menu

Saturday 12 October 2013

ဆီးရီးယား သူပုန်များ အရပ်သားရာချီ သတ်ဖြတ်ခဲ့သည့် အထောက်အထား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပထမဆုံးတွေ့

Photo: ဆီးရီးယား သူပုန်များ အရပ်သားရာချီ သတ်ဖြတ်ခဲ့သည့် အထောက်အထား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပထမဆုံးတွေ့

ဒမတ်စကတ်၊ အောက်တိုဘာ ၁၁

၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆီးရီးယား သူပုန်များသည် သြဂုတ်လက လာတာကီယာ ပြည်နယ်တွင် ထိုးစစ်ဆင် တိုက်ခိုက်စဉ်က အရပ်သား ၁၉၀ ခန့်ကို သတ်ဖြတ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရကြောင်း၊ ယင်းကိစ္စသည် ဆီးရီးယားသူပုန် များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် ပတ်သက်၍ ပထမဆုံး တွေ့ရှိရသော အထောက်အထား ဖြစ်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားလိုက်သည်ဟု  Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား သူပုန်အဖွဲ့သည် သြဂုတ် လ ၄ ရက်နေ့က ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံသော တပ်ဖွဲ့များရှိရာ အဆိုပါ ပြည်နယ်ရှိ ကျေးရွာ များသို့ အရုဏ်တက်ချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သူပုန်အဖွဲ့သည် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

“တချို့နေရာတွေမှာဆိုရင် ထွက်ပြေးတဲ့ တစ်မိသားစုလုံးကို သေနတ်နဲ့ ပစ်သတ်တာမျိုးတွေ ရှိပါတယ်။ သူတို့ရဲ့ သွေးတွေကို အခုထိ တွေ့နိုင်တုန်းပဲ ရှိပါသေးတယ်” ဟု နယူးယောက် အခြေစိုက်  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့သည် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ လာတီကီရာ ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ တိုက်ခိုက်ရန် ထောက်ပံ့ပေးခြင်း၊ အစီအစဉ် ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သော သူပုန်အဖွဲ့ ငါးဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အဖွဲ့များမှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော ဂျပ်ဟပ်အယ်လ်နူဆာ အဖွဲ့၊ အီရတ် အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့၊ လီဗန့်သူပုန် အုပ်စု၊ အစ္စလာမ္မစ်အုပ်စု တစ်ခုဖြစ်သော  အာရာအယ်လ်ရှန်နှင့် ပြည်ပဂျီဟတ် တိုက်ခိုက်ရေး အုပ်စုတို့ ဖြစ်ကြသည်။

အဆိုပါ အုပ်စုများက ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့ ပါဝင်ကြောင်း ဗီဒီယိုဖြင့် လည်းကောင်း၊ ကြေညာချက်များ ထုတ်၍ လည်းကောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ဆီးရီးယား အစိုးရနှင့် သူပုန်တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ပြည်တွင်း စစ်သည် အချိန်ကာလအားဖြင့် ၂ နှစ်ကျော် ကြာမြင့်ကာ လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီသော ပြည်သူများမှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယား မြို့တော် ဒမတ်စကတ် အနီးရှိ ဆင်ခြေဖုံးဒေသကို ဆီးရီးယား အစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု ယူဆခဲ့ပြီးနောက် အမေရိကန်က စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်သည်အထိ ပြုလုပ်ရန် စဉ်းစားခဲ့သည်။

သို့သော် ဆီးရီးယား အစိုးရက ၎င်းတွင်ရှိသော ဓာတုလက်နက်များကို ကုလသမဂ္ဂအား ဝင်ရောက် စစ်ဆေးခွင့် ပေးခဲ့ပြီးနောက် အမေရိကန်၏ စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်မည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis