menu

Friday 9 November 2012

တော်ဝင်မိသားစု ကုမ္ပဏီ၏ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၅ရက်မြောက်နေ့တွင် ကုမ္ပဏီဥက္ကဌ ဦးကိုကိုထွေးမှ သတင်းစာရှင်းလင်း




11m
တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၅ ရက်မြောက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုသည့် အချက်များအား ဥပဒေပြင်ပ ရောက်ရှိနေသောကြောင့် လိုက်လျောနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်း၊ အမှတ် ၃၅၅ ရှိ တော်ဝင်မိသားစု ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့ရာ သတင်းမီဒီယာများမှ စာနယ်ဇင်းသမား ၇၀ ၀န်းကျင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

11m1
သတင်းစာရှင်းလင်းပွဲတွင် တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက “ဆန္ဒပြတယ်ဆိုတာ ကိုယ် ရသင့် ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးနေရင် လူဖြစ်ပြီး လူ့အခွင့်အရေး ဆုံးရှုံးနေရင် အလုပ်သမားဖြစ်ပြီး အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေရင် ပထမဆုံး ပေးနိုင်တဲ့သူတွေဆီကို တောင်းဆိုရမှာ။ ဒီအတိုင်း ပါးစပ်နဲ့တောင်းဆိုလို့ရတာကို ဆန္ဒပြတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ မင်းတို့ကို ပေးသင့်ပေးထိုက်ရဲ့နဲ့ မပေးတဲ့သူတွေ ရှိတယ်ဆိုရင် အဲဒီလူတွေကို ငါအရေးယူမယ်ဆိုပြီး ကျွန်တော့်အလုပ်သမားတွေကို ရှင်းပြခဲ့တယ်။ အခုဘာကြောင့် ဆန္ဒပြလည်းဆိုတဲ့ အချက်ကို ကျွန်တော်တို့ဘက်က တီးခေါက် မေးမြန်းကြည့်တော့ ဥပဒေမဲ့ ဆူပူလှုပ်ရှားဖို့ လှုံ့ဆော်သူအချို့ရဲ့ သွေးထိုးလှုံဆော်မှုတွေကြောင့် ဆန္ဒထုတ်ဖော်တယ်လို့ ကျွန်တော်တို့သိရတယ်။ တော်ဝင်ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းကို အဓိက လုပ်တဲ့ကုမ္ပဏီပါ။ ဆောက်လုပ်ရေး အလုပ်သမားတွေက ဆောက်လုပ်ရေးလုပ်ငန်း မလုပ်လိုတာကို ကုမ္ပဏီဘက်က လိုက်လျောခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သစ်အချောထည် စက်ရုံဆိုတာကလည်း သစ်တောပြုန်းတီးမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ သစ်ခုတ်မှုတွေ လျော့ချလိုတာကြောင့် နိုင်ငံခြား တင်ပို့တဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးဖို့ ပစ္စည်းအနည်းငယ်သာ ထုတ်လုပ်နေပါတယ်” ဟု ပြောပြခဲ့ပါသည်။
11m2
“အခုဘာလို့ အသေးစိတ်ရှင်းပြရလည်းဆိုတော့ အရင်ကတစ်ခါ ကျွန်တော်ရှင်းပြခဲ့ပြီးပြီ။ ဂျာနယ်တွေအနေနဲ့ တစ်ဖတ်နဲ့တစ်ဖက် သတင်းမှန်မှန်ကန်ကန် ထွက်လာလိမ့်မယ်လို့ ကျွန်တော်ယူဆခဲ့တယ်။ တကယ် တန်းကြတော့ ဂျာနယ်တွေတော်တော်များများက တစ်ဖတ်သက်သတင်းတွေ ဖြစ်နေတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ဘက်က မှန်တယ်လို့ပြောတယ်။ သူတို့ကလည်း သူတို့မှန်ကန်တယ်လို့ ပြောမှာပဲ။ တကယ်တော့ ဂျာနယ်ဆိုတာက အဖြစ်အမှန်ကို ထုတ်ဖော်ရေးသားတာ ပြည်သူ့အတွက် ဖြစ်ပါတယ်လို့ ကျွန်တော်က ဆိုချင်ပါတယ်” ဟု ဦးကိုကိုထွေးက ဆက်လက်ပြောပါသည်။
ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည့် အလုပ်သမားများ တောင်းဆိုခဲ့သည့် အချက်ငါးချက်တွင် (၁) စက်ရုံတွင်ရှိ သော အလုပ်သမားများအား အပြင်ဆိုဒ်သို့မပို့ရန် (၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်း ချက်များ မထုတ်ပြန်ရန် (၃) စက်ရုံအတွင်း ၀င်ခွင့်မပေးသော အလုပ်သမားများအား On Duty ပေးရန်နှင့် လုပ်ခပေးရန် (၄) EC စာချုပ် အမြန်ဆုံး ချုပ်ဆိုပေးရန် (၅) လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေးရန် စသည့်အချက်များ ပါဝင်ကြောင်း အဆိုပါဆန္ဒပြ အလုပ်သမားများထံမှ သိရသည်။
11m3
တော်ဝင်ကုမ္ပဏီဘက်မှလည်း အလုပ်သမားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ အချက် ၆ ချက်ပါ သဘောထားအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့သို့ ပေးပို့ခဲ့ရာ စက်ရုံနှင့် တည်ဆောက်ရေး ခွဲထားပြီးဖြစ်သည့်အတွက် ဆောက်လုပ်ရေးဆိုဒ်သို့ စေလွှတ်ခြင်းဖြစ်ကြောင်း စက်ရုံနှင့် ပတ်သက်သည့် စည်းကမ်းချက်များကိုသာ ထုတ်ပြန်ကြောင်း တည်ဆောက်ရေးသို့ ပို့ထားပြီးဖြစ်သောကြောင့် လုပ်ငန်းခွင်သို့ ၀င်ရောက်ခြင်းမရှိသည့် လုပ်သားများအား On Duty သတ်မှန်ပေးရန် တာဝန်မရှိကြောင်း အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်(EC) စာချုပ်ကို စက်ရုံလုပ်သားများအား ချုပ်ဆိုနေကြောင်း၊ စာချုပ်ချုပ်ပြီးသော လုပ်သားများအား ဖူလုံရေးဝင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် ဆန္ဒထုတ်ဖော်လျက်ရှိသည့် အလုပ်သမားများအား အရေးယူ တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ဥပဒေအတိုင်းသာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကိုကိုထွေးက ပြောပြခဲ့သည်။
တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည်  တော်ဝင်ကုမ္ပဏီက ၎င်းတို့၏ ပြင်ပဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်စေခြင်းအား   အလုပ်သမားများဘက်မှ စက်ရုံ၌သာ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုအား အောက်တိုဘာလ ၂၅ ရက်နေ့မှ စ၍ ၂၄ နာရီပတ်လုံး နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
11m4
ယင်းဆန္ဒထုတ်ဖော်မှုတွင် အလုပ်သမားဦးရေ ၂၆၈ ဦး ပါဝင်ပြီး အလုပ်သမား ၁၀ ဦးသည် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။
ယင်းအစာအငတ်ခံ ဆန္ဒထုတ်ဖော်သည့် တော်ဝင်မိသားစုကုမ္ပဏီ အလုပ်သမားများနှင့် ပတ်သက်၍ ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက “အစာအငတ်ခံ ဆန္ဒပြတယ်ဆိုတာ အကြောင်းပြချက် ရှိရပါမယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့ကို အစာအငတ်ခံ ဆန္ဒပြလောက်တဲ့ အပြုအမူမျိုး ဘာတစ်ခုမှ မရှိပါဘူး။ မရှိဘဲနဲ့ အစာအငတ်ခံ ဆန္ဒပြနေတာကို ကျွန်တော်တို့က ဘာမှလုပ်ပေးလို့ မရဘူး။ ဘာမှလုပ်ပေးလို့ မရတာကို ကျွန်တော်တို့က ဥပေက္ခာပြုရမှာပါ။ မိဘတောင် သားသမီးကို ဥပေက္ခာပြုရသေးတာပဲ။ ကျွန်တော်ကတော့ သူတို့အစာအငတ်ခံ ဆန္ဒပြတာကို မယုံပါဘူး” ဟု ပြောပြသွားပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis