menu

Friday 9 November 2012

မေ့ပင်မစိုက်နိုင်သေးပါ . .(နီမင်းဆွေ)





thn-7-11-4
အခုတလော ဘာ့ကြောင့်လဲ မသိဘူး၊ ခဏခဏမေ့တတ်နေတယ်။ အဲဒီလိုမေ့တတ်လာလို့ လုပ်စရာရှိတာလေးတွေကို မေ့မသွားရလေအောင် သတိပေးကြဖို့ ရုံးကလူတွေကို မကြာခဏမှာထားရတယ်။သူတို့က လူငယ်လေးတွေဆိုတော့ ကိုယ့်လိုမေ့တတ်ကြမှာမဟုတ်ဘူးလို့ ထင်မိတာကိုး။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ကကိုယ့်ထက်တောင်မှ ပိုပြီးမေ့တတ်ကြသေးတယ် ဆိုတာကို အံ့သြဖွယ်တွေ့လာရတယ်။ တစ်ခါတုန်းက မြို့ထဲကနေ ရုံးပြန်အလာမှာ ပူလွန်းလို့ ရုံးခန်းထဲက အဲကွန်းကိုဖွင့်ထားနှင့်စမ်းပါကွာလို့ တပည့်ကျော်ကို ကြိုပြီးဖုန်းဆက်မှာ ထားလိုက်ရတယ်။ ရုံးရောက်လို့ အခန်းထဲဝင်လိုက်တော့ အဲကွန်းဖွင့်ထားတာကို မတွေ့ရဘူး။ ဒါ့ကြောင့် တပည့်ကျော်ကို ခေါ်မေးတော့သူ့ရဲ့အဖြေက 'ဆရာ ကျွန်တော် မေ့သွားလို့ပါ' တဲ့။ ကဲ .. အဲဒါသာ ကြည့်တော့။ သုံးခုလောက်မှာတာကို တစ်ခုလောက်မေ့တယ်ဆိုရင် မပြောလိုဘူး။ ဒါနဲ့ကိုယ်လည်း စိတ်တိုပြီးရုံးခန်းထဲ တစ်ယောက်တည်းဝင်ထိုင်နေလိုက်တော့တယ်။ လေအေးစက်ကိုလည်း ကိုယ့်ဟာကိုယ်ဖွင့်ရတော့တာပေါ့။

နောက်ခဏအကြာ လေအေးစက်အရှိန်ရလာပြီး နည်းနည်းအေးလာတော့မှ စိတ်တိုနေတာလည်း ပြေသွားတယ်။ ဒါနဲ့တပည့်ကျော် မေ့တတ်ပုံကို ဆက်တွေးနေရင်းနဲ့ ငယ်စဉ်အခါ မွေးရပ်မြို့လေးမှာ နေစဉ်တုန်းက မေ့တတ်တဲ့ ၀မ်းကွဲအစ်ကို ကြီးတစ်ယောက်အကြောင်းကို သတိရမိပါတယ်။ အစ်ကိုကြီးက တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး သဘောကောင်းလို့ ရပ်ကွက်လူငယ်တွေက သူ့ကို တော်တော်လေးချစ်ခင်ကြတယ်။ ငွေကြေးလည်းတတ်နိုင်သူဖြစ်တဲ့အတွက် တပေါင်းလရပ်ကွက် ဘုရားပွဲမှာ ပွဲခံပြီး သီချင်းဆိုကြရအောင် ငွေလေးကြေးလေးစိုက်ထုတ်ပြီး လုပ်ပေးစမ်းပါ အစ်ကိုကြီးရာလို့ ၀ိုင်းအပူကပ်ကြတယ်။ အစ်ကိုကြီးက 'ဒါဆိုရင် ငါလည်းတစ်ပုဒ်လောက်တော့ ဆိုရမှဖြစ်မှာမောင်' လို့ ပြန်ပြောပါတယ်။ အဲဒီအခါမှာ အားလုံး က၀ိုင်းပြီး 'တစ်ပုဒ်မကဘူး၊ အစ်ကိုကြီး ကြိုက်သလောက်ဆို'လို့ ပြောကြတာနဲ့ အလုပ်ဖြစ်သွားပါတယ်။

နိုင်ငံတစ်နိုင်ငံ ဘယ်လောက် စည်းကမ်းသေ၀ပ်သလဲ တရားဥပဒေဘယ်လောက်စိုးမိုးနိုင်သလဲဆိုတာ သိချင်ရင် တခြားဘယ်နေရာကိုမှ သွားကြည့်နေစရာမလိုပါဘူး၊ အဲဒီ နိုင်ငံရဲ့မြို့ကြီးတွေပေါ်က လမ်းတွေပေါ်မှာ နာရီဝက်လောက်ကားစီးကြည့်တာနဲ့ သိနိုင်ပါတယ်.....
အဲဒီပွဲနေ့မရောက်ခင် ၃ ရက် လောက်အလိုကတည်းက ဇာတ်တိုက်ကြပါတယ်။ အဲဒီခေတ် အဲဒီအချိန်အခါက တအားခေတ်စားနေတဲ့ ရေဒီယိုအဆိုကျော်သန်းထွန်းလေးရဲ့ 'မမေ့သောအညာ' သီချင်းကို အစ်ကိုကြီးကဆိုမှာဖြစ်ပါတယ်။ အစ်ကိုကြီးဟာ သီချင်းတစ်ပုဒ်လုံးကိုအလွတ်ရပေမယ့် ပြဿနာက လက်ပံပွင့်ဆိုတာကို ခဏခဏမေ့နေတတ်လို့ပါပဲ။အဲဒါကိုသိတဲ့ ညီငယ်တစ်ယောက်က ဒါလေးများအလွယ်လေးလို့ပြောပြီး ပွဲကျင်းပမယ့်နေ့လယ်မှာ စက်ဘီးတစ်စီးနဲ့ မြို့ပြင်ထွက်ပြီး မြစ်ကမ်းနဖူးမှာရှိတဲ့ လက်ပံပင်ကြီး တစ်ပင်အောက်က လက်ပံပွင့်တစ်ပွင့်ကောက်လာပေးလို့ ပြဿနာပြေလည်သွားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ 'မမေ့သောအညာ'သီချင်းကို အစ်ကိုကြီး ဇာတ်စင်ပေါ်တက်ပြီး သီဆိုတဲ့အခါကျမှ တကယ့်ပြဿနာအစစ်ကဖြစ်တော့တာပါ။ အစ်ကိုကြီးဟာ အဲဒီသီချင်းကိုဆိုနေရင်းသူမေ့လေ့မေ့ထရှိတဲ့နေရာအရောက် အင်္ကျီအိတ်ကပ်ထဲ အဆင်သင့်ထည့်ယူလာတဲ့ လက်ပံပွင့်ကိုထုတ်ပြီး ကြည့်လိုက်တဲ့အခါ လက်ပံပွင့်ကို မြင်လိုက်ရပေမယ့် 'လက်ပံပွင့်'လို့ ဆိုရမယ်ဆိုတာကို အစ်ကိုကြီးမေ့သွားတဲ့အတွက်ဖြစ်ပါတယ်။ ဒါနဲ့ဖြတ်ထိုးဉာဏ်သုံးပြီး လက်ပံပွင့်ကို ပရိသတ်ထုတ်ပြရင်း အစ်ကိုကြီးက 'ဟောဒီအပွင့်လေးတွေ လေအတိုက်ကြွေလိုက်တဲ့အခါ.. တ၀ဲဝဲဝေ့လို့ လေယာဉ်ပမာ..'လို့ ဟန်ပါပါနဲ့ ဆိုလိုက်ပါတယ်။ ပရိသတ်ကလည်း တကယ်သရုပ်ပါအောင် လုပ်တယ်ထင်ပြီး လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြတာပေါ့။ ဒါပေမဲ့ သီချင်းဆိုပြီးလို့ ဇာတ်ခုံအောက်ရောက်တဲ့အထိ အစ်ကိုကြီးနဖူးက ချွေးစေးတွေမခြောက်သေးဘူး။ ပါးစပ်ကလည်း 'ငါ့ကွာ.. တော်ပါသေးရဲ့ပရိသတ်က ဘာပြောနေကြသေးလဲ'လို့ အမောတကောနဲ့ မေးပါတယ်။ ကိုယ်တို့လည်း အစ် ကိုကြီးအမောပြေသွားအောင် 'ပရိသတ်က ဘယ်ရိပ်မိမလဲ၊ အစ်ကိုကြီး သရုပ်ပါအောင် တကယ်ကြိုးစားပြီး လုပ်ပြတယ်ပဲ ထင်ကြတာပေါ့' လို့ ၀ိုင်းဖြေကြပါတယ်။ အဲဒီမှာ 'အစ်ကိုကြီးက ဘယ်ကလာ သရုပ်ပါရမှာလဲကွာ၊ ဒီလက်ပံပွင့်ဆိုတာကို ဘယ် လိုစဉ်းစားလို့မှမပေါ်ဘူး၊ အခုဇာတ်ခုံအောက်ရောက်ပြီး မင်းတို့နဲ့တွေ့မှ လက်ပံပွင့်ဆိုတာကိုသတိရတော့တယ်' လို့ပြောလိုက်တဲ့အတွက် ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ရပါတယ်။
ကိုယ်လည်း အဲဒီအကြောင်း ပြန်တွေးရင်း ရုံးခန်းထဲမှာ တစ်ယောက်တည်းထိုင်ပြီး ပြုံးနေမိပါတယ်။တစ်ဆက်တည်းမှာပဲ လောကကြီးမှာ မေ့တတ်တာကောင်းသလား၊ ဘ၀မှာ မေ့သင့်တာတွေက ဘာတွေလဲ၊ မမေ့သင့်တာတွေက ဘာတွေလဲလို့ ဆက်တွေးကြည့်မိတဲ့အခါ ကိုယ့်နိုင်ငံရဲ့ ပြည်သူလူထုဟာ ဘယ်အကြောင်းအရာတွေကိုပဲ မေ့မေ့ဆို စကားတစ်ခွန်းကိုတော့ ဘယ်သောအခါမှ မေ့ကြမှာမဟုတ်ဘူးဆိုတာ တွေးကြည့်ရင်းနဲ့ သိလာရပါတယ်။
အဲဒီအသိနဲ့အတူ ဆယ်တန်း ကျောင်းသားဘ၀မှာကတည်းက ခင်မင်လာခဲ့တဲ့ ငယ်သူငယ်ချင်းတစ်ယောက် ပြောသွားခဲ့တာလေးကို သတိရမိပါတယ်။ အဲဒီသူငယ်ချင်းဟာ တပ်ထဲဝင်သွားပြီး အခုတော့ အငြိမ်းစားတောင်ယူသွားခဲ့ပါပြီ။ သူငယ်ချင်းက 'ငါတို့ တပ်လောကမှာ တပ်တစ်တပ် ဘယ်လောက်စည်းကမ်းရှိတယ်ဆိုတာကို သိချင်ရင် ဗဟိုကင်းကို သွားကြည့်ရတယ်၊  နောက်တပ်တစ်တပ်ဘယ်လောက် စည်းကမ်းပျက်နေသလဲဆိုတာကို သိချင်ရင် အဲဒီတပ်ရဲ့ မော်တော်ယာဉ်ဌာနကို သွားကြည့်ရတယ်' လို့ ပြောပြီး အဲဒီအကြောင်း ကိုယ့်ကိုနည်းနည်းရှင်းပြသွားခဲ့ပါတယ်။
တပ်မျက်နှာစာမှာရှိတဲ့ ဗဟိုကင်းဆိုတဲ့ ကင်းရုံဝင်းထဲမှာ အမှိုက်ဆိုလို့ ဘာတစ်ခုမှရှိလို့မရဘူး၊ ကင်းရုံအဆောက်အအုံနံရံတွေကိုလည်း ရေနံချေးဝနေအောင်သုတ်ထားရတယ်။ နောက်ပြီး သူငယ်ချင်းဆက်ပြောတာက သူတပ်ထဲဝင်ကာစတုန်းကဆိုရင် ဗဟိုကင်းခြံစည်းရိုးက သွပ်ဆူးကြိုးတွေပေါ်မှာ နေလှန်းထားတဲ့ ကြွက်ခေါင်းတွေကို ပြထား ရတယ်။ မပြနိုင်ရင် တပ်ကိုလာစစ်တဲ့အခါ အားလုံးအရေးယူခံရတော့တာပဲလို့ ဆိုပါတယ်။ ဗဟိုကင်းရုံထဲက ပစ္စည်းတွေကို ဖျက်ဆီးကြမယ့် ကြွက်တွေကို သုတ်သင်ရှင်းလင်းဖို့ ကင်းတာဝန်ကျတွေအမြဲ အားထုတ်နေရတယ်ဆိုတဲ့သဘောကို သူငယ်ချင်းက ဆိုလိုချင်တာဖြစ်ပါတယ်။ မော်တော်ယာဉ်ဌာန ဆိုတာကတော့ သန့်ရှင်းသပ်ယပ်နေအောင်လုပ်ထားဖို့ အင်မတန်မှ ခက်ခဲတဲ့နေရာပါ။ သမံတလင်းပေါ်က ဆီချေးတွေ၊ ကားသုတ်ထားတဲ့ အ၀တ်စုတ်တွေနဲ့ ပျက်နေတဲ့ကားတွေကို သန့်ရှင်းသပ်ယပ်အောင် လုပ်ထားဖို့ အချိန်မရတာကများပါတယ်။ အရေးပေါ်အရေးပေါ်ဆိုပြီး ကားတွေကလည်း အမြဲလိုထွက်နေရတာကိုး။ ဒါ့ကြောင့် တပ်တစ်တပ်ရဲ့မော်တော်ယာဉ်ဌာနကိုသွားကြည့်ရင် အမြဲစိတ်ပျက်စရာကောင်းနေတာကို တွေ့မြင်ရလိမ့်မယ်လို့ သူငယ်ချင်းက ဆိုပါတယ်။
သူငယ်ချင်းပြောသွားတဲ့ အကြောင်းအရာလေးကို ပြန်စဉ်းစားပြီး နိုင်ငံတစ်နိုင်ငံ စည်းကမ်းဘယ်လောက်ကောင်းသလဲဆိုတာကို သိချင်ရင်ရော ဘယ်နေရာကိုသွားကြည့်ရမလဲ၊ နိုင်ငံတစ်နိုင်ငံစည်းကမ်း ဘယ်လောက်ပျက်နေသလဲဆိုတာကို သိချင်ရင်ရော ဘယ်နေရာသွားကြည့်ရမလဲလို့ တွေးနေမိပါတယ်။ အဲဒီလိုတွေးလိုက်မိတဲ့အခါ ကိုယ့်နိုင်ငံစည်းကမ်း ဘယ်လောက်ကောင်းသလဲ ပျော်စရာဘယ်လောက်ကောင်းသလဲဆိုတာပြချင်ရင် ကိုယ်ခေါ်လာတဲ့ နိုင်ငံခြားသားဧည့်သည်ကို ရွှေ တိဂုံဘုရားလိုနေရာမျိုးကို အရင်ခေါ်သွားရင်ကောင်းလိမ့်မယ်လို့ စဉ်းစားမိပါတယ်။  ကိုယ့်နိုင်ငံစည်းကမ်းဘယ်လောက်ပျက်နေသလဲဆိုတာ နိုင်ငံခြားသားဧည့်သည်ကို အမြန်ဆုံးအလွယ်ဆုံးသိစေချင်တယ်ဆိုရင်တော့ ဘာမှသိပ်ခက်လှမယ် မထင်ဘူး။ အဲဒီနိုင်ငံခြားသားဧည့်သည် မင်္ဂလာဒုံလေဆိပ်ရောက်တာနဲ့ တက္ကစီနဲ့ ရန်ကုန်ဘူတာကြီးကိုတန်း ခေါ်သွားပြီး မန္တလေးသွားမယ့် ရထားပေါ်တင်လွှတ်လိုက်ရုံနဲ့ ကိုယ့်နိုင်ငံသားတွေ စည်းကမ်းမရှိတာ၊ အများပြည်သူပို့ဆောင်ရေးလုပ်ငန်း တွေ ညစ်ပတ်ပေရေနေတာတွေကို နိုင်ငံခြားသားတွေတွေ့သွားကြမှာမို့ပါပဲ။
နိုင်ငံတစ်နိုင်ငံ ဘယ်လောက် စည်းကမ်းသေ၀ပ်သလဲ တရားဥပဒေဘယ်လောက်စိုးမိုးနိုင်သလဲဆိုတာ သိချင်ရင် တခြားဘယ်နေရာကိုမှ သွားကြည့်နေစရာမလိုပါဘူး၊ အဲဒီ နိုင်ငံရဲ့မြို့ကြီးတွေပေါ်က လမ်းတွေပေါ်မှာ နာရီဝက်လောက်ကားစီးကြည့်တာနဲ့ သိနိုင်ပါတယ်။ ကိုယ်တို့နိုင်ငံကလူတွေဟာ ယာဉ်ကြောသုံးကြောရှိတဲ့အနက် ဘယ်ဘက်ဆုံးမှာရှိတဲ့ အမြန်ယာဉ်ကြောပေါ်မှာ အမြဲမောင်းနေလို့ မရဘူးဆိုတာကို ခုချိန်ထိမသိကြသေးပါဘူး။ ရှေ့ကကားကို ကျော်တက်တဲ့အခါမှာပဲ အဲဒီယာဉ်ကြောကို အသုံးပြုရတယ်။ ကျော်တက်ပြီးတာနဲ့ အလယ်ယာဉ်ကြောကို ပြန်ဝင်ရတယ်ဆိုတာသိလျက်နဲ့ တမင်မထီမဲ့မြင်ပြုတာက ပိုဖြစ်နိုင်ပါတယ်။ နောက်ပြီး သံရုံး တွေရှေ့လမ်းပေါ်အ၀င်ဝမှာ 'Yellow Box'လို့ ခေါ်တဲ့ အ၀ါရောင်ဆေးနဲ့ ဘောင်ကွတ်ပြီး အထဲမှာ ကြက်ခြေခတ်ထားတဲ့နေရာတွေပေါ်မှာ ကားတွေကို စတိုင်နဲ့ ရပ်ထားကြတာတွေ၊ မီးပွိုင့်စောင့်ပြီးရပ်နေကြတဲ့ ကားတွေကို လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်နေကြတာတွေကို မမြင်ချင်မှ အဆုံးပါပဲ။ ဒီလို လမ်းစည်းကမ်းဖောက်ဖျက်တာတွေဟာ တရားဥပဒေမစိုးမိုးနိုင်တာကိုပြနေတဲ့အခြေခံအကျဆုံး သာဓကတွေဖြစ်တယ်။            နိုင်ငံခြားသားတွေ ရန်ကုန်နဲ့ မန္တလေးကို ရထားနဲ့ ခရီးသွားတဲ့အခါ တွေ့ကြရမယ့် ကိုယ့်နိုင်ငံရထားတွဲတွေပေါ်က ကြမ်းခင်းတွေ ညစ်ပတ်ချင်တိုင်းညစ်ပတ်နေတာတွေ၊ ဆိုဖာထိုင်ခုံတွေ ဂျီး(ချေး) ရောင်ထနေတာတွေ၊ ထိုင်ခုံမူလီပြုတ်နေတာတွေဟာ ကားလမ်းပေါ်က မော်တော်ယာဉ်တွေ စည်းကမ်းပျက်နေကြတာလောက် အရေးမကြီးသေးဘူးလို့ ထင်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကို ပြုပြင်ဖို့ထက် စိတ်ပိုင်းဆိုင်ရာပျက်စီးယိုယွင်းနေတာကို ပြုပြင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ယူဆမိလို့ပါပဲ။
ကိုယ့်တစ်ယောက်တည်းရဲ့ အယူအဆကို ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ အမြန်ဆုံးတိုးတက်ဖို့ ပြုပြင်ပြောင်းလဲရမယ့် အရေးကြီးဆုံးလိုအပ်တဲ့ အရာကတော့ အဲဒီနိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ်ပဲဖြစ်ပါတယ်။ အဲဒီနိုင်ငံထဲက တချို့နိုင်ငံသားတွေ စည်းကမ်းဖောက်ပြီး နိုင်ငံ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် ကြံဆောင်နေသရွေ့၊ နိုင်ငံပျက်စီးရာပျက်စီးကြောင်း ကြံဆောင်နေသရွေ့၊ အဲဒီလူတွေရဲ့ ခြေလှမ်းတွေကို ကြိုမြင်ပြီး အသိဉာဏ်ရှိတဲ့ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ၀ိုင်းပြီး မဟန့်တားနိုင်သရွေ့၊ အဲဒီ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဟာ ရှေ့တစ်ဆင့်တက်နိုင်မယ်လို့ မထင်ပါဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံပြောင်းလဲတိုးတက်သွားမှာကမမြင်ချင်မတွေ့ချင်တဲ့လူတွေ အမြဲလိုလို ရှိနေတတ်ပါတယ်။ဒါ့ကြောင့်လည်း တချို့နိုင်ငံတွေမှာ မလိုအပ်ဘဲ ပြဿနာတွေ တစ်ခုပြီးတစ်ခုထပ်ထပ်တက်နေကြရတာမဟုတ်လား။
ဒီနေရာမှာ မိတ်ဆွေတစ်ယောက် ပြောပြတဲ့အကြောင်းအရာလေးတစ်ခု အကြောင်းကိုလည်း သွားပြီးသတိရမိပါတယ်။ သူကတော့ တိရစ္ဆာန်တွေကိုမနှိပ်စက်ကြဖို့ ကမ္ဘာမှာ ကြိုးစားအားထုတ်လာကြပုံတွေအကြောင်း သူ့အဓိပ္ပာယ်နဲ့ သူကိုယ့်ကိုပြောပြသွားခဲ့တာဖြစ်တယ်။ ဒါကို ကိုယ်က လည်း ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ပြန်ပြောပြချင်မိတာပါ။ လူတွေ တိရစ္ဆာန်တွေအပေါ်ရက်စက်ကြပုံကို မိတ်ဆွေဖြစ်သူက ဥပမာတစ်ခုပေးပြီး ပြောသွားခဲ့တာပါပဲ။ အဲဒါကတော့ ဆပ်ကပ်အဖွဲ့တစ်ခုထဲမှာ  ပူပူနွေးနွေးရောက်လာတဲ့ မျောက်တစ်ကောင်ကို စက်ဘီးစီးသင်ကြတဲ့ အကြောင်းပဲဖြစ်တယ်။ အသစ်ရောက်လာတဲ့မျောက်က စက်ဘီးပေါ်ခွထိုင်ပေမယ့် စက်ဘီးကို မနင်းဘူး။  ရှေ့ကမျောက်တွေ စက်ဘီးစီးပြပေမယ့် လိုက်မလုပ်ဘူး။ ကြိမ်နဲ့ရိုက်ခိုင်းလည်း မနင်းဘူး။ မလုပ်တတ်သလိုလို ဘာလိုလိုနဲ့ အကြောင်ရိုက်ပြနေတယ်။ အဲဒီတော့ စက်ဘီးပေါ်ထိုင်နေတဲ့ မျောက်ရှေ့မှာ လူလေးယောက်ရောက်လာပါတယ်။ နှစ်ယောက်က ငန်းအဖြူကြီးတစ်ကောင်ကို လည်ပင်းကတစ်ယောက် ကိုယ်လုံးကတစ်ယောက် ကိုင်ထားပါတယ်။ တစ်ယောက်က ငန်းရဲ့လည်ပင်းအောက်မှာ ဇလုံးတစ်လုံး ခံထားပေးပါတယ်။ နောက်တစ်ယောက်ကတော့ ငန်းရဲ့လည်ပင်းကို ဓားထက်ထက်နဲ့ လှီးပြတော့တာပါပဲ။ အဲဒီအခါကျမှ မောင်မင်းကြီးသားမျောက် စက်ဘီးကို ချက်ချင်းနင်းပါတော့တယ်။
ဒီနိုင်ငံမှာလည်း ကိုယ့်နိုင်ငံပျက်စီးအောင် ကြွက်လိုဖျက်လိုဖျက်ဆီးလုပ်နေတဲ့လူတွေ စက်ဘီးမနင်းချင်တဲ့လူတွေကို ကိုင်တွယ်ဖို့ အသိဉာဏ်ရှိတဲ့ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းပြီးတာဝန်ယူသွားကြရမှာပါပဲ။ သို့ပေမယ့် အသိဉာဏ်ရှိတဲ့ ပြည်သူတွေဟာ စည်းကမ်းဖောက်တဲ့ လူတွေနဲ့ ပြေးနေတဲ့ စက်ဘီးတစ်စီးရဲ့ စပုတ်တန်တွေကြားကို ၀ါးလုံးတစ်လုံးလျိုသွင်းလိုက်သလို ကိုယ့်နိုင်ငံဖြစ်သွားအောင် လုပ်ချင်နေကြတဲ့လူတွေကို ကြွက်တွေငန်းတွေအပေါ် တချို့လူတွေလုပ်သလို လုပ်ဖို့ ဆန္ဒရှိကြမယ် မထင်ပါဘူး။ ဒီလိုပါပဲ 'မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ'ဆိုတဲ့ အချုပ်တန်း ဆရာဖေရဲ့ သက်တမ်း ၁၂၇ နှစ်သာရှိသေးတဲ့  တေးထပ်တစ်ပုဒ်ထဲက ဆိုစကားကိုလည်း မေ့နိုင်ကြဦးမှာမဟုတ်တဲ့အတွက် အခုအချိန်မှာ တကယ်စိတ်ဆင်းရဲနေကြသူတွေကတော့ အဲဒီအသိဉာဏ်ရှိတဲ့ ပြည်သူတွေသာဖြစ်ပေလိမ့်မယ်။
တကယ်လည်း အဲဒီဆိုစကားကို ကိုယ်တို့တတွေ မေ့ပင်စိုက်ပြီး မေ့လိုက်ချင်လို့ မသင့်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံ ဒီတစ်ခါတိမ်းချော်သွားရင် ကိုယ်တို့ သားစဉ်မြေးဆက်တွေရဲ့ဘ၀ဟာ လေအတိုက်ကြွေလိုက်တဲ့အခါ တ၀ဲဝဲဝေ့လို့ လေယာဉ်ပမာကြွေကျလာတဲ့ လက်ပံပွင့်လေးတွေလိုဖြစ်မှာမဟုတ်တော့ဘဲ မြေကြီးမာမာပေါ်မှာ သရက်သီး မှည့်ကြွေကျသလို အစေ့တခြားအသားတခြားဖြစ်ကုန်ကြတော့မှာမို့ပါပဲ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis