menu

Tuesday 15 January 2013

တော်စတွိုင်းရဲ့ခြောက်ပေနဲ့ တို့ပိုင်တဲ့မြေ(ရေးသားသူ- မောင်သာချို)

Photo: တော်စတွိုင်းရဲ့ခြောက်ပေနဲ့ တို့ပိုင်တဲ့မြေ

ရေးသားသူ- မောင်သာချို

(တစ်)
တချို့တလေက Tolstoy ဟု စာလုံးပေါင်းကာ တချို့တလေကမူ Tolstoi ဟု စာလုံးပေါင်းတတ်ကြသော ကမ္ဘာကျော် ရုရှားစာရေးဆရာကြီးကို
မြန်မာတို့က တော်စတွိုင်းဟု မြန်မာအသံထွက်ဖြင့် ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ စင်စစ် သူ့နာမည်အပြည့်အစုံက ကောင့်လီယိုတော်စတွိုင်း (Count Leo Tolstoy)။ ကမ္ဘာ့စာပေကို လေ့လာလိုက်စားသူ မြန်မာစာချစ်သူတို့ ရုရှားစာအုပ်များကို ဘာသာပြန်များမှတစ်ဆင့် ဖတ်ရှုခံစားခဲ့ကြရာ တော်စတွိုင်းသည် မြန်မာကြိုက် ရုရှားစာရေးဆရာများထဲ၌ ထိပ်တန်းပုဂ္ဂိုလ်ပင်ဖြစ်ပါသည်။ ၁၈၂၈ မှာမွေး၍ ၁၉၁၀ ၌ ကွယ်လွန်သူ စာရေးဆရာကြီး။

စစ်နှင့်ငြိမ်းချမ်းရေး (War and Peace)ကို ကျွန်တော်တို့ ကောင်းကောင်းသိပါသည်။ အဲန်နာကရီနာ (Anna Karenina)ကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိပါသည်။ ထို့ပြင် အခြားအခြားသော ၀တ္ထုတိုရှည်နှင့် အတွေးအခေါ် အယူအဆဆိုင်ရာ စာပေလက်ရာများ။

မြန်မာကြိုက်တော်စတွိုင်း၏ ၀တ္ထုတိုလက်ရာများစွာတို့အနက် How much Land Does a man need ဟူသည့် ၀တ္ထုတိုက အလွန်ထင်ရှားပါသည်။ လူတစ်ကိုယ်လျှင် မြေမည်မျှလိုသနည်းဟူ၍ အနက်အဓိပ္ပာယ်သက်ရောက်သည့် ဤ၀တ္ထုတိုကလေးကို မြန်မာစာရေးဆရာတချို့တချို့တို့က ဘာသာပြန်ဆိုခဲ့ကြပြီးလည်း ဖြစ်ပါသည်။

ဝတ္ထုဇာတ်လမ်းက သိပ်ပြီးဆန်းဆန်းကြယ်ကြယ်ကြီးထဲက မဟုတ်ပါ။ မြေပိုင်ရှင်ကြီးတစ်ယောက်က မြေလိုအပ်နေသည့် ဇာတ်ဆောင်ကို သင်ပြေးနိုင်သလောက်ပြေးခဲ့ပြီး မူလစတင်ထွက်ခွာရာနေရာသို့ ပြန်လည်ရောက်ရှိသည်ရှိသော် ထိုပြေးခဲ့သည့် မြေနေရာ အ၀န်းအ၀ိုင်းပမာဏအတိုင်း အလကားပေးမည်ဟူ၍ စိန်ခေါ်လိုက်သော ဇာတ်လမ်းမျှသာ ဖြစ်ပါသည်။ ၀တ္ထုပါဇာတ်ဆောင်က ပြေးနိုင်သလောက်ပြေး။ အလကားပေးမည်ဟူသော ကတိစကားကြောင့် လောဘမီးတောက် အလျှံတညီးညီးဖြင့် တစ်နေကုန် ပြေးနေခဲ့ပြီးမှ မူလနေရာသို့ ပြန်လည်ဝင်ရောက်လာခဲ့သော် မြေပိုင်ရှင်ကြီးက သူ့ကတိစကားအတိုင်း ပြေးခဲ့သမျှ မြေကိုပေးရန် ပြောမည်ကြံဆဲမှာပင် ပြေးနိုင်သမျှပြေးခဲ့သူ မြေငတ်မွတ်သူ ထိုတစ်ယောက် အမောဆို့ကာ အနိစ္စရောက်သွားခဲ့ရကြောင်း ရေးထားသည့် ၀တ္ထုတိုကလေးမျှသာ ဖြစ်ပါသည်။

တော်စတွိုင်းက လဲကျသေဆုံးသွားသည့် သူ့ကိုမြေမြှုပ်သင်္ဂြိုဟ်သည့် အခမ်းအနားဖြင့် ၀တ္ထုတိုကို နိဂုံးချုပ်ရင်း ၀တ္ထုခေါင်းစဉ်ဖြစ်သော လူတစ်ကိုယ်လျှင် မြေမည်မျှလိုသနည်း (How much land does a man need) ဟူသည့် အမေးကို လူတစ်ကိုယ်လျှင် မြေများများစားစားမလို၊ ခြောက်ပေခန့်သာလိုသည်ဟူ၍ ဖော်ပြထားခဲ့ရာ စာဖတ်သူတို့ သဘောတွေ့စရာ ဖြစ်သွားခဲ့ရပါသည်။

လူတစ်ယောက်အတွက် သူ့ကိုမြှုပ်နှံစရာ မြေခြောက်ပေ။ ဟုတ်ပါသည်။ မြေခြောက်ပေ။

သို့သော်.......
မသေမီ နေခွင့်ရခိုက် အချိန်အပိုင်းအခြားအတွင်း၌မူ လူတစ်ယောက်သည် ခြောက်ပေမျှနှင့် လုံလောက်ပါစ။ ဆယ်ပေပတ်လည်လား၊ ပေနှစ်ဆယ်ပတ်လည်လား၊ (သို့မဟုတ်) ပေတစ်ရာပတ်လည်လား၊ တစ်ခုခုတော့ လိုအပ်လိမ့်မည်ဟု ထင်ပါသည်။

တို့ပိုင်တဲ့မြေဟူသည့်စကားအတိုင်း ဘိုးဘွားအမွေအနှစ် မြေရေလေ သဘာဝသယံဇာတမှန်သမျှတို့သည် ထိုနိုင်ငံသူ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ကြသည်ဖြစ်ရာ ကောင်းမွန်သောအစိုးရတို့သည် မိမိတို့ နိုင်ငံသူနိုင်ငံသားတိုင်း ထိုမြေပေါ်၌ နေခွင့်ရရန် ဖန်တီးပေးကြရမြဲဖြစ်ပါသည်။ လူနေအိမ်ခြေ မြို့ရွာရပ်ကွက် အသစ်အသစ်များ ဖန်တီးပေးခြင်း၊ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးခြင်း စသည် ..စသည်။

(နှစ်)

၁၉၈၈ အလွန် စစ်အာဏာရှင်အုပ်ချုပ်ရေးလက်အောက် မြန်မာနိုင်ငံ၌ မြေဖြင့်ကြီးပွားသွားသူတွေ အမြောက်အမြား ရှိခဲ့ဖူးပါသည်။

ထိုအချိန်က မြို့တိုင်းနယ်တိုင်းလိုလို၌ မြို့သစ်ဟူ၍ ချဲ့ကြထွင်ကြခဲ့ရာ သြဇာအာဏာရှိသူတို့ကလည်း အကောင်းဆုံးနေရာ၌ အကျယ်ဆုံးအကွက်ကိုယူကာ တို့ပိုင်တဲ့မြေဇာတ်လမ်းထဲ၌ ၀င်ရောက်ကပြခဲ့ကြသည်သာ ဖြစ်ပါသည်။

ထူးဆန်းသည်မှာ တချို့တချို့များဆိုလျှင် မြေကွက်ကို မိမိတာဝန်ကျရာနေရာ၌ပင် ရယူထားခြင်းမျိုးမဟုတ်ဘဲ ပေါင်းသင်းဆက်ဆံရေးခွင်ကျယ်လျှင် ကျယ်သလောက် မြန်မာတစ်ပြည်လုံးကို ကိုယ့်အိမ်ကိုယ့်ယာမှတ်ပါဟူသည့် စကားအတိုင်း ဟိုမြို့မှာတစ်ကွက် သည်မြို့မှာတစ်ကွက် စသည်ဖြင့် မြေကွက်ပေါင်း အမြောက်အမြားကို ရယူပိုင်ဆိုင်ထားခဲ့ကြခြင်းဖြစ်ပါသည်။ ကိုယ်က သည်မြို့၌ အရာရှိဖြစ်သော်လည်း ကိုယ့်အပေါင်းအသင်း ကိုယ့်ရောင်းရင်းတို့က အခြားအခြားသော မြို့ပြဒေသများ၌ ကိုယ့်လိုပဲ အရာရှိများဖြစ်ကြရာ မြို့သစ်အကွက်များချသောအခါ ကိုယ့်အတွက်ကိုပါတစ်ကွက် မေတ္တာလက်ဆောင် ထည့်သွင်းချထားပေးတတ်ကြပါသည်။ ကိုယ်ကလည်း ထိုနည်းလည်းကောင်းပဲပေါ့။ ကိုယ့်ဆီ၌ မြို့သစ်အကွက်ချသော် သူ့အတွက်လည်းတစ်ကွက် မေတ္တာလက်ဆောင် နှင်းအပ်လိုက်သည်ပဲပေါ့။ 

သို့ဖြင့် အသိုင်းအ၀ိုင်းခွင်ကျယ်လျှင် ကျယ်သလောက် ဟိုမြို့သည်မြို့များ၌ ဟိုတစ်ကွက် သည်တစ်ကွက်နှင့် မြေတစ်ကွက်ပြီးတစ်ကွက် ခွဲတမ်းမှန်သမျှ မလွဲစတမ်းရရှိသွားခဲ့ကြရာက ခေတ်သစ်မြေပိုင်ရှင်ကြီးများအဖြစ် လက်ဖျားရွှေသီးတွေရော ငွေသီးတွေပါ ပြွတ်နေအောင် သီးကုန်ကြပါတော့သည်။

ကျွန်တော်စိတ်မကောင်းဖြစ်မိသည်က တချို့တချို့သော ၀န်ထမ်းများဆိုလျှင် အငြိမ်းစားသာ ယူသွားခဲ့ကြရသည်။ တို့ပိုင်တဲ့မြေပေါ်က မည်သည့် တို့ဘိုးဘွားအမွေအနှစ်ကိုမှ လက်တစ်ဝါးစာကလေးမျှကိုပင်လျှင် ရယူပိုင်ဆိုင်ခွင့် ရမသွားခဲ့ကြပါ။ သာမန် ပြည်သူလူထုအတွက်ကမူ နိုင်ငံတော်ကပေးသည့် မြေကွက်ဆိုသည်မှာ ဆောင်းအိပ်မက်မျှသာ။

မြေ၊ မြေ၊ မြေ...။

တော်စတွိုင်းက သေသော် ခြောက်ပေပဲလိုပါသည်တဲ့။ မသေခင် ဘယ်လိုနေရပါ့။ တစ်ကွက်ပြီးတစ်ကွက်နှင့် လက်မြန်ခြေမြန်သူတို့ ခပ်သွက်သွက် တို့ဘိုးဘွားအမွေအနှစ်ကို ရယူနေစဉ် ပြည်ရွာအနှံ့မှာ မြေဗလာတို့က ဒုနဲ့ဒေး။

(သုံး)
ရုရှားစာရေးဆရာကြီးတော်စတွိုင်း အသက်ကြီးတော့ သူ့မွေးရပ်မြေက သူပိုင် ယာစနာယာပိုလီယာနာ (Ya snaya polyana)ရှိ မြေများကို မြေမဲ့ယာမဲ့များစွာကို ခွဲခြမ်းစိတ်ဖြာပေးဝေခဲ့ဖူးပါသည်။

စင်ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ (From Third world to first world) ပို့ဆောင်သူအဖြစ် ထင်ရှားသူ ၀န်ကြီးချုပ်ဟောင်းလီကွမ်ယု (Lee Kuan Yeu) စင်ကာပူကို တည်ဆောက်စဉ် နိုင်ငံသားတို့အတွက် တန်ဖိုးနည်းအိမ်ရာ အများအပြားတည်ဆောက်ပေးကာ နားခိုဖို့ရာ ကျောတစ်နေရာစာရဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ပုံတွေကို သူကိုယ်တိုင်ရေးသားသည့် ထို From third world to first world မှာ ဖတ်ခဲ့ရဖူးပါသည်။

နိုင်ငံတစ်နိုင်ငံ၌ ထိုနိုင်ငံသားတစ်ယောက်ကို နိုင်ငံတော်က မြေပိုင်ခွင့်ဆိုင်ခွင့်၊ ထိုမြေပေါ်၌ နေခွင့်သေခွင့် ဖန်တီးပေးရမြဲဖြစ်ပါသည်။ အထူးသဖြင့် အဆမတန် ဖွံ့ထွားလာသော မြို့ပြများ၌ နေရေးထိုင်ရေး ဖန်တီးပေးရန်မှာ ပိုမိုလိုအပ်လာပါသည်။

တော်စတွိုင်းပြောသလို သေလျှင်တော့ ခြောက်ပေပဲလိုပါသည်။ သို့သော် မသေခင်...။ ဟုတ်ပါသည်။ မသေခင်။ သြော်.. မသေခင်အချိန်ကလေးမှာ ခြောက်ပေတောင် ပိုင်ဆိုင်ခွင့်မရရှာသော နိုင်ငံသားများ၏ ဘ၀တွေ ဘ၀တွေကျတော့ အားနာစရာ ကောင်းမနေဘူးတဲ့လား။         ။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis