menu

Saturday 12 October 2013

၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်မရှင် ဥက္ကဌပြော

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လိုအပ်တဲ့အခြေခံမူတွေကို ဒီနှစ် ဒီဇင်ဘာလမှာ အပြီးရေးဆွဲမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။

၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလို ခါးသီးတဲ့ အတွေ့အကြုံမျိုးတွေ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မကြုံရအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကလည်း လွန်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ မဲမသမာမှုတွေ၊ ကြိုတင်မဲပြဿနာတွေကို လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဖြစ်အောင်ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံနိုင်ဖို့ ပေးသွင်းရတဲ့ ငွေကျပ် ၅သိန်းနဲ့ ရွေးကောက်ပွဲနောက်ပိုင်း တရားစွဲချင်တဲ့အခါ ပေးရတဲ့ငွေကျပ် ၁ဝသိန်းတို့ကိုလျှော့ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေး ပါတီ ၃၆ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis