menu

Tuesday 27 August 2013

အမေ့ခံ ရန်ကုန်မြို့ လူငယ်များ

Photo: အမေ့ခံ ရန်ကုန်မြို့ လူငယ်များ

အယ်ဒီတာတစ်ဦး

ရန်ကုန်မြို့လယ် အချက်အချာကျသည့် ကုန်တိုက်ကြီးတစ်ခု နောက်တွင် စကိတ်ဘုတ်ပြား စီးသည့် လူငယ်တစ်စု ကစားနေကြသည်။ မွန်းလွဲ နေရောင်အောက်တွင် အက်ကွဲနေသည့် ကွန်ကရစ် လမ်းပေါ်၌ သူတို့အရိပ်တွေ လှုပ်ရှား ယိမ်းထိုးနေသည်။ စကိတ်စီးသည့် နေရာအဖြစ် သီးခြား လာဆောက်ပေးထားသည့် ဤနေရာတွင် သစ်သားတန်းများ၊ သံချေး တက်နေသည့် ရထားသံလမ်း အရံအတားများ ရှိနေပြီး ကားတာယာ သုံးလုံးကို ဆင့်ထားသည့် အပေါ်သို့ စကိတ်သမား တစ်ယောက်က ခုန်ကျော်လိုက်သည်။

မြို့တော် ဗဟိုကုန်တိုက်ကြီးဆီမှ ခပ်ဝဝ လုံခြုံရေး တစ်ယောက်က ထိုစကိတ်စီးနေသည့် အုပ်စုကို သင်္ကာမကင်းစွာနှင့် လှမ်းကြည့်နေသည်။ သူက မျက်လုံးကို မှေးပြီး နာရီကို ကြည့်လိုက်သည်။ ကုန်တိုက်က ည ၉ နာရီတွင် ပိတ်မည်။ ထိုအချိန်ကျမှ ကောင်လေးတွေကို မောင်းထုတ်ရမည်။

ဖရိုဖရဲ ပျက်စီးလုနီးပါး ဖြစ်နေသော ဤစကိတ်ကွင်းသည် လူငယ်တို့အတွက် ဒုတိယ အိမ်ဂေဟာ ဖြစ်သည်။ သူတို့မှာ အနားယူ အပန်းဖြေချိန် အတွက် ရွေးချယ်စရာတွေက နည်းပါးလှသည်။ ပျက်စီးနေသည့် လမ်းမကြီး များ၊ ချိုင့်ကျင်းများနှင့် ပြည့်နေသည့် လမ်းမကြီးများပေါ်တွင် သူတို့ စကိတ်စီးရန် ဆိုသည်မှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့တော်ကြီး ဖြစ်သည့် ရန်ကုန်မြို့က စကိတ်ဘုတ်စီးသူတို့ ဘဝသည် လက်ရှိ အနေအထားတွင် တိုက်ပွဲ ဆင်နွှဲကာ စီးကြရမည့် အနေအထားတွင် ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ကို မြို့ထဲတွင် လက်ခံမည့် အနေအထားမရှိ။ ထို့ကြောင့်လည်း လူထု နှင့် ဝေးရာ စကိတ်ကွင်းသို့ သူတို့ကို မောင်းထုတ် ထားခြင်း ဖြစ်သည်။

သူတို့ ဝါသနာပါသည့် စကိတ်ဘုတ် စီးရန် နေရာ တစ်နေရာရရေး သူတို့ အများကြီး ကြိုးပမ်းကြရ ပေလိမ့်မည်။ မြန်မာ့ အစဉ်အလာက သူတို့ ဓလေ့ကို လက်ခံလာရန် အများကြီး ကြိုးပမ်းရဦးမည်။

Youth of Yangon ဆိုသည့် မှတ်တမ်း ရုပ်ရှင်ကားလေး တစ်ကား ထွက်လာ သည်။ ထိုရုပ်ရှင်ကား ထဲတွင် ရန်ကုန်မြို့ရှိ စကိတ်ဘုတ် စီးသူ လူငယ်လေး များ၏ ဘဝကို မှတ်တမ်းတင်ထားသည်။ သူတို့သည် တရားမဝင် မြေအောက် လှုပ်ရှားမှု အသွင်နှင့်လည်း စကိတ်စီးကြသည်။ လမ်းတွေပေါ် တက်ကာ ပြောင်ပြောင်တင်းတင်း စကိတ်စီးကြပုံများကို မှတ်တမ်းတင်ထားသည်။ ထိုရုပ်ရှင်ကို ဗြိတိန်နိုင်ငံက Jamesm Holman, Ali Drummond နှင့် Toby Mills တို့ သုံးဦးက လာရောက် မှတ်တမ်းတင် ရိုက်ကူးကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ 

“မြန်မာပြည်က အလျင်အမြန် ပြောင်းလဲနေတယ်။ အဲဒီ ပြောင်းလဲမှုမှာ ကျွန်တော်တို့လည်း ပါချင်တယ်” ဟု စကိတ်သမား တစ်ဦးဖြစ်သူ အာကာဘိုက ဆိုသည်။

မှတ်တမ်းရုပ်ရှင် အစပိုင်းတွင် ရန်ကုန်မြို့လယ် ဖေဖော်ဝါရီလ မြင်ကွင်း ကို ဖော်ကျူးထားသည်။

“ကျွန်တော်တို့ အရင်က မလုပ်နိုင်ခဲ့တာတွေကို ကျွန်တော်တို့ လုပ်ပြချင် တယ်။ အဲဒါ ကျွန်တော်တို့ ဆန္ဒပဲ။ ကျွန်တော်တို့ဟာ ရန်ကုန်မြို့က လူငယ်တွေပါ”

ရုပ်ရှင်အစပိုင်း မြင်ကွင်းကို စကိတ်စီးသမား အုပ်စု တစ်စုနှင့် ဖွင့်ထားသည်။ လူသူ ကင်းမဲ့နေသည့် လမ်းမီးတိုင် အလင်းရောင်၏ ရှေ့တည့်တည့်တွင် ရန်ကုန်ရောက်တိုင်း ကမ္ဘာလှည့် ခရီးသွားများ ဦးတိုက်ရလေ့ ရှိသည့် ရွှေတိဂုံ စေတီတော်ကြီးကို ဖူးတွေ့ရသည်။ လူ နှစ်ဆယ်ခန့် ရှိမည့် အုပ်စု တစ်စုသည် တံဆိပ်ပါ တီရှပ်နှင့် မြန်မာတို့ ရိုးရာ ဝတ်ဆင်လေ့ရှိသည့် လုံချည်အစား ခပ်ကျပ်ကျပ် ဂျင်းဘောင်ဘီများကို ဝတ်ဆင်ထားကြသည်။

စကိတ်သမားများ ကျက်စားလေ့ရှိသည့် နေရာမှာ သုဝဏ္ဏစကိတ်ကွင်းဖြစ်ပြီး မြို့ပြင် တစ်နေရာ ပွဲများ ကျင်းပသည့် ခန်းမဆောင် တစ်ခုအနီးတွင် ရှိသည်။ ၁၉၉၄ ခုနှစ်ကတည်းက ထိုကွင်းကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သော်လည်း စကိတ်သမားနှင့် သိပ်အဆင်မပြေလှပေ။ သူတို့က ကွန်ကရစ် ဆင်ခြေလျှော လမ်းများ၊ စကိတ်လမ်းများကို သူတို့စိတ်ကြိုက် ဖောက်လုပ် ရန် တောင်းဆိုသော်လည်း ခွင့်မပြုခဲ့။ ၂၀၁၂ ခုနှစ် မေလတွင် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ စကိတ်ကွင်းကို ဖျက်လိုက်သည်။ 

ယခု မြို့တော် ဗဟိုကုန်တိုက် အနောက်တွင် ရှိနေသည့် စကိတ်စီးနေ သည့် နေရာကလည်း အဆောင်အယောင် အပြင်အဆင် ဘာတစ်ခုမှ မရှိသည့် နေရာသာ ဖြစ်သည်။ ထိုစကိတ်ကွင်းသည် ကုန်တိုက်နှင့် အနီးဆုံး နေရာတွင် ရှိနေပြီး ခြံစည်းရိုးများ ခတ်ထားသည့် နေရာဖြစ်ကာ ကုန်တိုက် ဖွင့်ချိန် အတွင်းသာ ကစားခွင့်ရှိသည် ဆိုသည့်သဘော ဖြစ်သည်။ ဤနေရာသည်သာ သူတို့ကို ကုန်တိုက်လာသူတွေက စိတ်ဝင်စား လျှင် စောင့်ကြည့်နိုင်သည့် နေရာ တစ်နေရာ ဖြစ်သည်။

“သူတို့ လိုအပ်တာတွေကို ဘယ်သူကမှလည်း ထောက်ပံ့ပေးကြတာ မဟုတ်ဘူး။ လိုအပ်တဲ့ ပစ္စည်းတွေလည်း ဘာမှ ရှိကြတာ မဟုတ်ဘူး။ ဒါနဲ့တောင် စကိတ်စီးသူတွေ အများကြီး ဖြစ်လာတယ်” ဟု ရုပ်ရှင် ရိုက်ကူးသည့် ဂျိမ်းစ်ဟိုးမန်းက ပြောကြားသည်။

ရုပ်ရှင်ထဲ အဖွင့်ညတွင် ပန်းဆိုးတန်း ပန်းချီပြခန်းကို တွေ့ရသည်။ ပန်းဆိုးတန်းလမ်း ဒုတိယထပ်ရှိ ဆေးများ ကွာနေသော ထိုအခန်းထဲရှိ နံရံပေါ်တွင် စကိတ်စီးသမားများ၏ အဖြူအမည်း ဓာတ်ပုံများကို ပြသထား သည်။ ထိုဓာတ်ပုံပြပွဲကို  ‘ရန်ကုန်မြို့က စကိတ်သမားများ’ ဟု အမည်ပေး ထားသည်။ ဗြိတိန် ဓာတ်ပုံဆရာ ဟင်နရီ ကင်းစ်ဖို့ဒ်က စီစဉ် ပြသခဲ့ခြင်း ဖြစ် သည်။ သူ့ပုံများထဲတွင် လူငယ် စကိတ်သမားများသည် လေထဲတွင် စကိတ် စီးပြီး ဝဲပျံနေပုံများကို ရိုက်ထားသည်။ သူတို့ မျက်နှာများတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်၊ ဂုဏ်ယူမှု အပြည့်နှင့် ဖြစ်နေကြသည်။

စကိတ်သမားတွေကို ထောက်ခံသည့် အဖွဲ့အစည်းများ၊ NGO အဖွဲ့များ ရှိနေသည်။ စကိတ်သမား တွေက သူတို့ကို အားကစား ဝန်ကြီးက လက်ခံပြီး နေရာလေး တစ်နေရာ သတ်မှတ်ပေးစေချင်သည်။ ဗြိတိန်ရှိ အမည်မဖော်သော အဖွဲ့အစည်း တစ်ခုကလည်း စကိတ်ကွင်းကို အစိုးရက ခွင့်ပြုလျှင် အခမဲ့ တည်ဆောက်ပေးမည်ဟု ကတိပေးထားသည်။ သူတို့ကို ထောက်ခံသည့် ယခင် အားကစား ဝန်ကြီး ဌာနတွင် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်သွားသူ ဗိုလ်ချုပ် တစ်ဦးလည်း ရှိသည်။ ထိုသူက သူတို့ ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုသည်။ သူတို့က မြန်မာနိုင်ငံ စကိတ်ဘုတ်အဖွဲ့ တရားဝင် ပေါ်ပေါက်လာပြီး နိုင်ငံ တကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လိုကြသည်။

“ဒီဓာတ်ပုံပြပွဲကြောင့် ကျွန်တော်တို့ကို ပြည်တွင်းကနေ ဝိုင်းဝန်း ထောက်ပံ့ လာကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က နိုင်ငံတကာနဲ့ အညီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နေကြချိန်မှာ ကျွန်တော်တို့ စကိတ်ဘုတ် လည်း အဲဒီအထဲမှာ ပါစေချင်ပါတယ်” ဟု အသက် ၂၆ နှစ်အရွယ်ရှိ ရန်ကုန်မြို့တွင် နေထိုင်ပြီး ဤလှုပ်ရှားမှုတွင် ဦးဆောင်သည့် ရဲဝင့်ကိုက ပြောကြားသည်။ 

ရဲဝင့်ကိုသည် အထက်တန်းကျောင်းသား ဘဝကတည်းက စကိတ် စတင် စီးသူ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် Speed Ring စကိတ်ဘုတ် ကလပ်သို့ ဝင်သည်။ ထိုကလပ်သည် တရားမဝင် ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်ပြီး အသင်း ဝင်ကြေးအဖြစ် တစ်နှစ် ၁၀ ဒေါ်လာ ကောက်ခံသည်။ ထိုငွေမှာ လည်း အရည်အသွေး ပိုကောင်းသည့် စကိတ်ဘုတ်များ အခြား လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ကောက်ခံခြင်း ဖြစ်သည်။ လက်ရှိ ထိုကလပ်တွင် လူငယ် ၄၀ ဦးခန့် ရှိပြီး ဆက်လက် ကြီးထွားလာရန် အလားအလာရှိသော အဖွဲ့လည်း ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်ရန် မြန်မာပြည်ရှိ ပညာရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသော ဗြိတိန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဗြိတိသျှ ကောင်စီက ရန်ပုံငွေအချို့ စိုက်ထုတ်ပေးထားသည်။

“အထောက်အပံ့ ပေးတယ် ဆိုတာပဲ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က လူငယ်တွေနဲ့ အလုပ် လုပ်နေကြရတာ မဟုတ်လား။ လူငယ်တွေက သူတို့ဘဝတွေ၊ ဖန်တီးချင်တာတွေကို ထုတ်ဖော် ပြသဖို့ ထိန်းချုပ် ခံထားရတာ မဟုတ်လား။ စကိတ်ဘုတ်ဟာ သူတို့အတွက် ဒီလို ဖော်ထုတ် ပြသဖို့ အကောင်းဆုံး ဖြစ်တယ်လေ” ဟု ဗြိတိသျှကောင်စီ မြန်မာပြည်၏ ဒါရိုက်တာ ကီဗင်မက်ကင်ဇီက ပြောကြား သည်။

“နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ မြန်မာပြည်မှာ က ပြောင်းလဲနေပါတယ်။ အရာရာကို လမ်းတွေ ဖွင့်ပေးထားတယ်။ ထိန်းချုပ်ထားတယ်ဆိုတာ နည်းနည်းတော့ ရှိတယ်။ ခုဆိုရင် ပြည်သူ တွေ လုပ်ချင်တာကို စိုးရိမ် ကြောက်ရွံ့မှု မရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်ချိန် ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဟိုးမန်းနှင့် ဒရမ်မောင်းတို့ ကိုယ်တိုင်က စကိတ်သမားများ ဖြစ်ကြသည်။ ၂၀၀၉ ခုနှစ်လောက် ကတည်းက သူတို့ မှတ်တမ်း ရုပ်ရှင်များကို ရန်ကုန်နှင့် မန္တလေးတို့တွင် ရိုက်ကူးခဲ့သည်။ နိုင်ငံ၏ နိုင်ငံရေး အခြေအနေအရ တိုင်းပြည်အတွင်း လူသိနည်းနေသည့် စကိတ် အားကစားကို သူတို့က လူသိအောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

၁၉ မိနစ် ဇာတ်လမ်းတိုလေး ဖြစ်သည့် 'Altered Focus: Burma' ဟု အမည်ပေးထားသော ရုပ်ရှင်ကားလေးသည် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာ စကိတ်ဘုတ် ရုပ်ရှင် ပြိုင်ပွဲ၌ အကောင်းဆုံး လွတ်လပ်သည့် ဖန်တီး ထုတ်လုပ်ဆုကို ရရှိခဲ့သည်။

ဟိုးမန်းနှင့် ဒရမ်မောင်းတို့သည် လက်ရှိ မှတ်တမ်း ဓာတ်ပုံများကို ကမ္ဘာ အနှံ့ရှိ ပြပွဲများတွင် လိုက်လံ ပြသရန် ကြိုးပမ်းနေကြသည်။ မေလ ၁၁ ရက်နေ့တွင် 'Youth of Yangon' ကို သူတို့ ပြသခဲ့သည်။ 

ထိုရုပ်ရှင်တွင် ပါဝင်သည့် မြန်မာ လူငယ်များသည် ထိုခေတ် နိုင်ငံရေး အခြေအနေအရ ထိန်းထိန်း သိမ်းသိမ်း ပြောဆိုနေရသည်။ ရန်ကုန်နေ အသက် ၂၃ နှစ်အရွယ်ရှိ ညီညီနိုင်ဆိုလျှင် အစိုးရအနေနှင့် လူငယ်များကို အကူအညီပေးရန် ပြောနေသည်မှာ မဝံ့မရဲ ရှိလှသည်။

“တခြား တိုင်းပြည်တွေမှာ ဆိုရင် စကိတ်သမားတွေ အများကြီး တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အစိုးရက အထောက်အပံ့ ပေးလို့ပေါ့။ ကျွန်တော် ကတော့ မျိုးဆက်သစ်တွေအတွက် စကိတ်ကွင်း အသစ်တွေ ဆောက်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ညီညီနိုင်က ဆိုသည်။ သူသည် စင်ကာပူနိုင်ငံ တက္ကသိုလ်တွင် ကျောင်းတက်ခဲ့သူ ဖြစ်သောကြောင့် ထိုနိုင်ငံ တွင် ရှင်သန်နေသည့် စကိတ်စီးခြင်းကို ဤနိုင်ငံနှင့် နှိုင်းယှဉ်ပြောဟန် တူသည်။ 

Ref: On the Deck, by Katie DeRosa and Photography by James Holman, Globe, May, 2013

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis