menu

Monday 5 November 2012

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ်

Photo: ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ် 	

Monday, 05 November 2012 16:46

နိုဝင်ဘာပထမပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌  မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

''အခု မိုးရွာသွန်းမှုတွေက မုန်တိုင်းကြောင့်တော့ မဟုတ်ပါဘူး။ မန္တလေး၊ မကွေး၊ ချင်းနဲ့ ရှမ်းပြည်နယ်စ တဲ့ဒေသတွေမှာတော့ ဒီနေ့(နိုဝင်ဘာ လ ၄ရက်)ကနေ မနက်ဖြန်လောက်အထိ မိုးရွာသွန်းနိုင်ပါသေးတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မွန်၊ ကရင်စတဲ့ဒေသတွေကတော့ ဒီနေ့ညနေ မိုးရွာသွန်းမှုတွေပြီးရင်တော့ ဆက်မရွာနိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်'' ဟုလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

''လက်ရှိမှာ မြန်မာတနိုင်ငံလုံးနီးပါး မိုးရွာသွန်းမှုတွေရှိပေမယ့် ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်မှာ ရွာတာက အရှေ့တောင်ဘက်ကလာတဲ့ တိမ်တိုက်တွေရဲ့အရှိန်ကြောင့် မိုးရွာတာပါ။ မြန်မာနိုင်ငံ အထက်ပိုင်း တွေမှာ မိုးရွာသွန်းမှုရှိခဲ့တာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အကြွင်းအ ကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံအပေါ်ကို အနောက်ဘက်ကနေ အရှေ့ဘက်ကို ဖြတ်ကျော်နေတဲ့အတွက်  မိုးရွာနေတာပါ။ အဲဒီဖြတ်ကျော်နေတဲ့ကာလလေး ပြီးသွားရင် မိုးမရွာနိုင်တော့ပါဘူး။ ဒီတိမ်တိုက်တွေ မကြာခင်မှာ ယူနန်ဘက်ကို ထွက်သွားပါလိမ့်မယ်။ လတ်တလောမှာ ပင်လယ်ထဲမှာတော့ ဘာမုန်တိုင်းမှ မရှိပါဘူး'' ဟုလည်း ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆက်လက်ပြောကြားခဲ့သည်။

''နိုဝင်ဘာနဲ့ လာမယ့် ဒီဇင်ဘာလတွေမှာ မိုးနဲ့ပတ်သက်ပြီး တိတိကျကျ မပြောနိုင်ဘူး။ မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးနည်းနိုင်တယ်။ အပူချိန်ကတော့ ပုံမှန်ထက် ပိုနိုင်တယ်။ လာမယ့်ဆောင်းဦးဟာ အအေးပေါ့နိုင်ပါတယ်'' ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း ကျန်ရှိသည့် ကာလအတွင်း မြန်မာနိုင်ငံတွင် ရာသီဥတု မတည်ငြိမ်မှုများကို ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေကြောင်း သတင်းရရှိပါသည်။

မှတ်သားဖွယ်ရာမိုးရေးချိန်များ

ရက်စွဲ                   မြို့                 မိုးရေချိန်(လက်မ)

၎.၁၁.၁၂        ရန်ကုန်(မင်္ဂလာဒုံ)        ၂.၃၆ လက်မ

                   ရန်ကုန်(မြို့လယ်)         ၀.၉၈ လက်မ

မိုးရွာသွန်းနေသည့် ရန်ကုန်မြို့တွင်း တစ်နေရာအား နိုဝင်ဘာလ 5 ရက်နေ့က တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  Eleven Media Group

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis