menu

Thursday 4 October 2012

အမှတ်ပြည့် အက်ဆေး( မြေမှုန်လွင်)

ဓားလွယ်ခုတ်တွင် ထိုင်နေသည့် ဖွေးဖွေးက အသာ ငဲ့စောင်း ကြည့်နေသည်ကို သူမ သတိထားလိုက်မိသည်။ ဒါ တမင်သက်သက် ငါ ဖြေနိုင်ရဲ့လားလို့ လှည့်ပြီး စပ်စုတာနေမှာဟု တွေးမိပြီး သူမစိတ်ထဲတွင် ထောင်းခနဲနှင့် ဒေါသဖြစ်သွားသည်။
ယခင်လက လပတ် စာမေးပွဲတွင် သူမက အဆင့်နှစ်သို့ ကျသွားပြီး ဖွေးဖွေးက အဆင့် တစ်ဖြစ်ခဲ့သည်။ ဒီတစ်လတော့ အဆင့်တစ် ပြန်ဖြစ်စေရမည်ဟု ကျူရှင်၌ သူမ ကြိမ်းဝါးခဲ့ သည်ကို ဖွေးဖွေးကြားမိလိမ့်မည်။ ထို့ကြောင့် သူမကို ဖွေးဖွေးက လှည့်၍ အကဲခတ်ခြင်း ဖြစ်မည်။
ယခင်လက အဆင့်တစ်နှင့် နှစ်ဖြစ်သော်လည်း တစ်မှတ်သာကွာခြင်းဖြစ်သည်။ အစဉ်အဆက် အဆင့်တစ်ဖြစ်ခဲ့သော သူမကို ဖွေးဖွေး ကျော်သွားသည့် တစ်မှတ်မှာ လည်း ယခုဖြေနေသည့် အင်္ဂလိပ်အက်ဆေး ကဏ္ဍတွင် ဖြစ်သည်။
ထို့ကြောင့် မေးခွန်းကို စေ့စေစပ်စပ် ဖတ်လိုက်သည်။ My Family။ သူမ အပိုင်ဆုံးခေါင်းစဉ်။ အကြိမ်ကြိမ်အခါခါ ဂိုက်နှင့်လေ့ကျင့်ခဲ့သလို ကျူရှင်တွင်လည်း အမှတ်ပြည့် ရအောင် ဖြေဆိုခဲ့ဖူးသည့် ခေါင်းစဉ်ဖြစ်သည်။ ရွေးချယ်ခွင့်ပေးထားသည့် အခြားခေါင်းစဉ်များကိုပင် မကြည့်တော့ဘဲ ရေတံခွန်မှ ရေများ ဒလဟော ကျလာသကဲ့သို့ စာလုံးများ တစ်လုံးပြီးတစ်လုံး အဖြေလွှာပေါ်သို့ အဆက်မပြတ်။

တစ်ကြောင်းပြီးတစ်ကြောင်း ဘာအခက်အခဲမှ မရှိ။ သူမနာမည်နှင့် မိဘ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ အစ်ကိုနှင့် အစ်မ၏အမည်၊ သူတို့တက်ရောက် နေသည့် ကျောင်းများနှင့် ဘာသာရပ်များအမည် တကယ့်ကို ဟောတစ်ကြောင်း၊ ဟော တစ်ကြောင်းနှင့် ခေါင်းမဖော်စတမ်း အဆက်မပြတ်။
သို့သော်... သို့သော်...
သူမ အလွတ်ကျက်ထားသည့် သူမ ဖခင်သည် မိသားစုအပေါ် ကြင်နာ နွေးထွေးမှု အပြည့်ရှိကာ သူမ မိခင်ကိုလည်း ဂရုတစိုက် ချစ်ခင်ယုယသူတစ်ဦးဖြစ်သည် ဆိုသည့်စာကြောင်းကို ဆုံးအောင် မရေးနိုင်။ ဆည်တံခါးဝသို့ ရောက်သွားသည့် ရေတံခွန် ကဲ့သို့ ဆက်လက် မစီးဆင်းနိုင်တော့ဘဲ ဝေ့လည်ရိုက်နေသည်။
'မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ မလုပ်ကြပါနဲ့'
သူမ ငိုကြီးချက်မ တောင်းပန်နေသည့်ကြားမှ တစ်ယောက်ပါးကို တစ်ယောက် ဒေါသတကြီး အပြန်အလှန်ရိုက်နေသည့် တဖျန်းဖျန်းအသံများ။ သူမအဖေ ထွက်သွား သည့်အခါ ငိုနေသည့် သူမအမေ၏ တရှုပ်ရှုပ်အသံများ။ ဘောပင်ကိုချကာ နားနှစ်ဖက် ကို အမြန်ပိတ်လိုက်ရသည်။
'တ်ာတော့၊ လျှောက်မစဉ်းစားနဲ့၊ တော်တော့'
ကိုယ့်ကိုယ်ကိုယ် မနည်းအရှိန်ထိန်းရသည်။ ယောက်ယက်ခတ်သွားသည့် အတွေးများကို ကြိုးစား၍ ပြန်လည်စုစည်းလိုက်ရသည်။
အာရုံစိုက်စမ်း။ အဖြေလွှာကိုပဲ အာရုံစိုက်။ ဒါ စာမေးပွဲဖြေနေတာ။ နင့်မိသားစု ဘ၀အမှန်ကို ရိုက်စစ်နေတာ မဟုတ်ဘူး။ အလွတ်ကျက်ထားတဲ့အတိုင်းပဲဖြေ။ ဒါမှ အမှတ်ပြည့်ရမှာ။ ဒါမှ အဆင့်တစ်ရမှာ။
ကြိုးစားပြီး ထိုစာကြောင်းကို အကောင်းဆုံးဖြစ်အောင် ဆက်ရေးလိုက်သည်။ နောက်တစ်ကြောင်းဖြစ်သည့် သူမမိခင်ကလည်း မိသားစုအပေါ် ကြက်သားအုပ်မကြီး ကဲ့သို့ အချိန်ပြည့် ဂရုစိုက်၍ လိုလေသေးမရှိအောင် စောင့်ရှောက်ကြောင်းကိုပါ ဆက် ရေးလိုက်သည်။ ဒါတောင်မှ မျက်လုံးထဲတွင် ပေါ်လာသည့် ကတော်ကြီးများနှင့် တစ်နေကုန် မထဘဲ ဖဲထိုင်ရိုက်နေပုံများကို မနည်းကြိတ်မှိတ်၍ ဖျောက်ဖျက်ပစ်ရသည်။
ကျွန်မအစ်ကိုသည် ညီမဖြစ်သူ ကျွန်မအပေါ်၌...
ရေးနေသည့် စာကြောင်းမှာ တွန့်၍ရပ်သွားပြန်သည်။ ဂရုစိုက်၍ နားမလည်  သည့်သင်ခန်းစာများကို ရှင်းပြပါသည်။ ဆိုသည့်စာကို ဆက်မရေးနိုင်တော့။ သူမ အစ်ကိုဟုဆိုလိုက်လျှင် ရဲစခန်း၊ ဆေးထိုးအပ်၊ အရိုးငေါငေါမျက်နှာ၊ အသက်မဲ့အကြည့်၊ ခြောက်တီးခြောက်ကပ်ရယ်သံ၊ လက်အုပ်လေးချီ၍ သူမထံမှ ပိုက်ဆံတောင်း သဖြင့် စုဘူးလေးကို ခွဲပေးလိုက်ရသည့် အဖြစ်အပျက်များ ပိတ်ကားထက်မှာ ကြည့်နေရသလို တစ်ကွက်ပြီးတစ်ကွက် တဖျတ်ဖျတ်ပေါ်လာသည်။ ဘယ်မှာလဲ ကြင်နာမှု ဆိုတာ။ စာရှင်းပြဖို့နေနေသာသာ သူ့ဘာသာသူတောင် ဆယ်တန်းကို အကြိမ်ကြိမ် ကျခဲ့သူ။
'ကျွတ်'
တိတ်ဆိတ်နေသည့် စာမေးပွဲအခန်းထဲတွင် သူမ၏ ကျွတ်စုတ်လိုက်သည့် အသံကြောင့် ဆရာမအပါအ၀င် အတန်းဖော်များကပါ ၀ိုင်းကြည့်ကြသည်။ ထိုအခါမှ သူမသည် ရှက်ရှက်နှင့် ခေါင်းပြန်ငုံ့ကာ ထိုစာကြောင်းကို ချရေးလိုက်ပါသည်။
မမသည်...။
အဟင်း။ ရယ်စရာအတော်ကောင်းပါလား။ သူမ ကျက်ထားသည့် စာကြောင်း က ဘာ။ ညီမဖြစ်သူ ကျွန်မကို အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးလေးများ ၏ နေထိုင်ဝတ်စားပုံ ဓလေ့စရိုက်များအကြောင်း ရှေ့ဆောင်လမ်းပြကာ စံနမူယူလောက် အောင် ဣနြေ္ဒအပြည့်နှင့် နေထိုင်သူတစ်ယောက်တဲ့။ တကယ့်ဟာသပဲ။
မမက ညဘက်တွေဆို လုံးလုံးမအိပ်။ ညလုံးပေါက် အင်တာနက်ထဲတွင် ယောက်ျားလေး သူငယ်ချင်းများနှင့် ချက်တင်ထိုင်သည်။ တစ်ယောက်တည်း တခစ်ခစ် ရယ်သည်။ အလန်းဆုံး၊ အပျံဆုံး၊ အတိုဆုံး ခေတ်ပေါ်အ၀တ်အစားများကို အပြင်ထွက် တိုင်း ၀တ်သည်။ ခေတ်ရှေ့သို့ လေး၊ ငါးလှမ်း ကြိုပြေးသူ။ တစ်ခါတလေ သူငယ် ချင်းများနှင့် ညလုံးပေါက် အပြင်ထွက်လည်တတ်သေးသည်။ နေ့ဘက်တွေတော့ ဘယ် တော့မှ မထ။ တစ်နေ့လုံး အိပ်နေတတ်သည်။ ဘယ်လိုလုပ်ပြီး ထိုစာကြောင်းကို ရေးရပါ့။
'အချိန်စေ့ဖို့ ဆယ်မိနစ်သာ လိုတော့သည်'
ဆရာမစကားကြောင့် လန့်ဖျပ်၍ အတွေးများ လွင့်စင်ကုန်ကာ ကျွန်မတို့မိသားစု လေးသည် ရပ်ကွက်ထဲတွင် စံပြမိသားစုလေးတစ်ခုအဖြစ် ပျော်ရွှင်စွာ ဟန်ချက်ညီညီ နေထိုင်ကြသည်ဆိုသည့် အပြင်နှင့် ဆန့်ကျင်ဘက်စာသားကိုရေး၍ မြန်မြန်နိဂုံးချုပ်လိုက် ရသည်။
ဆရာမထံ အဖြေလွှာ ပြန်မအပ်ခင် အစကနေအဆုံး ပြန်စစ်သည်။ အမှားအယွင်း တစ်စုံတစ်ရာ မတွေ့။ သေချာပေါက် အမှတ်ပြည့်ရမည့် အက်ဆေးပါ။ သေချာပေါက် အဆင့်တစ်ရစေမည့် အက်ဆေးပါ။
စာမေးပွဲကို ရာနှုန်းပြည့်ဖြေနိုင်ခဲ့သော်လည်း သူမစိတ်ထဲတွင် ယခင်ကကဲ့သို့ မပျော်။ စာမေးပွဲခန်းထဲမှ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် မထွက်ခဲ့နိုင်။
လေးလံထိုင်းမှိုင်းနေသည်။ အမှတ်ပြည့်လည်း မလိုချင်တော့။ အဆင့်တစ်ကို လည်း ပြန်မလိုချင်တော့။ အလွတ်ကျက်ထားတဲ့အတိုင်းလည်း အက်ဆေးတွေကို မဖြေ ချင်တော့။
ဖြစ်နိုင်လျှင် သူမ ဖြေခဲ့သည့် အက်ဆေးလေးထဲက မိသားစု ဘ၀လေးကိုသာ လိုချင်နေမိပါတော့သည်။
မြေမှုန်လွင်
ကလျာ ၂၀၁၂
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis