menu

Monday 5 November 2012

စိတ်ယဉ်ကျေးမှုနှင့် ရသစာပေ( မင်းသန်းထိုက်(ဒေးဒရဲ))

ယခုတလော ဖတ်ရှုရသည့် ဂျာနယ်များတွင် အိမ်ရှင်က အိမ်အကူကို မတရားခိုင်းစေရာမှ အမှုအခင်းဖြစ်ရသည့်သတင်း၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရအောင် ညှဉ်းပန်းနှိပ်စက်သည့် သတင်းများကို စိတ်နှလုံးညှိုးချုံးဖွယ် ဖတ်ရှုနေရသည်။ သည့်ထက်ပို၍ အိမ်ရှင်အမျိုးသမီး၏ နှိပ်စက်မှု လက်လွန်ကာ အိမ်အကူသေဆုံးသည်အထိဖြစ်ရပုံကို ကြားရ၊ ဖတ်ရလေသောအခါ လူအချို့၏ သွေးအေးရက်စက်မှုများကို

များစွာတုန်လှုပ်မိပါသည်။

ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားရာ ကျွန်တော်တို့နိုင်ငံဝယ် စေတီတန်ဆောင်း၊ ကျောင်းကန်ဘုရားများကလည်း များလှပါ၏။ ၀ါဆိုပွဲ၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ တပေါင်းပွဲစသည့် ဘာသာရေးနှင့် ပတ်သက်သည့် ပွဲတော်များတွင်လည်း အလှူအတန်းတွေက
အံ့မခန်းများလှပါ၏။ အရုဏ်မိုးသောက် အလင်းရောက်တယ်ဆို ဟိုအိမ်သည်အိမ်က ဖွင့်ကြတဲ့ ပဋ္ဌာန်း၊ ပရိတ်တရားသံတွေကလည်း ကျက်သရေရှိလှပါ၏။

သို့နှင့်တိုင် လူလူချင်း ကိုယ်ချင်းမစာ၊ မေတ္တာမထားနိုင်၊ ကြီးနိုင်ငယ်ညှဉ်း၊ နှိပ်စက်ခြင်းသတင်းတွေက ခဏခဏကြားကြားနေရတော့ ရုပ်ပိုင်းဆိုင်ရာ
ယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားလာသလောက် စိတ်ယဉ်ကျေးမှုတွေ ယုတ်လျော့အားနည်းလာခြင်းအပေါ် ဘ၀င်မကျဖြစ်မိပါသည်။ သည်ဖြစ်ရပ်များ၏ ပြဿနာရင်းမြစ်ကား အဘယ်နည်း။ မည်သို့ ဖြေရှင်းကြမည်နည်း။ ဖြေရှင်းရန်ရော မည်သူ့တွင် တာဝန်ရှိပါသနည်း။
အဖြေမရနိုင်သော ပုစ္ဆာတစ်ခုအတွက် ခေါင်းရှုပ်နေဆဲကာလ။

တစ်ခုသော တက္ကသိုလ်ဝင်တန်း၏ စာသင်ခန်းတစ်ခုတွင် ကျွန်တော်သည် အမျိုးသားပညာဝန် ဦးဖိုးကျားရေးသော မိတဆိုးရှင်ပြုဝတ္ထုကို
သင်ကြားပေးနေ၏။ ရှင်လောင်းငပုကို နတ်ပြသော အခန်းအရောက်တွင် မူရင်းဝတ္ထုရေးဆရာ၏ အာဘော်မပျက်စေလိုသဖြင့် ကျွန်တော်၏ ပြောလက်စကို ခဏရပ်ကာ ၀တ္ထုစာသားများကို ဌာန်ကရိုဏ်းကျကျ ဖတ်ပြလိုက်သည်။

“ဤဗြောအတီးတွင်ကား ကိုထွန်းကျော်သည် အိမ်နောက်ဖေးသို့ ထွက်သွားကာ ရှိုက်ကြီးတငင် ပူပင်လှိုက်ဖို ကြိတ်၍ ငိုရှာလေတော့သတည်း။ 'မယ်သင်ရယ်၊ သားကို ရှင်ပြုပြီးအောင်မှ မစောင့်တော့ဘူးလားကွယ်'ဟု ကျွန်ုပ်တို့ ကြားလိုက်ရ၏”။ ထိုစဉ် စာသင်ခန်း၏ တစ်နေရာမှ ရှိုက်သံထွက်လာသည်။ တကယ်သနားကရုဏာသက်၍ ငိုရှိုက်လိုက်သော ရှိုက်သံမဟုတ်။ လှောင်ပြောင်သရော်၍ ရှိုက်လိုက်သော လုပ်ရှိုက်ဖြစ်၏။
အနီးမှ ကျောင်းသား၊ ကျောင်းသူများက သူ့ကိုကြည့်၍ ရယ်ကြ၏။ သူသည်လိုလုပ်လိုက်ရတာကိုပဲ ထိုကျောင်းသားက ဂုဏ်ယူနေသည့် ဟန်ပန်မျိုး။
ကျွန်တော့်စိတ်ထဲမှာ ဒေါသက ထောင်းခနဲဖြစ်သွားသည်။ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကသာဆို ထိုကျောင်းသား၊ အပြစ်ပေးမည်မှာ သေချာသည်။
ဒါဟာသွားလေသူ ၀တ္ထုရေးဆရာကို ပြက်ရယ်ပြုရာသာမက ကျွန်တော့်သင်ကြားရေးကိုပါ စော်ကားလိုက်ခြင်းဖြစ်၏။

ဒေါသကို အချိန်မီထိန်းလိုက်နိုင်၍ တော်တော့သည်။ တစ်ခုတော့ပြောဖြစ်ခဲ့၏။ “အေး...လူဟာ သနားစရာရှိတာကို မသနားတတ်တော့ဘူး။ စက်ဆုပ်စရာကိစ္စကို မစက်ဆုပ်တတ်တော့ဘူးဆိုရင် အဲဒီလူရဲ့စိတ်ဟာ ပုံမှန်မဟုတ်တော့တာ သေချာတယ်။ ကြီးလာလို့ ရူးချင်ရူး၊
မရူးရင်လည်း လောကကို ဖျက်ဆီးမယ့်သူတွေ ဖြစ်တတ်တယ်” ဟုဆိုကာ စာသင်ခန်းထဲက ထွက်ချလာခဲ့သည်။

ညဘက်ရောက်သည့်တိုင် ရင်ထဲမှာ တနုံ့နုံ့ခံစားရ၏။ လူတွေရဲ့စိတ်တွေ ဘာကြောင့်ရိုင်းကုန်ကြတာလဲ။ စာမတတ် ပေမတတ်တွေ ရိုင်းတာထား။
စာတတ်ပေတတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် လူယဉ်ကျေးတွေလို့ ကင်ပွန်းတပ်ထားကြသူတွေကိုယ်နှိုက်က ရိုင်းပျနေကြသည်။ ဘတ်(စ်)ကားပေါ်မှာ ဆရာတော်၊ သံဃာတော်များ၊ အဘိုးအို၊ အဘွားအိုများ တွေ့လို့ မှ နေရာဖယ်ပေးရကောင်းမှန်းမသိ။ လူကျပ်ကျပ် ဘတ်(စ်)ကားပေါ်မှာ အမျိုးကောင်းသမီးများအပေါ် အခွင့်အရေး ယူချင်သူတွေကမရှား။ ခရီးအတူသွားချင်း မတော်တဆ တက်နင်းမိလို့မှ အနင်းခံရသူကို ဆော်ရီးလို့ ပြောဖော်မရ။

သြော် လောက၊ လောက။ ဘာလို့များ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးကုန်ကြရပါသလဲ။ ဘာကြောင့်များ နှလုံးသားတွေ အေးစက်မာကျောကုန်ကြရပါသလဲ။ လဲပေါင်းများစွာကို အဖြေရှာရင်း တစ်စုံတစ်ခုကို ကျွန်တော် စဉ်းစားမိလိုက်သည်။ အဲဒါက ဘာလဲဆိုတော့ လူတွေ (အထူးသဖြင့် လူငယ်တွေ) ရသစာပေ အဖတ်အရှုနည်းလာခြင်း။ စာဖတ်ခန်းတစ်ခု၏ စာအုပ်အငှားစာရင်းကို လေ့လာကြည့်တော့ အငှားအများဆုံးစာအုပ်တွေက ဘ၀အောင်မြင်ရေးဆိုင်ရာ စာအုပ်များနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ စာအုပ်များဖြစ်နေသည်။

မဂ္ဂဇင်းများတွင်မူ မင်းသား၊ မင်းသမီးပုံတွေ များများပါသော မဂ္ဂဇင်းများနှင့် ဗေဒင်အကြောင်း၊ ဆေးအကြောင်း၊ နတ်ဝိဇ္ဇာများအကြောင်း များများပါသော မဂ္ဂဇင်းများက အငှားရဆုံး ဖြစ်နေသည်။ ကျွန်တော်တို့ ခေတ်က စာဖတ်သမားများ ကြိုက်ကြသည့် တချို့ပင်ကိုရေး ၀တ္ထုကြီးများ၊ ဘာသာပြန်ဝတ္ထုကြီးများမှာ စာအုပ်စင်ပေါ်တွင် ငုတ်တုတ်ငိုက်နေကြ၏။

နာမည်ကြီးအက်ဆေးဆရာများ၏ အက်ဆေးစာအုပ်များကား သင်းကွဲငှက်များပမာ သနားစရာပင် ကောင်းနေသေးတော့၏။ ရသစာပေ၏ အခန်းကဏ္ဍ မှေးမှိန်သွားပြီလား။ လူဦးရေ သန်း ၆၀ မျှရှိသော ကျွန်တော်တို့နိုင်ငံတွင် နာမည်ကြီးရသစာရေး ဆရာတစ်ယောက်၏ စာအုပ်များပင် စောင်ရေ ၂၀၀၀၊ ၃၀၀၀ ထက် ပိုမရိုက်ရ။ Chicken Soup for the Soul စာအုပ်တွဲများသည် အမေရိကန်နိုင်ငံတွင် လူကြိုက်များလှ၏။ စောင်ရေပေါင်း သန်းနှင့်ချီ၍ ပုံနှိပ်ရသည်။ နိုင်ငံခြားဘာသာအမျိုးပေါင်း ၂၀ ကျော် ဖြင့်လည်း ပြန်ဆိုခဲ့ကြသည်ဟု ဆိုပါသည်။ ယင်းစာအုပ်များကို ဆရာဖေမြင့်က နှလုံးသားအာဟာရ ရသစာပေများဟု အမည်ပေးကာ အတွဲများခွဲ၍ ဘာသာပြန်ဆိုခဲ့ပါသည်။ အတွဲတစ်တွဲကို နှစ်ကြိမ်စီ ထုတ်ဝေခဲ့ရသည်ဟု ထင်ပါသည်။

သိစရာ၊ တတ်စရာတွေ များလှသော ယနေ့ခေတ်တွင် လူငယ်တို့သည် ခေတ်ပညာများနောက် တကောက်ကောက်လိုက်ရင်း ရသစာပေဖတ်ရှုဖို့
အချိန်မရကြတော့ပြီလော။ ဖတ်ရှုခံစားဖို့ အချိန်မပေးနိုင်ကြတော့ပြီလော။ နေ့စဉ်နှင့်အမျှ အသစ်အသစ်ဖြစ်ပေါ်နေသော (၂၁)ရာစုကမ္ဘာကြီးမှာ အင်တာနက်ပေါ်က၊ အွန်လိုင်းပေါ်က သတင်းတွေကြား နစ်မြုပ်ရင်း ရသစာပေကို မေ့ကုန်ကြပြီလော။

သည်လိုသာဆိုလျှင်ဖြင့် ဦးနှောက်သာဖွံ့ဖြိုးပြီး နှလုံးသားမဖွံ့ဖြိုးသော တစ်ဖက်စောင်းနင်း လူတော်တွေ ဖြစ်ကုန်ကြလျှင်ဖြင့် ကိုယ်ချင်းစာတရားတွေ၊ စာနာထောက်ထားမှုတွေ၊ သနားကရုဏာတွေ လောကမှာ ပျောက်ကွယ်ကုန်ကြပေတော့မည်။ အနာဂတ်လူ့အဖွဲ့အစည်းအတွက် ရင်လေးစရာကောင်းလှ၏။ လူတွေရဲ့ စိတ်ဓာတ်တွေ ယဉ်ကျေးလာအောင် ရိုးရာပွဲလမ်းသဘင်များကလည်း လုပ်မပေးနိုင်။ ဘာသာရေးဆိုင်ရာ အဆုံးအမဆိုတာကလည်း စိတ်ဓာတ်ယဉ်ကျေးသူတို့၏ နှလုံးအိမ်၌သာ တည်နိုင်၏။ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များဖွဲ့လျက် ပရဟိတလုပ်ငန်းများ လုပ်ကြရာတွင်လည်း စိတ်ယဉ်ကျေးမှုရှိသူတို့သာ ရေရှည်လုပ်နိုင်၏။ လူတို့၏ စိတ်ကို ယဉ်ကျေးအောင် လုပ်နိုင်သောအရာကား ရသစာပေသာ ဖြစ်ချေသည်။ စိတ်ယဉ်ကျေးမှုရှိမှသာ ကိုယ်ချင်းစာတရားတွေ၊ စာနာထောက်ထားခြင်းတွေ၊ သနားညှာတာခြင်းတွေ နှလုံးသား၌ စွဲမြဲနိုင်၏။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်ဖို့ ရုပ်ဝတ္ထုပစ္စည်းတွေချည်း ဖွံ့ဖြိုးတိုးတက်နေ၍မဖြစ်ပါ။ ခေတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်နေရုံဖြင့် မရပါ။ ဦးနှောက်ကြီးရုံမျှ မဟုတ်ဘဲ နှလုံးသားလည်း ကြီးဖို့လိုပါသည်။ မန်လည်ဆရာတော်ကြီးစကားကို ငှားပြောရလျှင် “ပညာလည်းပြည့်ဝ၊ နှလုံးသားလည်းလှ” ကြမှ လောကကို အလှဆင်သူများ ဖြစ်နိုင်ပါလိမ့်မည်။ သည့်အတွက် ရသစာပေကို စားသုံးသူတွေ များလာဖို့ လိုပါသည်။

အထူးသဖြင့် အနာဂတ်ရှိသော လူငယ်တွေ ခေတ်ပညာများကိုလည်း ဆည်းပူးရင်း တစ်ဖက်ကလည်း ရသစာပေ၌ မွေ့လျော်လာအောင်
ဆရာ၊ ဆရာမများကလည်း စာသင်ရင်း စည်းရုံးရပါမည်။ စာပေပညာရှင်များ၊ စာရေးဆရာများကလည်း စာပေဟောပြောပွဲ စင်မြင့်များပေါ်က၊ မဂ္ဂဇင်းဂျာနယ်များ၏ စာမျက်နှာများပေါ်က ဟောပြော၊ ရေးသားတိုက်တွန်းကြရပါမည်။ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အနယ်နယ်၊ အရပ်ရပ်မှာ စာကြည့်တိုက်တွေ၊ စာဖတ်ခန်းတွေ ထွန်းကားလာအောင် ကူညီအားပေးကြရပါမည်။

ယခုအခါ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည့် ကဏ္ဍအသီးသီး၌ တိုးတက်အောင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် တစ်ဖက်ကလည်း စိတ်ဓာတ်ယဉ်ကျေးသော နိုင်ငံသားများ ဖြစ်လာစေရန် ရသစာပေ ဖတ်ရှုသော၊ ခံစားတတ်သော အလေ့အကျင့်စွဲမြဲအောင် ပျိုးထောင်ပေးသင့်သည်ဟု ထင်မြင်ယူဆမိပါသည်။ ။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis