menu

Tuesday 11 September 2012

အမေတို့ရွာ(စိမ့်ယမင်းခင်)




ည ၁၁ နာရီဝန်းကျင် အချိန်ဖြစ်သည်။ အရှိန်နှင့် ရွေ့လျားနေသော ကားတစ်စီးပေါ်တွင် လိုက်ပါရင်း သူမစိတ်တို့က အိမ်သို့သာ ရောက်နေမိသည်။ ဒီတစ်ခေါက် အိမ်ပြန် လာမည်ကို သူမ အမေနှင့် ညီမလေးကို ကြိုပြော မထားခဲ့။
ရုတ်တရက် ၀မ်းသာသွားအောင် လုပ်ခြင်းဖြစ်သလို သူမ လိုက်ပါ လာမည့် ကားသံကို နားစွင့်ရင်း တစ်ညလုံး မအိပ်ဘဲ မျှော်နေမည့် အမေ့ကို သနားသည်လည်း ပါသည်။ နှစ်စဉ်နှစ်တိုင်းတော့ သူမက သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် အိမ်သို့ပြန်လေ့ ရှိသည်။

သို့သော် ပြီးခဲ့သည့် နှစ်ကတော့ သူမအကြောင်း ကြောင်းကြောင့် မပြန်ဖြစ်ခဲ့။ ဒီနှစ်လည်း သင်္ကြန်အတွင်း ပြန်ဖြစ်မည်၊ မပြန်ဖြစ်မည် မသေချာ။ သင်္ကြန်ကာလက ကားလက်မှတ် ခက်ခဲသောကြောင့်လည်း ပါသည်။ ရသည့်ခွင့်ရက်နှင့် အမီ ရုံးပြန်တက်ရန် လိုအပ်သည်။ သူမလိုနယ်မှ လာပြီး ရန်ကုန်မှာ အလုပ် လုပ်သူတွေက သူသူငါငါ အိမ်ပြန်ကြသည်။ ကားလက်မှတ်က အသွားတင်ခက်ခဲ သည်မဟုတ်။ အပြန်လည်း မရေရာ။ အမြဲတမ်း စိတ်စောနေ၊ စိတ်မောနေရသည့် အတွက် ဒီနှစ်တော့ လုပ်သက်ခွင့်ခုနစ်ရက်ယူပြီး သင်္ကြန်မကျချင် သူမ အိမ်ပြန်ခဲ့သည်။

သူမ လိုက်ပါလာသည့်ကားက အခုဆိုမိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့ပြီး ရန်ကုန်ကထွက်တော့ ညနေ ၃ နာရီခွဲ၊ လမ်းတစ်လျှောက် တရိပ်ရိပ် ဖြတ်ပြေးနေသော လယ်ကွင်းများ၊ တောတောင်များ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဆိုင်းဘုတ်များ၊ ကျွဲနွားများ၊ လူများကိုငေးမောရင်း သူမ စိတ်အား တက်ကြွနေသည်။ အမေ သူမကို မြင်လျှင်ဘာပြောမည်နည်း။


သမီးလာမယ်ဆိုရင် အမေ့ကို ဘာလို့ ဖုန်းမဆက် တာလဲဟု ၀မ်းသာအယ်လဲ ဖြစ်သွားသည့် မျက်နှာကို ဟန်ဆောင် ဖုံးကွယ်ပြီး အပြစ် ဆိုဦးမည်လား။ ညီမလေးကတော့ မမ ဘာလို့မပြောဘဲ လာတာလဲ ဆိုပြီး သူမကို အတင်းပြေးဖက်မည်လား။ သူမ စိတ်ကူးထဲတွင် ထိုသို့သော ပုံရိပ်တို့က ထင်ဟပ်နေသည်။

နောက်တစ်နေ့တွင် လပြည့်နေ့ ဖြစ်သည့်အတွက် လမင်းကြီးက အပြည့် နီးနီးဝိုင်းစက်နေသည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင် တောင်တန်းများနှင့် မတ်စောက်သည့်ချောက်ကမ်းပါးများ ရှိသည်။ ဒီရခိုင်ရိုးမလမ်းကို ဖောက် လုပ်သည်မှာ သိပ်မကြာသေး။ ပြီးခဲ့သည့် ၁၀ နှစ်ကျော်၊ ၁၅ နှစ်လောက်က ဖြစ်မည်။ ထိုစဉ်က ညောင်တုန်းနှင့် စကေ်္ကာ့ကိုပင် ယခုကဲ့သို့ တံတားထိုး ၍ မဆက်သွယ်နိုင်သေး။ ဇက်ဖြင့်ကူး၍သာ ရသည်။ အခုလို တံတားထိုး တော့ တော်တော်လေး အဆင်ပြေသွားသည်။ ရန်ကုန်က ထွက်လာစကတော့  မြေပြန့်ဒေသမို့ ကားစီးရတာ သိပ်မပင်ပန်း။ သို့သော်ရေနံ့သာလမ်းဆုံအလွန် ရခိုင်ပြည်နယ်သို့ ချဉ်းကပ်လာသည့် အခါ ရိုးလမ်းမကို ဖြတ်သန်းရသည်။ ဂွရိုးဟု လူသိများသည်။ အမှန်တော့ ရေနံ့သာလမ်းဆုံနှင့် ရခိုင်ပြည်နယ် ဂွမြို့သို့ ဖြတ်ဖောက်ထားသော ရိုးလမ်း။ အကွာအဝေးအားဖြင့် မိုင် ၈၀ ရှိ သည်ဟု သိရသည်။

သည်ရိုးလမ်းက ရခိုင်ပြည်နယ်တောင်ကုတ်ရိုးလမ်း လောက် မမြင့်ပေမဲ့ တစ်ဖက်ကတောင်တန်း၊ တစ်ဖက်က ချောက်ကမ်းပါး။ များသောအားဖြင့်တော့ သူမက ရိုးလမ်းပေါ်တွင် ကားပြတင်းပေါက်မှ ဘေးကိုမကြည့်မိအောင် သတိထားပြီးစီးလေ့ရှိသည်။ ရိုးလမ်းကိုဖြတ်သည့် အချိန်မှာ ညပိုင်းဖြစ်နေသည့်အတွက် လမိုက်ညများတွင် မမြင်ရသော်လည်း အခုလို လသာနေသည့် အချိန်များတွင် ချောက်ကမ်းပါးများနှင့် ကမ်းပါး အောက်တွင် ပေါက်နေသော ၀ါးရုံပင်တို့က ထိပ်ဖျားများကို မြင်နေရတော့ ကြက်သီး ထမိသည်။

ကားစီးရင်းနှင့်ပင် သူမစိတ်ထဲတွင် မတော်တဆဆိုသည့်အတွေးက ၀င်လာပြန်သည်။ ကားဆရာက ပြောဖူးသည်၊ ကားတာယာတစ်လုံး ဆယ် ခေါက်သာမောင်းရသည်ဟု ဆိုသည်။ လမ်းကကြမ်းတော့ ကြာကြာမမောင်း ရ။ မတော်တဆ ကားဘီးများ ပေါက်ပြီး ချောက်ထဲ ကျမသွားဟုလည်း ဘယ် သူ့မှ မပြောနိုင်။ ထို့အတွက် စောစောက ပျော်နေသည စိတ်လေး ပျောက် သွားပြီး ဘုရားစာများ ရွတ်ဖတ်နေလိုက်ပြန်သည်။ လရောင်သည် တဖြည်းဖြည်း တောက်ပလာသလို သူမ စီးနင်းလိုက်ပါလာသည့် ကားကလည်းလ ရောင်အောက်တွင် အပြေးတစ်ပိုင်း။ သူမသည် ကားပေါ်တွင် သံမ္ဗုဒ္ဓေဂါထာ ကို ရွတ်ဖတ်ရင်းရိုးလမ်း ခရီးဆုံးဖို့သာ စိတ်စောနေမိသည်။ သို့သော်ရုတ် တရက်ကားအရှိန်လျှော့လိုက်သည်ကို သတိထား မိလိုက်ပြီး ရှေ့တည့်တည့်မှ စူးရှသည့်အလင်းရောင်အချို့ ကားထဲသို့ဖြာကျလာကာ သူမတို့ကားထိုး ရပ် လိုက်သည်ကို တွေ့လိုက်ရသည်။ သို့သော် စက်တော့မရပ်သေး။ စကားသံ အချို့ ကြားရပြီး သူမတို့ ကားနားသို့ လူသုံးလေးယောက် ရောက်လာပြီး ကားဆက်သွားလို့ မရတော့ကြောင်း ပြောသံကြားလိုက်သည်။

သူမ ဆတ်ခနဲဖြစ်သွားပြီး ကားရှေ့ပိုင်းမှ စကားသံများကို အာရုံစိုက် လိုက်သည်။ ကားဆရာသည် ကားစက်ကို အပြီးသတ်လိုက်ကာ ကားမီးကိုပါ ဖွင့်လိုက်သည်။ ဒီလမ်းခရီးကိုသွား နေကျဖြစ်သည့်အတွက် သူမ အသိက ရှေ့တွင် ကားတစ်စီး စီးတစ်ခုခုဖြစ်နေသည်ကို သိလိုက်သည်။ ခရီးသည် အချို့ကားပေါ်မှ အသီးသီး ဆင်းလိုက်ကြပြီဖြစ်သောကြောင့် သူမလည်း ခရီး ဆောင်လွယ်အိတ်လေး ယူပြီး လိုက်ဆင်းလာခဲ့သည်။

စကားပြောသံများရှိရာ ကွေ့ကြောလေး အရောက်ကားနှစ်စီးခေါင်းချင်း ဆိုင်အနေအထား မျိုးရပ်နေသည်ကို တွေ့ရသည်။ တဖြည်းဖြည်း နီးလာတော့ သူမတို့ကားရှိရာ ဘက်ကိုခေါင်း တည်ထားသော ကုန်ကား(ွှန)တစ်စီးမှာ နောက်ဘီးတစ်လုံးက ချောက်ကမ်းပါးနဖူးတွင် ရှိနေသည်။ ထိုကားကို မျက်နှာချင်းဆိုင်မှ ကားတစ်စီးကို သံကြိုးချင်း ချိတ်လျက် တွေ့ရသည်။

“နေ့ခင်းကတည်းကပဲ။ ဒါနဲ့ ဟောဒီကားကြီးနဲ့ ဆွဲတာလေ၊ မရဘူး။ ဒါနဲ့ချိန်းဘလောက်နဲ့ ပြန်ဆွဲတင်တာ ချိန်းဘလောက်က တိုင်ကြိုးသွားပြီး ကားကြီးက အောက်ကို ပိုလျှောကျသွားတယ်။  ဒါနဲ့သူနဲ့ချိတ်ထားတဲ့ ကားပါကျတော့မလို။ အခု ကြမ်းတုံးတွေနဲ့ခံပြီး တွန်းထိန်း ထားရတာ။ ဘယ် လိုမှသွားဖို့ မဖြစ်နိုင်တော့ဘူး”

လူတစ်စု ပြောနေသော အသံဖြစ်သည်။ သူမ ပြေးပြေးလွှားလွှား စဉ်းစားလိုက်သည်။ ချိန်း ဘလောက်က တိုင်ကျိုးသွားသည် ဆိုတော့ လမ်းစပြတ်ပြီ။ သူမတို့ ကားသွားဖို့ ကားနှစ်စီး ကြားချိတ်ထားသော ကြိုးကိုဖြတ်ရမည် ဆိုရင် ထိုချောက်ကမ်းပါးမှ ကားလုံးဝ ထိုးကျသွားနိုင်သည်။ တော်ပြီ သူမအတွက် လမ်းစပျောက်ပြီ။  သူမတော်တော် စိတ်ကုန်သွားသည်။ တစ်နှစ်မှ တစ်ခေါက်လောက်သာ ပြန်လာနိုင်သည့် လမ်း ခရီးက အဆင်မပြေခြင်းက များနေသည်။

ရခိုင်ပြည်တွင် လူဖြစ်ရသည့် ဘ၀ကို စိတ်ကုန် သွားပြန်သည်။ မပြန်ချင်လျှင် မိသားစုကို ခေါ်ထားရမည်။ ရန်ကုန်တွင် အိမ်တစ်လုံး ၀ယ်ဖို့ သူမလစာနှင့် ဘယ်လိုမှမဖြစ်နိုင်။ အခုကိုယ်တိုင် ရုံးက ပေးထားသည့် တိုက်ခန်းနှင့် နေရသည်။ မိသားစု လိုက်ပြောင်းလာပါက သူမ အိမ်တစ် လုံးမ၀ယ်နိုင်တောင် ငှားရတော့မည်။ သူမ ၀င်ငွေနှင့် သူမ ဆက်တွေးဘဲ ရပ်ထားလိုက်သည်။ သူမ ဘာဆက်လုပ်ရမှန်း မသိ။ ခပ်လှမ်းလှမ်းမှ စကားသံအချို့ သူမနားစည်ကို ရိုက်ခတ်လာပြန်သည်။

“ညနေက ချိန်းဘလောက်နဲ့ အဆင်မပြေလို့ အခု ဘောဓိနားက သစ်ထုတ်လုပ်ရေးမှာ ကလပ် သွားခေါ်တာလေ။ ဆင်တွေနဲ့တွေ့လို့ ထွက်ပြေး လာရတာ။ မနည်းမသက်လုပြီး ပြေးလာရတယ်။ ကျွန်တော်တို့ ဆိုင်ကယ်လောက်ကိုတော့ လေဆင် နှာမောင်းနဲ့တစ်ခါရိုက်စာ မရှိဘူး။ ခုလည်း အသက် လုပြေးရတာ။ ဘောဓိတောင် မရောက်ခဲ့ ဘူး။ မတတ်နိုင်တော့ဘူးလေ။ ဒီလိုပဲလုပ်ရမှာပဲ။  ကိုယ့်လူပျို ဘ၀လေးကတော့ အဆုံးရှုံးမခံနိုင်ဘူး” ကြားရသော စကားသံအချို့။ အရေးထဲကြော်ငြာ  ၀င်နေပြန်သည်။ သူတို့ပြောတော့လည်း တွေး ကြည့်ပြီး ကြောက်စရာပင်။ လမ်းကဆုံးနေပြီ။
ချိန်းဘလောက်နှင့် တင်လို့မရ။ ကလပ်သွား ခေါ်တော့ ဆင်နှင့်တွေ့လာသည်။ အဆင်မပြေ။ ကား ပေါ်သို့ပြန်တက် လာပြီး အိပ်ရန်သာ ရှိတော့သည်။

“ကားပေါ်မှာ သိပ်မွန်းတာပဲ။ ဘယ်လိုမှ အိပ်လို့မရဘူး” အမျိုးသမီးကြီးတစ်ဦးက အော် ပြောပြီး ဆင်းလာသည်ကို တွေ့ရသည်။ သူမ ကားပေါ်ပြန်တက်ရန် စီစဉ်နေသည့်အစီအစဉ်ရပ် သွားရသည်။ အမှန်လည်း ထိုအနံ့ကို သူမကား အောက်နားမှ ပင်ရနေသည်။ သူမတက်ချင်စိတ် မရှိတော့။ သူမ ကားအောက်နား တောင်စောင်း နေရာ ခပ်ကြွကြွလေးတွင် ထိုင်နေလိုက်သည်။ စောစောက အမျိုးသမီး သူမအနားရောက်လာပြီး လာထိုင်သည်။

“ဒီလိုပဲနေရတော့မှာလား အစ်မရယ်။ ဘာ ကောင်တွေလည်း မသိဘူး။ ကိုက်တယ်။ ဒီနား နေလို့မရဘူး”သူမကပြောလည်းပြော၊ ရိုက်လည်း ရိုက်သည်။
“ဟိုဘက်နားမှာတဲလေးတစ်လုံး မြင်တယ်။ ညီမလေး သွားရအောင်”

ထိုအမျိုးသမီး စကားအဆုံးတွင် သူမ ထရပ် ပြီးသားဖြစ်သွားသည်။ ထို့နောက်တဲလေးရှိရာသို့ သူမတို့ လျှောက်လာခဲ့သည်။ လသာလို့တော်သေး သည် ပြောရမည်။ တဲနားရောက်တော့ စကား ပြောသံကြားရသည်။

“ဟို ကလေးမလေးနှစ်ယောက် ဒီမှာလာ နားဦး။ တို့တော့ ဒီမှာလည်းနေတယ်။ ရဲအောင်လံ နဲ့ ပါလာတဲ့ ခရီးသည်တွေမလား”ဟု လှမ်းပြော သံကြားရသည်။
သူမတို့ နှစ်ယောက် မဆိုင်းမတွ ၀င်ထိုင် လိုက်တော့ အသက် ၅၀ ၀န်းကျင်အရွယ်လင် မယားဟု ထင်ရသည့် စုံတွဲတစ်တွဲကိုတွေ့ရသည်။

“ဒီညတော့ ဘာလုပ်ရမှန်းတောင် မသိ တော့ပါဘူး။ တော်သေးတယ်။ အိမ်ကိုပြောမ ထားလို့။ စိတ်ပျက်လိုက်တာ” သူမက ညည်းညူ လိုက်ခြင်းဖြစ်သည်။

“စိတ်မပျက်နဲ့ စိတ်မပျက်နဲ့ ခရီးသွားတယ် ဆိုတာ ဒီလိုပဲ”ဟု ယောက်ျားဖြစ်သူက လှမ်း ပြောသည်။ ထိုအချိန်တွင် တဲလေးထဲတွင် လူ လေးယောက်ရှိနေပြီး ထိုအမျိုးသမီးကြီးနှင့် အမျိုးသားကြီးကစကားတွေဆက် ပြောနေသည်။

“စောစောက စကားပဲပြန်ကောက်ရမယ်။ အဲဒီတော့ ဘာမှမပြောနဲ့တော့။ ငါကတော့လေ သူ့ကိုမင်းရဲ့သားဆိုတော့ မင်းနဲ့ပတ်သက်နေလို့ မပြောချင် လည်းပြောနေရတယ်။ မဟုတ်လို့ကတော့လုံးဝပဲ” အမျိုးသားကြီးက ပြောလိုက်သည့်စကားဖြစ်သည်။ အမျိုးသမီးကြီးဆီကတော့ ဘာမှထွက်မလာသေး။ “အဲဒါကြောင့် သူ့ကိုပြော လိုက်တော့ ကိုယ်က အကုသိုလ်ရတယ်။ မပြောနဲ့ရှိပစေလေ။ ကံကံ၏ အကျိုးပဲ။ ဒီအတိုင်းသာကြည့်ထားလိုက်”

သူမ အမျိုးသားကြီးစကားကို နားထောင်ရင်း ခန္ဓာကိုယ်မှ ဟိုတစ်ကွက် ဒီတစ်ကွက် ဆတ်ခနဲ ဆတ်ခနဲနာကျင်လာသည့်အတွက် ခြင်ကိုက်ပြီဟု သိ လိုက်ရသည်။
“အစ်မ ခြင်ကိုက်လား”

“အင်း ကိုက်တယ်”

“ဟာ ဒါဆိုရင် ဒုက္ခပဲ။ တောကြီးခြင်တွေ ငှက်ဖျားတော့ ဖြစ်တော့မှာ ပဲ”သူမက ပြောလည်းပြောပြီး ထထိုင်လိုက်သည်။

“ငါတို့ရှေ့နားက တန်းလေးကို သွားကြရအောင် ။ အဲဒီမှာ အိမ်လေးတွေ ရှိတယ်။ ဒီမှာ လမ်းလာခင်းတဲ့ မိသားစုတွေ နေတဲ့အိမ်။ ငါ့အသိတစ်ယောက် ရှိတယ်။ ဖိုးသာထူးလို့ ခေါ်တယ်။ သွားကြမလား”

ပထမတော့ သူမ ကားနှင့်အဝေးကြီးကို မသွားချင်။ သို့သော် မတတ် သာတော့။
“အဲဒီမှာ စောင်မရရင်တောင် ငါတို့ ခြင်ထောင်လေးတော့ ရနိုင်တယ်”

“ဟုတ်ကဲ့အစ်မ”

သူမတို့နှစ်ယောက် တဲထဲက စုံတွဲကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ ခြေလှမ်း ၂၀၀ လောက်လှမ်းတော့ အိမ်ကလေး အချို့တွေ့ရသည်။
“ဖိုးသာထူး၊ ဖိုးသာထူးတို့အိမ် ဒီနားမှာလား”

အတူပါလာသော အစ်မကြီးက ပြောလိုက်သည်။ ထိုအချိန်တွင် ယောက်ျားတစ်ဦးအနားသို့ ရောက်လာပြီး
“ဟိုရှေ့က အိမ်”ဟု ပြောသည်။

သူမတို့ ထိုသူညွှန်ပြရာတဲလေးသို့ ဆက်လျှောက်လာခဲ့ပြီး အိမ်ရှေ့တွင် ရပ်လိုက်ကာ တဲရှင်တွေကို ခေါ်ရသည်။ တဲရှင်ထွက်လာပြီး ခရီးစဉ်ကြိုပြုကာ သူမတို့ကို အိမ်ပေါ်သို့တက်ဖို့ ဖိတ်ခေါ်သည်။ အိမ်သည် ၀ါးကြမ်းများခင်း ထားပြီး ပေါက်ပြဲနေသော အိမ်ဖြစ်သည်။ သူမ ထိန်းပြီးနင်းလိုက်ခိုက် အိမ်ရှင်အမျိုးသမီးက ဆီမီးခွက်လေးထွန်းပြီး မြှောက်ပြသည်။ “ငါတို့ကား ပျက်နေလို့ပါဟာ။ ဒီအနားနေစရာလည်း မရှိလို့ နင်တို့တဲကို ရှာလာခဲ့တာ။ ငါတို့ကို စောင်တွေ ဘာတွေ မပေးပါနဲ့။ ခြင်ထောင်လေးပဲပေး။ ဟိုနားက ကင်းတဲလေးမှာလည်း ခြင်ကိုက်လို့ မနေနိုင်ဘူး”

အိမ်ရှင် အမျိုးသမီးသည် ဆင်းရဲသော်လည်း ဧည့်ဝတ်ကျေသည်။ သူမ တို့ကို ခြင်ထောင်လေးလာ ထောင်ပေးသည်။ ခေါင်းအုံးတော့ မရှိရာ။ ရသည်။ ကိစ်္စမရှိ။ သင်ဖြူးဖျာ အစုတ်ကလေးပေါ်တွင် ခြင်ထောင်ထောင်လိုက်တော့ အထိုက်အလျောက် လုံခြုံသွားသလို ခံစားရသည်။ မဟုတ်လျှင် ဒီတောကြီး ခြင်များနှင့် မလွယ်။ ခဏကြာတော့ တကျွီကျွီမြည်နေသော ကြမ်းခင်းများကို နင်းကာ စောင်လေး နှစ်ထည်လာပေးသည်။ သူမ လှမ်းယူလိုက်ပြီး ခေါင်း အောက်ထိုးပြီး အိပ်လိုက်သည့်အခိုက် သေးနံ့က ထောင်းခနဲ ထသွားသည်။ သူမ ခေါက်ခနဲ ထထိုင်လိုက်သည်။ အမယ်လေး ဒီမှာလည်း တစ်ဒုက်္ခဟု စိတ်ထဲမှ ရေရွတ်လိုက်ပြန်သည်။ ခဏကြာတော့ အမိုးထရံသာ ခြားထားသော အခန်းထဲမှ ကလေးငိုသံကြားရသည်။ ဒီတော့မှ ကလေးစောင်ကို ယူပေးသည် ကို သိလိုက်ရသည်။ ဤသို့ဆိုလျှင် ထိုကလေးကို ခြုံပေးထားသည့် စောင်ဖြစ်နိုင်သည်။ သူ့ စောင်ကို အမေဖြစ်သူက ယူလိုက်သည့် အခိုက်
ကလေး လန့်နိုးသွားတာ ဖြစ်နိုင်သည်။

ခဏကြာတော့ ကားဂီယာ ချိန်းသံ ကြားရပြန်သည်။ အိမ်ရှင် အမျိုးသမီး က သွားကြည့်ပေးမည်ဟု ဆိုကာ ထွက်သွားသည်။ သိပ်မကြာလိုက်။ ကလေးသည်“အမေ၊ အမေ”ဟု တပြီး အော်ခေါ်ကာ အမေမတွေ့တော့ ငိုတော့ သည်။ သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး

“အေး...သမီးမေမေ မရှိဘူး။ မေမေ အောက်ခဏဆင်းသွားတယ်။   ပြန်လာမယ်နော်”ဟု တတ်သလောက်၊ မှတ်သလောက် ၀င်ချော့လိုက်ကာမှ အိမ်တွင် သူစိမ်းရှိနေသည်ကို၊ ကလေးသိပြီး ကြောက်အားလန့်အားနှင့် ပို၍ အော်ငိုတော့သည်။ အခုမှ ခက်ပြီ။ သူမ ဘာဆက်လုပ်ရမှန်းပင် မသိတော့။  တော်သေးသည် မကြာမီ အိမ်ရှင်အမျိုးသမီး ပြန်ရောက်လာပြီး ထိုနေရာတွင် ကားတွေစုမိပြီး ကားတန်းကြီး ဖြစ်နေကြောင်း ပြောသည်။ အခုတော့ ပိုခက်ပေတော့မည်။ လာမည့်ကားတွေကို “မလာနဲ့ လမ်းပိတ်နေတယ်”ပြောရအောင်ကလည်း ဖုန်းက မမိ။ မထူးတော့ ရိုးပေါ်မှာ ဘယ်လောက်နေရာမလဲ မတွေးချင်တော့။

“ဟိုနားက ကင်းတဲနားလေးက ဖြတ်လာတော့ အစ်မတို့ကားက ခရီး သည်တွေထင်တယ်။ လူကြီး တစ်ယောက်နဲ့ အမျိုးသမီးကြီး တစ်ယောက် စကားပြောနေတာ ကြားခဲ့တယ်။ အမယ်လေး မိန်းမလေး တစ်ခါခိုးလာမိပါ တယ်။ ဒုက်္ခပါပဲ”တဲ့။

သူမ ပြုံးလိုက်မိသည်။ ဒါကြောင့် သူတို့စကားတွေကြည့်ရတာ ငယ် လင်ငယ်မယားနဲ့ မတူဘူးဟုတော့ သူမ တွေးမိခဲ့သည်။ ရှိစေတော့။ အရေးထဲ ဟန်နီးမွန်းသမားများနှင့်တောင် တွေ့နေရသေးသည်။ သူမသည် သေးစော်နံ နေသောစောင်ကို ခေါင်းခုလုပ်ရင် လည်ပင်းတွင်ဆွဲထားသည့် ရှိစုမဲ့စု ပိုက်ဆံ လေးနှင့် ၀ယ်ထားရသော စိန်လော့ကတ် ကြမ်းခင်းနှင့် အဆင်ပြေ မပြေစမ်း ကြည့်လိုက်သည်။

“နင်တို့ဒီမှာပဲ နေကြတာလား။ ကလေးတွေ ပညာရေးအတွက် ဘယ်လို လုပ်မလဲ”အတူပါလာသော အမျိုးသမီးက ပြောလိုက်ခြင်းဖြစ်သည်။

“ရွာမှာ ပေါင်ထားတဲ့ အိမ်လေးရွေးနိုင်ဖို့ ဒီမှာ ပိုက်ဆံရှာနေတာ။ ဒီနှစ် ကလေ ကောက်ပဲသီးနှံလည်း မကောင်း၊ အားလုံးကျပ်တယ်။ ရွာပြန်ရင် တော့ ကလေးတွေကျောင်းထားလို့ ရတာပေါ့”

သူမ တွေးလိုက်သည်။ သည်မျှခေါင်သည့်နေရာတွင် ကလေးတွေပညာ ရေးက ဘယ်လိုလုပ်ကောင်းလာနိုင်မည်နည်း။ သူမလည်း တောမှာကြီးပြီး တောကျောင်းတက်ခဲ့သည်။ သို့သော် ဒီလောက်မဆိုး။ သူမတို့ရွာက ရွာကြီး  အိမ်ခြေ ၃၀၀ ကျော် ၄၀၀ ရှိသည်။ ကားလမ်းမပေါ်တွင် ရှိသည်။ အစိုးရ အထက်တန်းကျောင်း မရှိခဲ့သော်လည်း အလယ်တန်းအထိ ရှိသည်။ သူမတို့ အထက်တန်းကျောင်း၊ ကိုးတန်း၊ ၁၀ တန်းကျောင်းသားဘ၀တွင် ခုနစ်မိုင် ဝေးသော တိုက်နယ်မြို့က ကျောင်းကိုခြေကျင်တက်ရသည်။ နောက်ပိုင်း အမေက စက်ဘီးလေးဝယ်ပေးသည်။ ဒီလိုနှင့် သူမ ၁၀ တန်းကိုဂုဏ်ထူး နှစ်ဘာသာဖြင့် အောင်တော့ ပညာရေး ကောင်းသည်ဟု ပတ်ဝန်းကျင်ကလူ တွေက ၀ိုင်းတိုက်တွန်းတာတွေအပြင်၊ သူမကို ပညာတတ်ဖြစ်စေချင်သော အမေက တက္ကသိုလ်ပညာသင်ဖို့အတွက် အမေစုဆောင်းပေးခဲ့သည်။ အခု တော့ သူမအလုပ်နှင့် အကိုင်နှင့် ဖြစ်နေပြီ။ အခု ဒီကလေးတွေ၊ သူတို့အနာ ဂတ်၊ သူမ တွေးနေခိုက် ခေါင်းအုံးထားသော စောင်မှ ထွက်လာသော သေး နံ့သည် အသက်ရှူမှုကို ပို၍မွန်းကြပ်စေသည်။

“ရန်ကုန်က ဧည့်သည်နှစ်ယောက် ဒီမှာရှိ လား။ ကားချိန်းမယ်ပြော နေတယ်။ ရန်ကုန်ကား ရန်ကုန်ပြန်၊ ဂွကား ဂွပြန်မယ်တဲ့” သူမတို့နှစ် ယောက် ၀မ်းသာအားရဖြင့် လူးလွန့်ထပြီးပြေး လာခဲ့သည်။ အိမ်ရှင်ကိုပင် နှုတ်ဆက် စကားမဆို နိုင်။ တဲအိမ်ကလေး၊ သေးစိုနေသောစောင်နှင့် ကလေး ငိုသံတို့သည် ခပ်ဝေးဝေးမှာ ကျန်ခဲ့ပြီ။ သူမတို့နှစ်ဦး ကားဆီသို့ ဒရောသောပါး ပြေးချ လိုက်တော့သည်။

တကယ်တော့ ထိုနေ့ညက ပြဿနာတွေက တစ်ခုပြီး တစ်ခု။ ကားချိန်းတော့ ပြဿနာ ထပ်ဖြစ် ပြန်သည်။ ရန်ကုန်က လာသည့် ခရီးသည်တင် ကားကနှစ်စီး။ ဂွမြို့မှ လာသည့် ကားကတစ်စီး သာ။ နှစ်စီးတစ်စီးကို ချိန်းရတော့ လူတွေက တိုးဝှေ့တက်လာကြတာတွေ ထပ်ဖြစ်ကြပြန်သည်။ ဒီကြားထဲ အထပ်ထပ် ရောက်လာသော ကားများ ဖြင့်ရိုးလမ်းတစ်လျှောက် လမ်းကြောပိတ်ဆို့မှု များဖြစ်နေပြန်သည်။ ဂွမြို့ကလာသည့် ကားက ဂွဘက်သို့ပြန်လှည့်ရမည်ဆိုတော့ လှည့်ရမည့် နေရာကမသာ။ ကားက တောင်ကမ်းမူကို မျက်နှာ မူပြီး ပြန်လှည့်တော့ နောက်ဘီးကချောက်ထဲ ကျွံ မလိုဖြစ်ပြန်သည်။ သူမ ကားပေါ်တွင် မျက်လုံး မှိတ်ပြီး ဘုရားသာတနေမိတော့သည်။ နောက် ထပ်စိတ် အနှောင့်အယှက်ဖြစ်စရာတွေလည်း အများကြီး။

ဒီလိုနှင့်နောက်နေ့ညနေမှ သူမအိမ်သို့ရောက် ခဲ့သည်။ အမေ့ကို ပြန်ပြောပြတော့ အမေက ဘု ရားတနေသည်။ “အမလေး၊ မသေကောင်း၊ မလျောက်ကောင်း သမီးရယ်”ဟု ဆိုသည်။ နောက်ပိုင်းရက်များတွင် အမေက သူတို့ရွာက လူမှုပတ်ဝန်းကျင်အခြေအနေများ တစ်စစပြောင်း လဲလာပုံ၊ လူတွေဆင်းရဲသည့် အကြောင်း၊ အမှုအခင်းတွေ များလာသည့် အကြောင်း၊ လူမှုရေး ပြဿနာတွေ အကြောင်း၊ သာရေးနာရေး ကိစ္စတွေက အစလုပ်ဆောင်ရာမျိုးကအစ အရင်လိုမဟုတ် တော့ဘဲ အားနည်းလာသည့် အကြောင်း၊ ငွေရှာ သည့်အကြောင်း၊ အရင်လို နှစ်လုံးထီ ရောင်းသူ တွေလည်း သိပ်အဆင်မပြေသည့် အကြောင်း သူ့ဆေးထိုးခတွေလည်း အကြွေးတွေသာ များနေ သည့်အကြောင်းများ ပြောပြသည်။ အကြောင်း အရာ တော်တော်များများက စိတ်မကောင်းစရာ။ ဆင်းရဲမွဲတေမှုနှင့်အတူ သူမတို့ရွာက လူတွေက အတွေးအခေါ်ပိုင်းပါ အရမ်း ကျဆင်းနေသည့် သဘောမျိုး။ ရွာတွင်ကြွေးမဆပ်နိုင်၍ နောက် အိမ်ထောင်ပြုသူ သူမ မိတ်ဆွေအကြောင်း၊ နောက်အိမ်ထောင်က မကောင်း၍ မိမိကိုယ်ကို ကြိုးဆွဲချသူ တစ်ယောက်အကြောင်း အကြောင်း ပေါင်းစုံကို အမေ ပြောပြနေခဲ့သည်။

တစ်နေ့တော့ အမေနှင့်ဦးလေး စကားအပြန် အလှန်ပြောပြီး အမေသည် သူ့တွင်ရှိသည့်ငွေတို ငွေစလေးများကို ဦးလေးကိုထုတ်ပေးနေသည်ကို တွေ့ရသည်။ ခဏကြာတော့ ရေနံဆီပုံးတစ်ပုံးယူ လာသည်။ သူမ သိလိုက်သည်မှာ အမေ ဒီနေ့ည သူမကို မီးစက်နှိုးပြီး ဗီဒီယိုအခွေဖွင့်ပြမည် ထင် သည်။ ညကျတော့ အမေက သူမကိုတောင်ပြုန်း ပွဲခွေဖွင့်ပြသည်။ တင်မောင်ဆန်းမင်းဝင်းလည်း ပါသည်။ အခြားသူတွေတော့ သူမ သေချာမသိ။ သူမကိုယ်တိုင် ဗီဒီယိုနှစ်နှစ်ကာကာ ကြည့်သူ မဟုတ်။ အခုအမေက တကူးတကဆီဝယ်။ မီး စက်နှိုးပြီးဖွင့်ပြနေတော့ အမေ့ကိုအားနာပြီး သူမ ကြည့်နေရသည်။

“အမေ တီဗွီ မကြည့်ဖြစ်တာကြာပြီ။ ၀င်ငွေ ကလည်း မရှိဘူး သမီးရယ်။ တစ်နေ့တစ်နေ့ မီး စက်နှိုးပြီးလည်း နေ့တိုင်းကြည့်ဖို့ဆိုတာ မလွယ်။ အခု ငါ့သမီးရောက်လာလို့သာ အမေကြည့်ဖြစ် တာ။ သမီး ဘာခွေကြိုက်လဲ ကြည့်လေ”

အမေ့ အပြောနှင့် အမေ့ဟန်ကိုကြည့်ပြီး သူမ ရင်ထဲဆို့သွားသည်။ လွန်ခဲ့သည့် ၁၀ နှစ် အဖေ ဆုံးသွားပြီးနောက်ပိုင်း သူမ ရန်ကုန်မြို့သို့ တက် လာခဲ့သည်။ နောက်အစ်ကိုကြီးက အိမ်ထောင်ကျ သွားသည်။ အိမ်တွင် အမေနှင့် ညီမလေးသာကျန်သည်။ ဒီ ၁၀ နှစ်ကျော်၊ ၁၁ နှစ်အတွင်း အမေ  သူ့ဘ၀ကို ဘယ်လို ဖြတ်သန်းခဲ့သနည်း။ တောင်တောင်မြောက်မြောက် စဉ်းစားလိုက်နှင့် အချိန်ကုန် နေသည်ပဲလား။ အထီးကျန်ဘ၀ကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ဗီဒီယိုကားများကို အဖော်ပြုခဲ့ ဟန်တူသည်။ အမေ ဗီဒီယိုကားများကို တော်တော် စိတ်ဝင်စားနေသည့်ပုံ။ သို့သော် သမီးပို့ သည့်ဝင်ငွေလေးနှင့် ရပ်တည်နေရတော့ နေ့တိုင်း တော့ ကြည့်နိုင်မည်မဟုတ်။

“အမေ ဗီဒီယိုကားတွေ တော်တော်ကြိုက် နေပြီ မဟုတ်လား”သူမ မနေနိုင် မထိုင်နိုင်မေးမိ ပြန်သည်။ “အင်း၊ အမေ့သမီးကလည်း ရန်ကုန်ရောက်၊ သားကြီးကလည်း သူ့အိမ်ထောင်နဲ့သူ ဆိုတော့ အမေ့ဆီ မလာနိုင်ပါဘူး။ ဒီကြားထဲ သမီး အဖေကို အမေ ခဏ ခဏအိပ်မက် မက် တယ်။ နောက်ဆုံးတော့ ဗီဒီယို အခွေလေးထိုး ကြည့်နေရင် စိတ်တည်ငြိမ်တာပေါ့လေ။ ဘုရား လေး၊ တရားလေးလည်း အမေ လုပ်တဲ့အခါ လုပ်တာပေါ့လေ”ဟု ဆိုသည်။

သူမ အမေ့ကို သနားသွားရသည်။ သူမ မရှိသည့် ၁၀ နှစ်အမေ့အထီး ကျန်ခြောက်သွေ့နေတဲ့ သူ့ဘ၀ကို ဘယ်ပုံ ဘယ်နည်း ဖြတ်သန်းခဲ့ပါ သနည်း။ သေချာသည်ကတော့ သူမ ရန်ကုန်မှာ အလုပ်တွေနှင့် မအားလပ်အောင် လုံး ထွေးနေချိန်မှာ ဘယ်သူ့ကိုမှ သတိ မရနိုင်သည့် အချိန်မှာ အမေ သူမကိုတမ်း တနေပေလိမ့်မည်။ ဒီအတောအတွင်း အထီးကျန်သည့် စိတ်ဝေဒနာကို ခံစားဖို့ အမေ ဗီဒီယိုကားလေးကို အဖော်ပြုနေခဲ့ပေလိမ့်မည်။

သူမ လမ်းတစ်လျှောက် ဒုက္ခ ရောက်တော့ ကြောက်စိတ်ဖြင့်“ဒါကြောင့် ပြန်မလာချင်တာ”ဟူသော စကားကို စိတ်ထဲမှ အကြိမ်ဖန်များစွာ ပြောခဲ့ သည်။ ယခုမူ သူမ စကားလုံးများ အတွက်  သူမ ပြင်းထန်စွာ နောင်တရနေမိ သည်။ တကယ်တော့ သူမ ဘယ်လိုပင် ဒုက္ခ ရောက်ခဲ့ရောက်ခဲ့ အမေ့အတွက် သူမ ပြန်ကို ပြန်လာရပေမည်။ အမေအပြုံး၊ အမေ့စိတ်ချမ်းသာမှုနှင့် အမေ့ အထီးကျန်မှုတွေအတွက် သူမ ပြန်လာဖြစ်အောင် ပြန်လာရပေမည်။ ဒီအတွက် တော့ ရခိုင်ရိုးမတောင်တန်းများနှင့် ချောက်ကမ်းပါးတွေကို ကြောက်သော ကြောက်စိတ်က အမေ့အပေါ် သူမထားသော နားလည်မှုနှင့်ကိုယ်ချင်းစာ တရားကို တွန်းလှန် ရန်ဖြစ်နိုင်တော့မည် မထင်။

တကယ်တော့ အမေတို့ ရွာကလေးက ဆင်းရဲနွမ်းပါးလှသည်။ လျှပ်စစ် မီးမရှိ၊ အိမ်လေးတွေ က ယိုင်ရွဲ့နေသော အိမ်အိုအိမ်ဟောင်းများသာ များ သည်။ ကားလမ်းတစ်လျှောက် ဖုန်အလိမ်းလိမ်းနှင့် တစ်ရွာလုံး ခြောက်သယောင်းနေသည်။

အဆိုးဆုံးက လူတွေ၏အတွေးအခေါ်။ ဒီပတ်ဝန်းကျင်မှာ သူမ မပျော် မွေ့ခဲ့သည်မှာလည်း အတွေးအခေါ်ပိုင်း ပြဿနာအဓိက။ ဒီဒေသမှာ သဟ ဇာတဖြစ်ဖို့ သူမသူ တို့တွေးသလို လိုက်တွေးပေးရသည်။ သူတို့ပြောသလို၊ သူတို့နေထိုင်သလို လိုက်နေထိုင်ရတတ်သည်။ သူမက အချိန်ကိုတန် ဖိုးထား သူ။ အိမ်လည် ထမင်းမစားတတ်။ မည်မည်ရရ လုပ်စရာ မရှိဘဲ ဒီအိမ်စကား ဟိုအိမ်သွား ပြော။ ဟိုအိမ်စကား ဒီအိမ်ပြန်သယ်နှင့် အလုပ်ရှုပ်နေရသည့် ဘ၀မျိုးကို စိတ်ကုန်သည်။ သို့သော် ကိုယ့်ပတ်ဝန်းကျင်မှ သူများက ထိုကိစ္စမျိုးကို သတိလက်လွတ်ပြုကျင့်တတ်ကြသည်။ သို့သော် ဒါကမကောင်း သည့်ဘက်။ ကောင်းသည့်ဘက်က ကြည့်လျှင်တော့ သာရေးနာရေးကိစ်္စတွေ ၀ိုင်းဝန်းဆောင်ရွက်ကြသည်။ ကွယ်လျှင်တော့အတင်းပြောတတ်သည်။ သူမ သည် ထိုအ၀ိုင်းဆန်သော ပတ်ဝန်းကျင်တွင် လေးထောင့်ပုံစံ အန်စာတုံးဖြစ် ကောင်း ဖြစ်လေမည်။ ထို့အတွက် သူမ အံမ၀င်။ သူမ ထိုဝန်းကျင်ကို စွန့် ပစ်ခဲ့သည်မှာ အခုဆို ၁၀ နှစ်ပင် ကျော်ခဲ့ပြီ။

သို့သော် အမေ၊ အဖေ ရှိနေသမျှတော့ သူမ မပတ်သက်၍မရ။ ခရီး လမ်းကြောင်း ဘယ်လောက်ပင်ကြမ်းတမ်းပါစေ၊ သူမ ရောက်အောင်ပြန်လာ ရတော့သည်။
အမေသည် သူမအတွက် တစ်ခုတည်းသော မေတ်္တာတရား၏ ပြယုဂ်။ ထို့အတူ ညီမလေး။ ထိုအ၀န်းအ၀ိုင်းထဲက လွတ်မြောက်နိုင်ရန် ခွန်အားမရှိလှ။ ထို့အတွက် ဒီရွာကလေးသည် သူမနှင့်ဆက်စပ်ပတ်သက်နေရပေဦးမည်။ ဒီအတွက်တော့ ကြမ်းတမ်းမှု၊ ဝေးကွာမှု၊ မိုင်တိုင်များကိုကျော်ဖြတ်ရင်း အမေ့ရင်ခွင်ကို သူမ လာရောက်ခိုလှုံရသည့်ဘ၀ကို သူမ ဘယ်လိုပုံစံမျိုးနှင့် စွန့်ပစ်နိုင်ပါတော့မည်နည်း။ 


စိမ့်ယမင်းခင်
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis