menu

Tuesday 11 September 2012

Android phone အတွက် အကောင်းဆုံးအခမဲ့ Antivirus ဆော့ဖ်ဝဲများ


Android phone တွေဟာ Malware (Virus အပါအ၀င်) စွဲကပ်နိုင်ချေ များလာပြီလားလို့ပြောရင် အလွန်ပဲများလာပါပြီလို့ ဖြေရမှာပါ။ ကမ္ဘာတစ်လွှားမှာ ကုမ္ပဏီအမျိုးမျိုးက တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေတဲ့ Android phone အရေအတွက်ဟာ မိုဘိုင်းဖုန်းဈေးကွက်ရဲ့ (၆၀) ရာခိုင်နှုန်းနီးပါး ရှိနေပါပြီ။

ဂျာမဏီအခြေစိုက် AV-Test centre ရဲ့အဆိုအရ Android phone တွေအတွက် malware အရေအတွက်ဟာ ၂၀၁၂ ခုနှစ် ဇွန်လအထိဆိုရင် (၁၂,၀၀၀) လောက်ရှိနေပါပြီ။ လစဉ်လည်း အရေအတွက် (၄,၀၀၀) လောက်တိုးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ထဲမှာ မြန်မာပြည်က ဖုန်းဆိုင်တွေရောင်းတဲ့ စမတ်ဖုန်း အားလုံးနီးပါးဟာ (လိုင်းအလွန်ကြပ်တဲ့ အခြေအနေကလွဲရင်) ဖုန်းပေါ်မှာတင် အင်တာနက်ထဲ ၀င်နိုင်ပါတယ်။ အီးမေးလ်ပို့နိုင်တယ်။ အဲဒီလိုလုပ်တဲ့လူတွေလည်း အတော်များနေပါပြီ။ ဒါကြောင့် ထိရောက်တဲ့ Antivirus ဆော့ဖ်ဝဲတစ်ခုတော့ ဖုန်းထဲမှာရှိသင့်ပါတယ်။ မြန်မာပြည်မှာဖုန်းဝယ်ရင် ဖုန်းဆိုင်တွေက Antivirus ဆော့ဖ်ဝဲကို သဘောလောက် ထည့်ပေးလိုက်ပါတယ်။
အဲဒီဆော့ဖ်ဝဲ တကယ်အလုပ်လုပ်သလား၊ မလုပ်ဖူးလား မသိရပါဘူး။ သေချာတာကတော့ Virus definition download မရတာဖြစ်ပါတယ်။ အဲဒီအတွက် full version ၀ယ်ဖို့ပြောပါတယ်။ အောက်မှာဖော်ပြမယ့် Antivirus ဆော့ဖ်ဝဲတွေဟာ အမှန်တကယ် အလုပ်လုပ်နိုင်စွမ်းရှိပြီး AV-Test virus Lab ရဲ့စမ်းသပ်ချက်အရ ၂၀၁၂ ခုနှစ်မှာ Android ဖုန်းတွေအတွက် အကောင်းဆုံးဆော့ဖ်ဝဲတွေဖြစ်ပါတယ်။ အခမဲ့ ဆိုပေမယ့် မကောင်းတဲ့အချက်က တကယ်လိုချင်လို့ download ဆွဲပြီဆိုရင် Google play ထဲဝင်ရတဲ့အချက်ပါ။ Google play ဟာ အခပေးအခမဲ့ဆော့ဖ်ဝဲတွေ download ဆွဲယူရတဲ့ Google online store ဖြစ်ပါတယ်။ ကိုယ့်စမတ်ဖုန်းထဲမှာ Google play store app ရှိရင် တိုက်ရိုက်ဝင်သွားပြီး download ဆွဲလို့ အဆင်ပြေနိုင်ပါတယ်။ မရှိရင် mirror site ကနေ .Apk ဆော့ဖ်ဝဲကို ရယူပါမယ်။ ကွန်ပျူတာပေါ်ကတစ်ဆင့် Google play ထဲဝင်ပြီး download ဆွဲမယ်ဆိုရင် အီးမေးလ်လိပ်စာနဲ့ password တောင်းပါမယ်။ ကိုယ့်ဖုန်းဟာ အဲဒီလိပ်စာနဲ့ Google play ကို ချိတ်ဆက်ဖူးသလားဆိုတာကို တိုက်ဆိုင်စစ်ဆေးပါတယ်။ မချိတ်ဆက်ဘူးဆိုရင် download ချခွင့်ကို ငြင်းဆန်ပါလိမ့်မယ်။ ဖုန်းနဲ့ဆိုရင် Google play ထဲဝင်သွားလို့ အဆင်ပြေပြီး download ဆွဲလို့ရနိုင်တယ်ဆိုပေမယ့် ဖုန်းပေါ်မှာ QR (Quick Response) CODE reader ဆော့ဖ်ဝဲတစ်ခုရှိဖို့ လိုပါတယ်။ ဆော့ဖ်ဝဲ download မချမီပေးတဲ့ QR CODE ကိုဖုန်းပေါ်ကနေ QR CODE reader နဲ့ဖတ်ပြီး ဆော့ဖ်ဝဲက တောင်းဆိုတဲ့အချိန်မှာ QR CODE Scan လုပ်ထားတာကို ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။ ကွန်ပျူတာဆော့ဖ်ဝဲထဲမှာ serial key ထည့်ပေးရတဲ့ သဘောမျိုးပါပဲ။ ဒါကြောင့် စမတ်ဖုန်းပိုင်ရှင်များ အခမဲ့ဆော့ဖ်ဝဲလိုချင်လျှင် များသောအားဖြင့် Google play store app နဲ့ QR CODE reader app နှစ်ခု ကိုယ့်ဖုန်းပေါ်မှာ အသင့်တင်ထားပြီးရှိရဲ့လားဆိုတာ သတိပြုဖို့လိုပါတယ်။ ကိုယ်တွေ့ပြောရရင် မြန်မာပြည်က စမတ်ဖုန်းအတ်ာများများမှာ အဲဒီဆော့ဖ်ဝဲနှစ်ခု ပါမလာပါဘူး။ အခြေအနေအားလုံးပြည့်စုံလို့ download ချနိုင်မယ်ဆိုရင် အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ အခမဲ့ဆော့ဖ်ဝဲ (၃) မျိုးကိုတွေ့ရပါမယ်။ အဲဒါတွေက Avast Mobile security, Kaspersky Mobile security Lite, Lockout security and antivirus တွေဖြစ်ပါတယ်။ Avast ဟာ ခြုံငုံစွမ်းဆောင်ရည်ပိုင်းမှာ ကြယ်ငါးပွင့်ပေးတဲ့အနက် ကြယ်လေးပွင့်ခွဲရပါတယ်။ Android device ကိုကာကွယ်ဖို့ အလွန်ကောင်းတဲ့ utility ဖြစ်ပြီး သူ့အဆင့်က အခပေး Mobile Antivirus ဆော့ဖ်ဝဲတွေနဲ့ တန်းတူပါတယ်။ Android Malware အပြင် Rootkit တွေနဲ့ပါ စမ်းသပ်တဲ့အခါ ပြိုင်ဘက်ဆော့ဖ်ဝဲတွေထဲမှာ ထိပ်တန်း (၁၀) စာရင်းဝင်ပါတယ်။ သုံးစွဲသူ အလွန်နားလည်လွယ်တဲ့ Interface ရှိတယ်။ ကိုယ့်ဖုန်းထဲဝင်မယ့် Malware အကြောင်း သတင်းအချက်အလက်ပေးရာမှာလည်း အလွန်ပြည့်စုံပါတယ်။ Malware အုပ်စု (၁၉) စုနဲ့စမ်းသပ်ရာမှာ Exploit. Lotoor အုပ်စုအတွက် အထူးကောင်း (Virus စစ်ဆေးနိုင်မှု ကိုးဆယ်ရာခိုင်နှုန်းအထက်) မရတာကလွဲရင် အင်မတန်ကျေနပ်ဖို့ရှိပါတယ်။ အခမဲ့ဆော့ဖ်ဝဲထဲမှာ Exploit.Lotoor ဗိုင်းရပ်စ်အုပ်စု စစ်ဆေးမှုအတွက် အထူးကောင်းအဆင့်ရတာ kaspersky တစ်မျိုးပဲရှိပါတယ်။ Virus Scan လုပ်တာ အလွန်မြန်တယ် (၁) မိနစ်အောက်ပဲ ကြာတယ်။ Micro SD Card ပါထည့်ပြီး စစ်ချင်ရင် Option မှာဝင်ပြီး ရွေးပေးရပါမယ်။ သူ့ကိုပါထည့်စစ်ရင်တော့ (၁) မိနစ်ကျော်တဲ့အထိ ကြာနိုင်ပါတယ်။ ကတ်ထဲမှာရှိတဲ့ ဖိုင်အရေအတွက်ပေါ် မူတည်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အီးမေးလ်နဲ့ Text message တွေကိုပါ စစ်ဆေးပေးတာမို့ သုံးစွဲသူကို စိတ်ချမ်းသာစေပါတယ်။ root လုပ်ထားတဲ့ device တွေအတွက် firewall ပါလာတာကလည်း ချီးကျူးစရာပါ။ Anti-Theft service (ဖုန်း သူများလက်ထဲပါသွားသည်ရှိသော် ဆောင်ရွက်ပေးနိုင်တဲ့ ၀န်ဆောင်မှု) ကိစ္စမှာ Google play တစ်နေရာနဲ့မပြီးဘဲ တခြားနေရာက application တွေကိုပါ Install လုပ်ခိုင်းတာက နည်းနည်း ကသိကအောက်ဖြစ်စေပါတယ်။ Anti-Theft လုပ်ငန်းစဉ်ကတော့ နည်းနည်းအားနည်းချက်ရှိပါတယ်။ ဖုန်းရဲ့ setting ကိုဝင်ပြီး ကိုင်တွယ်တတ်တဲ့ သူခိုးမျိုးဆိုရင် ဆော့ဖ်ဝဲကို အလွယ်တကူ uninstall လုပ်သွားနိုင်အောင် လမ်းဖွင့်နေပါတယ်။ ဖုန်းပေါ်က data တွေကို အဝေးက လှမ်းပြီးဖျက်တာကို တားနိုင်မယ့် rooted Install application လည်း ပေါ်နေပါပြီ။ Data လှမ်းဖျက်တဲ့လုပ်ငန်းစဉ်ကို ပါးရေနပ်ရေရှိတဲ့သူခိုးက ပိတ်ချလိုက်ပြီး hard-restet လုပ်လိုက်တာနဲ့ တစ်ပြိုင်နက်ကိုယ့် handset ကိုခြေရာခံလို့မရအောင် လက်စသိမ်းသွားပါပြီ။ Avast Anti-Theft အယောင်ဆောင် application တစ်ခုလည်းပေါ်နေပြီမို့ သတိထားသင့်ပါတယ်။ နောက်ထပ်အားကိုးလောက်တဲ့ ဆော့ဖ်ဝဲက Kaspersky Mobile Security Lite ဖြစ်ပါတယ်။ Android version 4.0 အထိ အလုပ်လုပ်ပါတယ်။ သူ့ကိုသုံးရင် handset ကို Lock ချဖို့ PIN number ရိုက်ထည့်ခိုင်းပါတယ်။ အဲဒီနံပါတ်မေ့သွားရင် သူ့ဆီမှာမှတ်ပုံတင်ထားတဲ့ အီးမေးလ်ကတစ်ဆင့် ပြန်ပြီးရယူနိုင်ပါတယ်။ Kaspersky ဟာ Cloud ကိုအခြေခံတဲ့ security Network သုံးပါတယ်။ ကိုယ်က သူ့ဆော့ဖ်ဝဲ Install လုပ်တဲ့အခါမှာ Kasperskay Cloud data base ကိုအခြေခံပြီး ကိုယ့်ဖုန်းကိုစစ်ပါမယ်။ Malware အုပ်စု (၁၉) စုကို စစ်ဆေးနိုင်မှုမှာ အထူးကောင်း  (ရမှတ် ၉၀ ကျော်) အဆင့်ရ အခမဲ့ဆော့ဖ်ဝဲအနေနဲ့ Kaspersky တစ်မျိုးပဲရှိပါတယ်။ အခမဲ့ feature တွေလျှော့ထားပါတယ်။ Feature အပြည့်အစုံနဲ့ လိုချင်ရင် (၁၄) ဒေါ်လာလောက် ကျသင့်ပါတယ်။ စစ်ဆေးတဲ့နေရာမှာ Calls နဲ့ text message ဆိုပြီး ခွဲခြားစစ်ဆေးပါတယ်။ Contact List ကိုမစစ်ပါဘူး။ Blacklist ထဲထည့်ချင်တဲ့ ဖုန်းနံပါတ်ကို ကိုယ်တိုင် ရိုက်ထည့်ပေးဖို့ လိုပါတယ်။ ကိုယ့်ဖုန်း သူများလက်ပါသွားတဲ့အခါမှာ preset SMS တစ်ခုပို့ပြီး အဝေးကနေ handset ကို block လုပ်နိုင်ပါတယ်။ အဲဒီ အလုပ်လုပ်မှာ သေချာတဲ့အကြောင်း အတည်ပြုအီးမေးလ်တစ်စောင်ကို ပို့ပေးရပါမယ်။ ဖုန်း block ၀န်ဆောင်မှုကိုလိုချင်ရင် ဆော့ဖ်ဝဲကို default home screen မှာထားပြီး သုံးရပါမယ်။ ဒါမှသာ The phone is blocked ဆိုတဲ့ message ပြပါလိမ့်မယ်။ Contacts call log နဲ့ Calender item တွေကို အဝေးက လှမ်းဖျက်ပစ်နိုင်တဲ့ Remote wipe ကိုလည်း သုံးနိုင်ပါတယ်။ အခပေး version ဆိုရင် ဖုန်းထဲက မိမိဖျက်လိုရာဖိုင်ကို အဝေးကလှမ်းပြီး ဖျက်နိုင်တဲ့ စွမ်းဆောင်ရည်လည်းရှိပါတယ်။ Lock and wipe စွမ်းဆောင်ရည်ကိုသုံးချင်ရင် သီးခြား kaspersky account တစ်ခုလုပ်ဖို့လိုပါတယ်။ ဒီ account ကိုသုံးပြီး SMS တစ်စောင် မိမိရဲ့ hardset ဆီပို့ရပါမယ်။ အဲဒီနည်းနဲ့ handset ရောက်ရှိနေတဲ့နေရာကို ဖော်ထုတ်နိုင်ပါတယ်။ အခပေး version မှာတော့ ဒီလုပ်ငန်းစဉ်အတွက် ပိုပြီးလွယ်ကူတဲ့ အီးမေးလ်သုံးစနစ်ကို ပံ့ပိုးပေးထားပါတယ်။ AV-Test ရဲ့ထောက်ခံချက်ရတဲ့ တတိယမြောက်အခမဲ့ Antivirus ဆော့ဖ်ဝဲက LookOut Security and antivirus ဖြစ်ပါတယ်။ Virus အုပ်စု (၁၉) စုနဲ့ စစ်ဆေးရာမှာ (၂) စုလောက်အတွက် ကျေနပ်ဖွယ်ရလဒ် မရခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ ထူးထူးခြားခြား Back up tool ပါလာတယ်။ ကိုယ့်ဖုန်း သူများလက်ပါသွားရင် အဝေးကလှမ်းပြီး Lock ချနိုင်ဖို့ Missing device alert ပါတယ်။ Handset ဘယ်နေရာရောက်နေလဲဆိုတာ လှမ်းရှာနိုင်တဲ့စနစ်လည်းပါတယ်။ Malware Scanner ကလည်း ကိုယ် Install လုပ်သမျှ application တွေကိုစစ်ပါမယ်။ တင်ထားပြီးသား application တွေကိုလည်း အပတ်စဉ်စစ်ပါမယ်။ Update ထွက်လာရင်လည်း အလိုအလျောက် update တင်ပေးပါမယ်။ မြန်မာစမတ်ဖုန်းတွေနဲ့တော့ သိပ်ပြီး အဆင်ပြေမယ်မထင်ပါဘူး။ Contact backup လုပ်ပြီး သိမ်းပေးထားပါမယ်။ လိုရင် My lookout.com ကနေလှမ်းပြီး restore လုပ်နိုင်ပါတယ်။ အဲဒီအတွက် account တစ်ခုလုပ်ပေးထားဖို့တော့ လိုပါတယ်။ Gmail Account ကိုလည်း လက်ခံပါတယ်။ ဖုန်းပျောက်ရင် my lookout account ကနေ လှမ်းရှာနိုင်တယ်။ Alarm မြည်စေဖို့ လုပ်နိုင်တယ်။ ဒါတွေလုပ်နိုင်ဖို့ ဖုန်းပေါ်က GPS on ထားရမှာဖြစ်ပြီး GPS Location option ကိုလည်း on ပေးထားရပါမယ်။ ဖုန်းအခိုးခံရပြီဆိုရင် ဖုန်းပေါ်က data အားလုံးဖျက်ချနိုင်ဖို့ lookout ကို Admin ရာထူးပေးထားဖို့လည်း လိုပါတယ်။

ရေးသားသူ -နောင်စိုး (ထားဝယ်)
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis