menu

Saturday 12 October 2013

ပဋိပက္ခတွင် ဖမ်းဆီးခံရသူ သံတွဲ RNDP ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦး ကို ကျောက်ဖြူထောင်ပြောင်း


ရန်ကုန်၊ အောက်တိုဘာ ၁၁

လူခုနှစ်ဦး သေဆုံးခဲ့သည့် သံတွဲ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးထားသူများအနက် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၁၇ ဦးကို သံတွဲခရိုင် အကျဉ်းထောင်မှ ကျောက်ဖြူခရိုင် အကျည်းထောင်သို့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြောင်းရွှေ့ခဲ့ကြောင်း RNDP ပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။

RNDP ဥက္ကဋ္ဌနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်သော အဆိုပါ ၁၇ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် တစ်နာရီ ဝန်းကျင်တွင် ကျောက်ဖြူထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျောက်ဖြူ ခရိုင်ထောင်သို့ ပြောင်းရွှေ့ခြင်းမှာ မှန်ကန်ကြောင်း၊ သို့သော်လည်း လူဦးရေ စာရင်းနှင့် ပြောင်းရွှေ့ရသည့် အကြောင်းအရင်းကို မသိရှိကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။


ပြစ်မှုဆိုင်ရာ ဥပဒေအရ ဖမ်းဆီး စစ်ဆေးနေသည့် အမှုခိုင်လုံမှု မရှိသေးသည့် အချိန်ကာလတွင် နေရာဒေသ ပြောင်းလဲ ချုပ်နှောင်ခြင်း ပြုလုပ်၍ မရသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် တပ်မတော် အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည့် စနစ်ကို ပြန်လည် ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ဝေဖန်သည်။

သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌမှာ မီးရှို့မှုဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်ကြောင်း RNDP ပါတီထံမှ သိရှိရသည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦး အပါအဝင် လူပေါင်း ၆၀ ကို ဖမ်းဆီး စစ်ဆေးနေကြောင်း၊ အဆိုပါ အကြမ်းဖက်မှုကြောင့် လူခုနစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရရှိကာ လူပေါင်း ၅၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis