menu

Tuesday 27 August 2013

အိန္ဒိယ ဓာတ်ပုံ သတင်းထောက် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများ အကုန် ဖမ်းမိ


အိန္ဒိယနိုင်ငံမှ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးနှင့် ပတ်သက်ပြီး မကျေနပ်မှုများ မြင့်တက်လာစေသည့် နောက်ထပ် လိင် အကြမ်းဖက်ခြင်း ရာဇဝတ်မှု တစ်ခုဖြစ်သော ဓာတ်ပုံ သတင်းထောက် အမျိုးသမီး ငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်သူများ အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ကျွန်တော်တို့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဌာနက နယူးဒေလီကနေ ငါးယောက်မြောက် ပြစ်မှု ကျူးလွန်သူကို ဖမ်းမိပြီ ဖြစ်လို့ မွန်ဘိုင်းကို ပြန်ခေါ်လာပြီ ဖြစ်ပါတယ်”ဟု အမည် ဖော်လိုခြင်း မရှိသော အစိုးရအရာရှိ တစ်ဦးက AFP ကို ပြောကြားခဲ့သည်။

အသက် ၂၀ စွန်းစွန်းသာ ရှိသေးသော အဆိုပါ ဓာတ်ပုံသတင်းထောက် မိန်းကလေးငယ်ကို လူငါးဦး ပါသော အုပ်စုက မွန်ဘိုင်းမြို့ ဈေးရပ်ကွက်တွင် အဓမ္မ ပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။


ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း နယူးဒေလီမြို့တော်တွင် ဘတ်စ်ကားပေါ်၌ အသက် ၂၃ နှစ် အရွယ် ကျောင်းသူ တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သောကြောင့်လည်း အဆိုပါမိန်းကလေး သေဆုံးခဲ့ရသည်။

အိန္ဒိယတွင် လူထုကလည်း ယင်းရာဇဝတ်မှုများကြောင့် အမျိုးသမီးများ ဘဝ လုံခြုံရေးအတွက် အစိုးရကို ဒေါသတကြီး ဆန္ဒပြခဲ့ကြသည်။

တရားခံများကို ရက်ခြားစီ ဖမ်းမိခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြို့တော် မွန်ဘိုင်း၌ ချုပ်နှောင်ကာ စစ်ဆေးလျက် ရှိသည်။

တရားခံများတွင် အသက် ၁၆ နှစ် အရွယ် လူငယ် တစ်ဦးပင် ပါဝင်သည်ဟု သတင်းများက ဖော်ပြထားပေသည်။

မုဒိမ်းမှု သားကောင် ဖြစ်ခဲ့ရသော ဓာတ်ပုံ သတင်းထောက် အမျိုးသမီးငယ် သည် လက်ရှိအချိန်တွင် မွန်ဘိုင်းရှိ ဂျက်စ်လော့ခ် ဆေးရုံတွင် တင်ထား ကုသမှု ခံနေရပြီး ၎င်း၏ ကျန်းမာရေးအခြေအနေသည် အလွန်ကောင်းမွန် တည်ငြိမ်လာလျက် ရှိသော်လည်း ဒဏ်ရာ ဒဏ်ချက်များစွာ ရရှိထားသည် ဟု ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

မိန်းကလေးသည် မွန်ဘိုင်းမြို့ ဘဏ္ဍာရေး ဈေးကွက်အနီးရှိ အသုံးမပြုတော့သော စက်ရုံကြီး တစ်ခုကို ဓာတ်ပုံရိုက်ရန် တာဝန်ပေးခံရပြီး အမျိုးသား အဖော်တစ်ဦးနှင့်အတူ သွားရောက် ရိုက်ကူးစဉ် ပြစ်မှု ကျူးလွန်သူများ ရောက်ရှိလာပြီး အမျိုးသား အဖော်ကို ကြိုးတုပ်ကြကာ ဓာတ်ပုံ သတင်းထောက် အမျိုးသမီးငယ်ကို သားမယား ပြုကျင့်ခဲ့ ကြခြင်း ဖြစ်သည်။

အိန္ဒိယတွင် လူထုက ဖိအားပေး တောင်းဆိုသောကြောင့် မုဒိမ်းမှုသည် လူသေပါက သေဒဏ် ပေးခံရနိုင်သည်အထိ ပြင်းထန်သွားခဲ့ပြီး လိင်ပိုင်း ဆိုင်ရာအရ စော်ကားမှု ပြုခြင်းဆိုသည့် အဓိပ္ပာယ်သည်လည်း ပိုမို ကျယ်ဝန်း လာသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis