အမှန်တော့
သူ့အကြောင်း ပြောလို စိတ်လည်း မရှိလှပါ။ သူသည် သန်းပေါင်း များစွာသော
သူတွေထဲက စိတ်ဝင် စားဖို့ မကောင်းဆုံး လူသား တစ်ဦးမျှသာ ဖြစ်လေသည်။
ခုတော့ သူ့အကြောင်း စာတမ်း တစ်စောင်
ရေးဖြစ်ရန် တစ်စုံ တစ်ရာက လှုံ့ဆော် နေလေသည်။ ဒါက သူ့အကြောင်းမှ ဆက်ပြီး
လူငယ်တွေကို စကား လက်ဆောင် ပါးလို၍ ဖြစ်သည်။ အမှန် ပြောရလျှင် သူက
ကျွန်တော့်အတွက် သာမက မည်သူ့ အတွက်မှ အရေးမပါ လှပါ။ မည်သူမျှ လည်း
သူ့အကြောင်း တစ်ခုတ်တရ ပြောနေမည် လည်း မဟုတ်ပါ။ ဒါဖြင့် ဘာ့ကြောင့်
သူ့အကြောင်း ပြောနေရ သေးသနည်း။ တစ်ခုပဲ ရှိပါသည်။ သူ၏ ဆိုးဝါး လှသော
အတိတ်ကို လူငယ် တွေ၏ အနာဂတ် အဖြစ် မကျန်ရစ် စေလိုသော ကြောင့်ဖြစ်ပါသည်။
သူကား
အလွတ်သင် ဆရာ တစ်ဦး ဖြစ်သည်။ အလွတ်သင် ဆရာပီပီ လူငယ်တွေနှင့် ထိတွေ့
ဆက်ဆံမှုက အထိုက် အလျောက်တော့ ရှိနေသည်။ ဤအချက်သည် စိုးရိမ်စရာ အကောင်းဆုံး
အချက်ဖြစ်သည်။
လူငယ် ဆိုသည်မှာ (အထူးသဖြင့် မြန်မာ လူငယ် ဆိုသည်မှာ)
နိုင်ငံတကာ အဆင့်မီ ပညာရေး စနစ်ဖြင့် သင်ကြား လေ့ကျွမ်းလာ ကြသူများ
မဟုတ်ဘဲ နှုတ်တိုက် အာဂုံ ဆောင်ရန် သင်ကြားပေး ခံရပြီး ဤနည်း ဖြင့် အတန်းတက်
လာကြသူ များဖြစ်သည်။
ကိုယ်ပိုင် အတွေး အခေါ် ကိုယ်ပိုင် အယူ အဆဖြင့်
ရပ်တည် ရှင်သန်ရန် သင်ကြား ခံရဖူးခြင်း လည်း မရှိ။ သို့သော် ငယ်ရွယ်ပြီး
အတွေ့အကြုံ နည်းပါးသူများ ပီပီ သူတို့နှင့်စိတ် သဘောချင်း အသင့်အတင့်
တူမျှရုံနှင့် အတုခိုးရန်၊ စံပုဂ္ဂိုလ် အဖြစ် ရည်ရွယ် သတ်မှတ်ရန် ညွတ်နူး
လွယ်ကြ သူတွေ ဖြစ်သည်။ လူဆိုသည်က သိမြင် နားလည် သလောက်သာ တွေးတော နိုင်သည်
မဟုတ်လား။
နိုင်ငံတကာ ပညာရေး မှာတော့ အတန်းစဉ် အလိုက် မည်သည့်
အမျိုးအစား စာအုပ် မည်ရွေ့ မည်မျှ ဖတ်ဖူး ရမည်။ ဖတ်ကို ဖတ်ရမည့် စာအုပ်
စာရင်း စသည် တို့ကို သင်ရိုး မာတိကာတွင် ထည့်သွင်းရေး ဆွဲလေ့ရှိသည်။
ကျွန်တော်တို့ ဆီမှာတော့ အိုမင်းဆွေး မြည့်နေသော စံနစ် ဟောင်းကြီး
အတိုင်းသာ။ ထားတော့။
သည်မှာ အလွတ်သင် ဆရာတွေ တစ်စခန်း
ထတော့သည်။ (ကျွန်တော့် မိတ်ဆွေ အက်ဆေး ဆရာ တစ်ယောက် က သောင်းကျန်း
ချင်တိုင်း သောင်းကျန်း ခွင့်ပေးထား သည်ဟုပင် သုံးနှုန်း ခဲ့ဖူး သည်)
အလွတ်သင်ဆရာ တစ်ယောက် ၏ သတ်မှတ် ပြဋ္ဌာန်း ထားခြင်း မဟုတ် သော အရည်
အချင်းတွေက အများသား ပင်။
ရုပ်ချော ရမည်။ ဒါက ပြင်ဆင် ပြောင်းလဲ၍
မရသည်မို့ ခေတ်ပေါ် ဓာတု ပစ္စည်း တွေနှင့် အတတ်နိုင်ဆုံး မွမ်းမံ ခြယ်သ ရမည်။
ကြော့ရှင်း နေရ မည်၊ အ၀တ်အစား စမတ်ကျ ရမည်၊ (အ၀တ်အစား တစ်နေ့ တစ်စုံ
လဲလှယ် ရမည်)၊ အသံကောင်း ရမည်၊ သီချင်း ဆိုတတ် ရမည်၊ ဟာသ ပြက်လုံးတွေ
ပြောတတ် ရမည်။ အလွတ်သင် ဆရာ၏ ကိုယ်ရည် ကိုယ်သွေး၊ ဆရာ ပီသမှု၊ အနစ်နာခံ
မှုတွေသည် ဟိုး ကမ္ဘာတစ် ဖက်မှာ ကျန်ရစ် ခဲ့ပြီ။ ဒါတွေနှင့် တိုင်း
တာသူဆိုလျှင် တခြား ကမ္ဘာက ရောက် လာသော ဂြိုဟ်သား တစ်ဦးနှယ် အကြည့်ခံ ရမည်။
အဆိုးဆုံးက ကျောင်း သားတွေ ကိုယ်တိုင်က ဒိတ်အောက် ကြီးဟု အထင်ရှိ
နေကြခြင်းပင်။ တိုက်ပုံ အင်္ကျီနှင့် ပုဆိုးနှင့် ဆိုလျှင် ခပ်တုံးတုံး ဆရာ၊
ခပ်ညံ့ညံ့ ဆရာဟု သတ်မှတ် နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ အလွတ်သင်
ဆရာ မှာ သူ့ဆရာတွေ နည်းတူ ပျော်တော် ဆက်သာသာ ဖြစ်သည်။ Joke တွေ ပြော မည်၊
လူငယ်တွေ ဘ၀င်ခိုက် မသည့် စကားလုံးတွေ ရွေးသုံးမည်၊ လူငယ် တွေနှင့်
လက်ပွန်း တတီး နေမည်။ ဒါက ၂၀ ရာစု ဆည်းဆာမှ ၂၁ ရာစု အရုဏ် ထိ အလွတ်သင်
ဆရာတို့၏ ပုံရိပ် ၀ိညာဉ် လို ဖြစ်နေသည်။ တချို့တလေ ခြွင်းချက်တော့ ရှိနိုင်
ပါသည်။ ယေဘု ယျသည် ခြွင်းချက် မဟုတ်ပါ။ ယေဘု ယျသာ ဖြစ်ပါသည်။
ကျွန်တော်တို့ တစ်တွေ အတိ ဒုက္ခ ရောက်နေ ချိန်တွင် သူသည် ကျွန်တော် တို့၏
ကမ္ဘာ ဘက်ခြမ်းမှာ မရှိ။ ကျွန်တော် တို့နှင့် အလွန် ဝေးလျားလွန်းလှ သော
ထောင့်ကျဉ်း တစ်နေရာမှာ ကုပ် ကုပ်ရုပ်ရုပ် ကလေး ရှိနေ ခဲ့သည်။ ကျွန်တော်
တို့နှင့် ဘယ်သောအခါ ကမှ အဆက် အဆံ မရှိလေဟန် နေထိုင်တတ် သည်။ နောက် အခြေအနေ
တွေ ပြန် လည် တည်ငြိမ် အေးဆေး လာပြီ ဆိုသည် နှင့် သူက ဘွားခနဲ ပေါ်လာတတ်
သည်။ လူငယ် တချို့က မိုးကျ ရွှေကိုယ် ဟု အမည် ပေးကြသည်။ အဓိပ္ပာယ်ကို
ပြည့်ပြည့် ၀၀ နားလည်ပုံ မရဘဲ သူက ပြုံးဖြီးဖြီးနှင့် ကြည်နူး နေတတ်သည်။
တချို့ တလေက အောင်ပွဲ ရှိရာတွင် အမြဲတစေ ရောက်ရှိနေတတ်သည့် မူဆိုလီနီနှင့်
သူ့အမည်ကို တွဲဖက်ပြီး ဘသန်းလီနီဟု သူ့နောက်ကွယ်တွင် အမည်ပြောင်နှင့်
ခေါ်ဝေါ် တတ်ကြ သည်။ သူ့ရှေ့တွင်ရော နောက်ကွယ် တွင်ပါ ထိုအမည် ပြောင်ကို
မခေါ်ဝေါ် ဖို့ အတန်တန် သတိပေး နေသည် ကြားက တစ်နေ့တွင် လူငယ် တစ်ဦးက သူ့ရှေ့
တွင် ထိုအမည် ပြောင်ကို အမှတ် မထင် နှုတ်က ထွက်သွားသည်။ နဂိုက ပြာ
နှမ်းနှမ်း သူ့မျက်နှာမှာ ချက်ချင်းမည်း မှောင် သွားတော့သည်။ အားနာလွန်း
စွာဖြင့် သူ့ဘက်ကို မကြည့် မိအောင် သတိထား နေသည့်ကြားက သူ၏ လှုပ်
လှုပ်ခတ်ခတ် ဖြစ်နေပုံကို မြင်နေရ သည်။ သူလည်း စာဖတ် သည်မို့ လီနီ ဟူသော
စကား နှစ်လုံးနှင့် သူ့အမည် တွဲဖက် ထားခြင်း၏ ပညတ် အနက်ကို တော့ သိမည်သာ
ဖြစ်သည်။ ထိုမှဆက် ၍ ဂယက် အနက်ထိ ထိုးဖောက် သိမြင် မည်ဆိုလည်း သိလောက်
ပေသည်။ သူက အတွေးအခေါ် မကောင်းသည့် တိုင် လုံးဝ မတွေးခေါ် နိုင်တာတော့
မဟုတ်ပေ။
သူက ကိုယ်ရည် ကိုယ်သွေး သာမန် အဆင့်၊ ဉာဏ်ရည်ကိန်း
မြင့်မြင့် မားမား မရှိလှ သော်လည်း သူ၏ အကျိုး စီးပွားနှင့်
ပတ်သက်လျှင်တော့ တုံ့ပြန်အား ကောင်းသူ တွက်ချက် ရာတွင် အသေးစိတ် တိကျလွန်း
သူတော့ ဖြစ် သည်။ သူ၏ အတ္တဥခွံ ထဲမှနေ၍ ကမ္ဘာ လောကကြီးကို ချောင်းမြောင်း
ကြည့်ရှုလေ့ ရှိပြီး သူ့အတွက် လုံခြုံစိတ်ချရ သည့် နေရာများကို အမြဲအဆင်သင့်
ဖြစ်နေအောင် ကြိုတင်ရှာဖွေထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ စီးပွားမှာ
ဒီရေလို တရိပ်ရိပ် မဟုတ်သည့် တိုင် အောင် ဖြည်းဖြည်းနှင့် မှန်မှန်တော့
တိုးပွား နေလေ့ရှိသည်။ အံ့သြစရာ တော့ မဟုတ်ချေ။
လွန်ခဲ့သော
တစ်နှစ်လောက်က သူ အဆိုတင် ဖွဲ့စည်းလိုက်သော လူမှု အထောက် အကူပြု အဖွဲ့အစည်း
ကလေး တစ်ခု ဖွဲ့စည်း ခဲ့သည်။ သူ စတင် အဆို ပြုသည်မို့ အဖွဲ့ အစည်း၏ ဥက္ကဋ္ဌ
နေရာ တွင် သူ့ကိုပဲ ရွေးချယ် လိုက်ကြသည်။ သိပ်မကြာခင် မှာပင် အဖွဲ့၏
ရည်ရွယ် ချက်နှင့် စည်းကမ်းများ ရေးဆွဲ ထုတ်ပြန် လိုက်သည်။ သူ ရေးဆွဲသော
စည်းကမ်း ချက်များ ထဲတွင် တစ်ခုမှာ နိုင်ငံရေးနှင့် ကင်းရှင်း ရမည် ဟူ၍
ပါရှိ လေသည်။ စည်းကမ်း ချက်များ ရေးဆွဲ ကြေညာပြီး တစ်ပတ် အတွင်း အဖွဲ့ဝင်
လူငယ် သုံးဦး နုတ်ထွက် သွားတော့သည်။ ခြောက်လ ကြာသော အခါ အဖွဲ့တွင် သူတစ်
ယောက်တည်း ကျန်ရစ်သည်။ သူ၏ အတ္တ ကြီးမားမှု၊ အမြော်အမြင် နည်းပါး မှု၊
အနစ်နာခံလို စိတ်မရှိမှု တို့နှင့် ရိုးသား ဖြောင့်မတ်မှု ကင်း မဲ့ခြင်း
တို့ကြောင့် ဖြစ် သည်။ လူမှုရေး စိတ်ဓာတ် အခြေခံ ကင်းမဲ့ နေသူက လူမှု အထောက်
အကူပြု အဖွဲ့ အစည်း ဖွဲ့စည်းရန် သူ စိတ်ကူးမိပုံ ကတော့ တကယ့် ပဟေဠိ
တစ်ပုဒ်ပင်။ ဘာပဲဖြစ်ဖြစ် သူကတော့ အောင် မြင်နေသူ တစ်ယောက် ပမာ
ခေါင်းမော့ ရင်ကော့ ရှိနေမြဲ။ ဘယ် အချိန်အခါ ဖြစ် ဖြစ်သူက အရာရာကို
စင်းမှေးသော မျက်လုံးဖြင့် မယုံ သင်္ကာ ကြည့်နေမြဲ။ ဘာကိုမှ မယုံကြည် သလို
သူ့ကိုယ်သူ လည်း ယုံကြည်ပုံ မရ။ ခေါင်းမော့ရင် ကော့ ၀င့်ကြွား နေပုံမှာ
ကိုယ့်ကိုယ်ကို ပြန်လည် အားပေး အားမြှောက် ပြုနေဟန် က မသိမသာ ပေါ်လွင်
နေလေသည်။
သိပ်မကြာ သေးမီက သူ့အသက် မွေးဝမ်းကျောင်း အလုပ်နှင့်
ဆိုင်သော အဖွဲ့ငယ် ကလေး တစ်ခု ထပ်မံ ဖွဲ့စည်း လိုက်ပြန်သည်။ သူက
အတွင်းရေးမှူး တာဝန်ယူ ပြန်သည်။ စည်းကမ်းချက် များ ရေးဆွဲရာတွင် ပထမ အကြိမ်
ကလို ပင် သူ၏ ဥခွံထဲမှ နေ၍ ရေးဆွဲလိုက် ပြန်သည်။ သူကတော့ သူ့ဘ၀လေး ကို
လုံခြုံမှု ရှိစေရန် ခြံခတ်လိုက် ပုံရသည်။ သို့သော် သူ ခတ်လိုက်သော စည်း
ရိုးကြောင့်ပင် သူ့အဖွဲ့ ကလေးမှာ မလုံ မခြုံဖြင့် ယိမ်းခါ သွားရတော့သည်။
သူ့ မိတ်ဆွေ တွေက ပင်လယ်ထဲမှာ သွားနေ ပါလားဟု အကြံပေး သလိုလိုနှင့် ရှုတ်ချ
ကြတော့သည်။ ကြာလေလေ သူ့မှာ ဘာရပ်တည် ချက်မှ မရှိကြောင်း၊ မူဟူ၍
ခိုင်ခိုင်မြဲ မြဲ မရှိကြောင်း အားလုံးက သိလာကြသည်။ လူတစ်ယောက်သည် မည်
သည့်ယုံကြည်မှု မျိုးမှ မရှိတော့ဟုဆို လျှင် မည်သို့ အသက်ရှင် နေထိုင်မည်
နည်း။
လူငယ် ဘ၀ တစ်လျှောက်လုံး ကျွန်တော်တို့ စာအုပ်တွေ အတူဖတ်ကြ
သည်။ အားလုံး နီးပါးမှာ ကျွန်တော် ၀ယ်ယူ စုဆောင်း ခဲ့သော (နောင်အခါ
စာအုပ်တိုက် တွေက လက်ဆောင်ရ သော) စာအုပ်တွေက အများစုဖြစ် သည်။
ကမ္ဘာကျော် ခေါင်းဆောင်ကြီး တွေ ၏ အတ္ထုပ္ပတ္တိ စာအုပ်တွေ ဖတ်ကြ သည်။ အာဏာရှင်
တွေလည်း ပါသည်။ တော်လှန်ရေး သမားတွေ လည်းပါ သည်။ ရဲခေါင် ပြောက်ကျား
ချေဂွေဗား ရား၊ အလံမလှဲ စတမ်း ချောအိမာန်၊ ဂျေ ဖူးချစ်၏ ကြိုးစင်ပေါ်က
မှတ်တမ်း၊ အန်းဖရန့်၏ မှောင်ထဲက မှတ်တမ်း စသည်တို့ကို ဖတ်ကြ သည်။ အတ္ထုပ္ပတ္တိ
တွေထဲမှာ လီနင်၊ စတာလင်၊ ဟစ် တလာ၊ ကတ်စထရို၊ ဟိုချီမင်း၊ မော်စီ တုန်း၊
ဂျိုဆေရီဇော် တို့ကို ဖတ်ခဲ့ကြ သည်။ ပြည်သူတွေ အတွက် စွန့်လွှတ် စွန့်
စား ရဲဝံ့ခဲ့ ကြသော၊ နောက်ဆုံး လူသတ် ကွင်းထဲသို့ အင်တာ နေရှင်နယ် သီချင်း
ဆိုပြီး ရင်ကော့ ၀င်သွားသော၊ အနှိပ်စက် ခံ၊ အညှဉ်းပန်း ခံပြီး ကြိုးစင်
ပေါ်တွင် အသက် စွန့်လွှတ် ခဲ့ကြသော ပြည်သူချစ် သော သူရဲကောင်း တွေ၏ ဘဝ
အတ္ထုပ္ပတ္တိ တွေကို ကျွန်တော်တို့ အတူ တကွ ဖတ်ခဲ့ကြသည်။
အမှန်တော့
သူက စာကြမ်းပိုး (Bookish) မဟုတ်သလို စာအုပ်ဘ၀င် (Book Snobbig) သမားလည်း
မဟုတ် ပါ။ စာအုပ်တွေကတော့ ဖတ်သည်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိ တွေ၊
အောင်မြင်ရေး ကျမ်းတွေ၊ အတွေးအမြင် စာအုပ်တွေ၊ ခေတ်ပြိုင် စာတွေ ဖတ်သူ
ဖြစ်သည်။ ကျွန်တော်တို့ အတူတကွ ဖတ်ခဲ့ ကြသည်။
သို့သော် (ဤ
သို့သော်သည် အလွန် ကြီးကျယ်သော သို့သော် ဖြစ် သည်) တစ်ခုပဲ ကွာပါသည်။
ကျွန်တော် တို့က ပြည်သူ့ သူရဲကောင်း တွေ၏ ရပ်တည်ချက်၊ စွန့်လွှတ် အနစ်နာ
ခံမှုနှင့် သေဆုံးသည့် တိုင် ယုံကြည်ချက် အပေါ် မယိမ်းမယိုင် သစ္စာ
ရှိခဲ့မှုတို့ကို လေးစား ဦးညွှတ်ပြီး စံနမူနာ အဖြစ် နှလုံးသွင်း
နေကြချိန်မှာ သူလည်း တစ်ခုခုကို စူးစူး နစ်နစ် ခံစားခဲ့ ပုံရလေသည်။
ကျွန်တော်တို့က စွန့်လွှတ် အနစ် နာခံရသော ရဲရင့် နှလုံးသား တွေကို
လေးမြတ်စွာ အားကျ ရင်ခုန် နေကြချိန် တွင် ကိုယ့်လူက ထိုသူ တွေ၏ ဘဝ
တစ်လျှောက်လုံး ခံစားခဲ့ ရသော ဆင်းရဲ ဒုက္ခ အပေါင်း တို့ကို သင်ခန်းစာ ယူခဲ့
လေသည် တကား။
မောင်ခိုင်လတ် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
No comments:
Post a Comment