက်များ ဖျက်ဆီးရေး ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမောင်းထိုး ဖော်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း အချို့ သော ကမ္ဘာ့နိုင်ငံများမှာ OPCW အဖွဲ့ဝင်များ မဟုတ်ခြင်းကြောင့် ဓာတုလက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင်ခြင်း မရှိသေးပေ။ အချို့သော နိုင်ငံများမှာ ဓာတုလက်နက် ဖျက်သိမ်းပေးရေး နောက်ဆုံး သတ်မှတ်ရက် ကာလဖြစ်သော ၂၀၁၂ ဧပြီ သတ်မှတ်ချက် ကျော်လွန်လာပြီ ဖြစ်သော်လည်း ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဖြစ်သည်။

လက်နက် ဖျက်သိမ်းရေးမှာ အဲဖရက် နိုဘယ်လ်၏ အဓိက စိတ်ဆန္ဒတစ်ရပ် ဖြစ်သည်။ နော်ဝေ နိုဘယ်လ် ကော်မတီကလည်း နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး လိုအပ်သည်ကို ဆုအမျိုးမျိုး ပေးအပ်ခြင်းဖြင့် အသားပေး ဖော်ပြပေးနေသည်။ OPCW အဖွဲ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ခြင်းဖြင့် ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးတွင် ကော်မတီက တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis