menu

Friday 14 September 2012

ရင်ထဲက ဝေဒနာနှင့် စေတနာ(ယဉ်ယဉ်နု(မန္တလေး))




ကျော်သူရမောင် ဖားကန့်ကို ရောက်နေတာ ကြာပြီ။ အိမ်က ထွက်ပြေးပြီး မှော်ထဲကို တက်ပြီး စီးပွားရှာမယ်လို့ ဟစ်ကြွေးသွားတဲ့ ညီကို လိုက်ရှာဖို့ ရောက်နေတာ။
ပထမ မြစ်ကြီးနားကို သွားတယ်။ မြစ်ကြီးနားက သူငယ်ချင်းနဲ့ ဖားကန့်ကို သွားတယ် ဆိုတာနဲ့ ဖားကန့်ကို ခြေရာခံပြီး လိုက်ခဲ့ရတာ။ ဖားကန့်မှာလည်း မတွေ့ပါဘူး။ ဟိုစုံစမ်း ဒီစုံစမ်းနဲ့ သုံးလေးရက် ကြာသွားတယ်။ ကိုယ့်ရှေ့မှာ လူတွေ တရုန်းရုန်းနဲ့ ပြန်ဆင်း နေကြတာ တွေ့တယ်။ ကျော်သူရမောင်ကတော့ သတိ မထားမိဘူး။ ပျောက်နေတဲ့ညီကို ရှာဖို့ပဲ စဉ်းစားနေတာ။ နောက်ဆုံးတော့ တည်းနေတဲ့ အိမ်ရှင်က သတိပေးရတဲ့ အထိပဲ။

“သူရ မင်း မပြန်သေး ဘူးလား။ အကုန်လုံးလိုလို ပြန်ဆင်းကုန်ကြပြီနော်။ တော်ကြာ
ဆင်းမရဘဲ ဖြစ်နေမယ်”

“ငါ့ကောင်ကို မတွေ့ သေးဘူးကွာ”

“ဒီအတိုင်းဆိုရင် ကုမ္ပဏီ တစ်ခုခု ၀င်သွားတာ ဖြစ်မယ်။ အင်း...မင်းတို့ကတော့ ပြန်မယ်ဆို ပြန်လို့ရ တယ်။ ငါတို့ကတော့ အခြေ ချနေတဲ့ လူတွေမို့ ဖြစ်သမျှ အကြောင်း အကောင်းကြီး ပေါ့ကွာ”


ဒါနဲ့ ကျော်သူရမောင်လည်း ပြန်ဖို့ စီစဉ်ရတော့ တယ်။ ဗင်ကားငှားပြီး ပြန် ဆင်းမယ်လို့ စဉ်းစားတယ်။ ဗင်ကားက မိုးကောင်း အရောက် ခြောက်သောင်းတဲ့။ ကျော်သူရမောင် ပိုက်ဆံနည်း နည်းပဲ ကျန်တော့ပေမဲ့ မိုး ကောင်းရောက်ရင် မိတ်ဆွေ အိမ်မှာ ၀င်ယူလို့ရတယ်လို့ တွေးပြီး ကားလက်မှတ်ဝယ်  လိုက်တယ်။ ရှေ့ခန်းတစ် ယောက်၊ နောက်ခန်းသုံး ယောက် ခရီးဖော်တွေနဲ့ ဆင်း ခဲ့တယ်။ မိုးကောင်းကို ချော ချောမောမော ရောက်မယ် အောက်မေ့နေတာ ဘယ်ဟုတ် လို့လဲ။ ပျားအုံကိုလည်း ရောက်ရော ကိုယ့်အရင် ရှေ့ က ဆင်းသွားတဲ့ ကားတွေ လှည့်ပြီး ပြန်တက်လာကြတာ တွေ့တယ်။ ရှေ့မှာ လမ်းတွေ ပိတ်နေပြီတဲ့။ ကျော်သူရ မောင်လည်း ဘာတတ်နိုင်မှာ လဲ။ ဖားကန့်ကိုပဲ ပြန်လာခဲ့ ရတော့တာပေါ့။ ဆင်းလို့ မရတော့ဘူး ဆိုမှ အရမ်းကို ဆင်းချင်နေတယ်။ ဘယ်လို ဆင်းရမလဲဆိုတာ နည်းလမ်း တွေ ရှာရတော့တာပေါ့။

“ဝေခါလမ်းကတော့ ဆိုင်ကယ်နဲ့ ဆင်းရမှာ။ အခြေအနေ စိတ်မချရဘူး။ အကောင်းဆုံး စဉ်းစားမိတာ ကတော့ ဆယ်ဇင်းကနေ ဥရု ချောင်းအတိုင်း စုန်ပြီး ချင်း တွင်းမြစ်ကြောင်းအတိုင်း မုံရွာကို သွားတဲ့လမ်းက ကောင်းမယ်ထင်တယ်”

ကျော်သူရမောင် ဘာ တတ်နိုင်မှာလဲ။ နယ်မြေ ကျွမ်းတဲ့သူ ညွှန်ကြားတဲ့ အတိုင်း ပြန်ရုံပေါ့။ အဲဒါနဲ့ ဖားကန့်ကနေ ဆယ်ဇင်းကို ဗင်နဲ့ ပြန်ဆင်းခဲ့တယ်။ ဆယ် ဇင်းရောက်တော့ အမြန်ယာဉ် စက်လှေ စုံစမ်းနေတုန်း ကိုယ်လိုသူလို ခရီးသည် တစ်ယောက်က ပြောတာနဲ့ ဘုန်း ကြီးကျောင်းကို ရောက်သွား တယ်။ ဘုန်းကြီးကျောင်းမှာ ပြန်ဆင်းမဲ့ ခရီးသည်တွေ သိန်းနဲ့ချီပြီး ရှိနေတာ တွေ့ရ တယ်။ လမ်းပေါ်မှာလည်း  ကြိတ်ကြိတ်တိုး၊ ကျောင်းထဲမှာလည်း ပြည့်ကျပ်နေတာပဲ။ လမ်းပေါ်မှာ စားပွဲခုံတွေ ချပြီး ထမင်းထုပ်တွေ ဝေနေ တာ တွေ့ရတယ်။ အမျိုးသမီး တွေက တောင်းတွေနဲ့ထည့် ပြီး “ထမင်းထုပ်တွေ ယူကြ ပါ။ ကြိုက်သလောက် ယူပါ။ လမ်းမှာ ဆာရင် ဘာမှ မရှိ ဘူးနော်”လို့ ပြောကြတယ်။ နှစ်ထုပ်၊ သုံးထုပ် ကြိုက် သလောက် ယူလို့ရပါတယ်။ ကျော်သူရမောင်လည်း သုံး ထုပ်ယူခဲ့တယ်။ မုန့်ကြွပ် ထုပ်တွေလည်း ဝေတယ်။ ဘုရား ဘုရား ဒီလူတွေ အများကြီး ကြိုက်သလောက် ဝေနိုင်အောင် သူတို့ဘယ် လောက်များ အပင်ပန်းခံပြီး ချက်ထားကြရတာပါလိမ့်။

သုံးဆယ့်ငါးယောက် စီး စက်လှေနဲ့ ဆယ်ဇင်းက နေ ညနေ လေးနာရီလောက် မှာ ဥရုချောင်းအတိုင်း စပြီး စုန်ခဲ့တယ်။ ကျော်သူရမောင် ရင်တွေ တဒိတ်ဒိတ် ခုန်နေ တယ်။ မန္တလေးအပြန်ခရီးက တော့ စခဲ့ပြီ။ ခရီးသည်တွေ ဟာ မျက်နှာငယ်လေးတွေနဲ့ တစ်ခုခုကို ကြောက်ရွံ့နေကြ တဲ့ ပုံစံတွေနဲ့။ ဆယ်ဇင်းက နေ စက်လှေတွေ အုပ်စုလိုက် ထွက်ခွာလာကြတာ။ ဥရု ချောင်း အပြည့်အလျှံပဲ။ ကျော်သူရမောင်လည်း ငါ တစ်ယောက်တည်းမှ မဟုတ် ဘဲ။ အဖော်တွေမှ အများကြီး ပဲလို့ စိတ်တင်းလိုက်ရတယ်။ ဆောင်းလေကလည်း ရက်ရက်စက်စက် တိုက်နေတာ အကာအကွယ်မဲ့တဲ့ ချောင်း ထဲမှာမို့ အသားကို မြားချွန် တွေနဲ့ ထိုးခွဲနေသလိုပဲ။

“ချမ်းလိုက်တာ”

အနားက တိုးတိုးလေး ကြားလိုက်လို့ ကျော်သူရမောင် လှည့်ကြည့်လိုက်တယ်။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်နဲ့ ကျောပိုးအိတ် လွယ်ထားတဲ့ ကောင်မလေး တစ်ယောက်က ကျော်သူရမောင် နဲ့ နီးနီးလေး ကပ်ထိုင်ပြီး ဒူး နှစ်လုံးပေါ်မှာ ခေါင်းတင်ပြီး မှေးနေရင်း ညည်းလိုက်တာ။ ကုပ်ပေါ်ကို ၀ဲကျနေတဲ့ ဆံပင် ဖွာဖွာလေးတွေနဲ့ လျှာထိုးဦး ထုပ်ကလေး ဆောင်းထားတယ်။ ကိုယ်လို ယောက်ျား ရင့်မာကြီးတောင် ချမ်းသေး တာ။ မိန်းကလေး ချမ်းရှာမှာပေါ့။ သနပ်ခါးပေါင်ဒါ တစ်စက် မပါတဲ့ မျက်နှာ ပြောင်ပြောင်ကလေးနဲ့တောင် ကောင်မလေးက လှတပတ လေးမို့ ကျော်သူရမောင် ငေးကြည့်လိုက်မိတယ်။ အင် မှော်ထဲက ဆင်းလာတာ အဖော်လည်း မပါဘူး။ လှေတစ်စီးလုံးမှာမှ မိန်းကလေး တစ်ယောက်တည်း ဆိုတော့ ဘယ်ကလာလို့ ဘယ်သွား မှန်းလည်း မသိဘူး ဆိုပြီး မျက်နှာ လွှဲလိုက်ရတယ်။

တဖြည်းဖြည်းနဲ့ မှောင် စပျိုးလာပြီ။ ဒီပြည်နယ်ရဲ့ ဆောင်းညနေတွေက အမှောင် ပြန်တတ်တယ်။ ခရီးစလို့မှ ဘယ်လောက်မှ မကြာသေး ဘူး။ စက်လှေမောင်းတဲ့ သူက ကမ်းကပ်ဖို့ ဟန်ပြင် နေပြီ။ မှောင်လာတော့ လက် နှိပ်ဓာတ်မီးနဲ့ ထိုးပြီး မောင်း နေရတယ်။ ရွာခြေတစ်ခု ရောက်တော့ စက်လှေ ကမ်း ကပ်လိုက်တယ်။ အယ်လ်အီး ဒီ မီးအလင်းရောင်ကလေး တွေ စက်လှေဆီကို ပြေးလာ ကြတယ်။ အနားရောက်တော့ အဒေါ်အရွယ်၊ အစ်မအရွယ် အမျိုးသမီးတွေ ဖြစ်နေတယ်။ သူတို့မျက်နှာတွေက ၀င်းပ ပြီး စိတ်အားထက်သန်နေကြ တယ်။

“ခရီးသည်တွေ ထမင်း ၀ယ်မစားကြနဲ့နော်”

“ထမင်းဝယ်စားရင် လည်း ထမင်းဆိုင်က ခင်ဗျားတို့ အများကြီး ရောင်းနိုင်မှာ မဟုတ်ဘူး”

“ထမင်း ချက်နေတယ်။ ကြက်ဥလည်း ကြော်နေ တယ်။ ခဏလေး စောင့်ကြ ပါနော်”

“ချမ်းတဲ့လူတွေ မီးဖို ပေးထားတယ်။ လာလှုံကြ ပါ”

တစ်ယောက်တစ်ပေါက် ပြောကြတဲ့ စေတနာ စကားတွေက ဒုက္ခရောက် လာတဲ့ ကျော်သူရမောင်တို့ကို ရင်ထဲ အေးမြစေတယ်။ မီးဖို နားကို အမြန်အရောက် ပြေး ပြီး ၀ိုင်းထိုင်မီးလှုံကြတယ်။ ကျော်သူရမောင်က နေရာမရ တော့လို့ မတ်တတ်ရပ်ပြီး လက်တွေကို မီးကင်ရတယ်။

“အဲဒါ ကမ်းစပ်နားက ဈေးသည်တွေလေ”

လှည့်ကြည့်လိုက်  တော့ စောစောက ကောင်မ လေး အနားက ရပ်ပြီး ပြော လိုက်တာ။ ကျော်သူရမောင် ငေးကြည့်နေတုန်း ကောင်မလေးက ပြုံးပြတယ်။ ပြီး တော့ ဘယ်ပြန်မှာလဲလို့ မေး တယ်။ ကျော်သူရမောင် အမှတ်တမဲ့ မန္တလေးလို့ ဖြေ လိုက်တယ်။ ကောင်မလေး လက်ထဲမှာလည်း ထမင်း ထုပ်နဲ့ ကျော်သူရမောင်မှာ လည်း ဆယ်ဇင်းက ပေး လိုက်တဲ့ ထမင်းထုပ်ပါသေး တယ်။ သူတို့စိတ်ထဲမှာ စိုး ရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းမှုပဲ ရှိတယ်။ ထမင်းမဆာကြ ဘူး။ အဲဒီလိုနေတုန်း လူတစ် စုက သောင်ပြင်မှာ အလုပ် များနေတယ်။

အမျိုးသားတွေ လာ ၀ိုင်းကူကြပါဦးဆိုတဲ့ အသံ တွေကြားနေရလို့ ကျော်သူရ မောင် အဲဒီနေရာကို သွားဖို့ ခြေလှမ်းပြင်တော့ ကောင် မလေးကလည်း ကပ်ပြီး လိုက်လာတယ်။ ကျွန်တော် နာမည် ညိုညိုလို့ မကြား တကြား ပြောတာနဲ့ ကျော်သူ ရမောင်ကလည်း လှည့်ကြည့်  ပြီး “ငါ့နာမည် ကိုသူရ”လို့ ပြန်ပြောလိုက်ရတယ်။ ကောင်မလေးက ပြုံးပြ တယ်။ သောင်ပြင်ပေါ်မှာ လူ တွေအများကြီးနဲ့ မိုးကာတွေ ခင်းနေတယ်။ ခရီးသည်တွေ နားကြပါ။ အိမ်တွေမှာ လူ တွေတည်းဖို့ မလောက်လို့ ဆိုတဲ့ အသံတွေ ကြားရ တယ်။

“ဟာ သောင်ပြင်မှာ လေကတိုက်နဲ့ သေကုန်ကြ မှာပေါ့”

“လာမယ်လေ ကြည့်ပါ ဦး။ ဟိုမှာ ပေပါတွေ ယူ လာကြပြီ”

မိုးကာအခင်းတွေပေါ် ကို ပေပါတွေ ထောင်ကြ တယ်။ အပေါ်က မိုးကာကို အသားချောင်းတွေ ခံပြီး အုပ် ပေးတယ်။ ခဲနဲ့ဖိတယ်။
“ဟန်ကျတယ်ဗျာ။ နှင်း လည်း မကျတော့ဘူး။ ကျွန်တော်က အိပ်ချင်လှပြီ ၀င်မယ်ဗျာ”အနားက လူတော် တော်များများက မိုးကာ အခင်း အကာအောက်ကို လှိမ့်ဝင်သွားကြတယ်။ ကျော် သူရမောင်လည်း နားချင်လှ ပြီ။ ကောင်မလေးကို လှည့် ကြည့်မိတယ်။ ကောင်မလေးက ဘာမှ မမှုတဲ့ ပုံစံနဲ့ ငုံ့ဝင်သွားပြီး ကျောပိုးအိတ် ကလေး ခေါင်းအုံးပြီး လှဲအိပ်လိုက်တယ်။ ကျော်သူရ မောင်လည်း သက်ပြင်းတစ် ချက်ချပြီး ဘေးနားမှာ ၀င်လှဲအိပ်လိုက်ရတယ်။

အဲဒါနဲ့ ပြောရဦးမယ်။ ကျော်သူရမောင်တို့ စက်လှေပေါ်မှာက  မြင်းခြံနယ်သား ဖက်စပ်ကုမ္ပဏီ လုပ်သားတွေ အုပ်စုလိုက် သုံးဆယ့်ငါး ယောက်ပါတယ်။ သူတို့က တစ်အုပ်စုဆိုပါတော့။ ကျန် တာက ခြောက်ယောက်မှာ ကျော်သူရမောင်က တစ် ယောက်တည်း။ ညိုညိုက လည်း တစ်ယောက်တည်း။ ကျန်တဲ့ လေးယောက်က တစ်အုပ်စု။ ဒါပေမဲ့ ဒီခြောက် ယောက်က တစ်အုပ်စုတည်း တွဲမိသွားကြတယ်။ လေး ယောက်အုပ်စု ခေါင်းဆောင် အသက် ၅၀ ကျော် အဘိုး ကြီးက ဟိုဘက်ခပ်လှမ်း လှမ်းက ထလာပြီး ညိုညို့ ဘေးနားမှာ  ခပ်ဝေးဝေး လာ ထိုင်ရာက “ငါ့သမီး စိတ်ချ လက်ချအိပ်။ အဘတို့ စောင့်ပေးမယ်”လို့ ပြောပြီး အယ်လ် အီးဒီမီးလေး ထွန်းလိုက်တယ်။ ညိုညိုက “မီး ပိတ်လို့ ရပါတယ် အဘရယ်၊ တစ်လှေတည်းစီး တစ်ခရီး တည်း သွားရတဲ့ လူတွေပဲ ဥစ္စာ”လို့ ပြန်ပြောသံကို ကျော ခိုင်းပြီး ကွေးနေရင်းက ကျော်သူရမောင် ကြားလိုက် တယ်။ ပြီးတော့ ချမ်းချမ်းနဲ့ ကွေးရင် မှေးမှေးနဲ့ အိပ်ပျော် သွားတယ်။ တစ်ခဏလေး ပဲလို့ အောက်မေ့တဲ့အချိန်မှာ

“ကောက်ညှင်းပေါင်း စားကြပါရှင့်”

“ထမင်းထုပ်တွေ ယူ ကြပါရှင့်”

ဆိုတဲ့ အသံတွေကြောင့် ကျော်သူရမောင် နိုးလာ တယ်။ ကြည့်လိုက်တော့ ဥရု ချောင်းပေါ်မှာ ရောင်နီလာနေ ပြီ။ ညိုညိုကို ချောင်းဘက် က ပြန်တက်လာတာ တွေ့ရ တယ်။ မျက်နှာသစ်လာ တယ်နဲ့ တူတယ်။ နံနက်ဦးမှာ မျက်နှာလေး လန်းဆန်းနေ တာ တွေ့ရတယ်။ တောင်းထဲ က ကြွပ်ကြွပ်အိတ်နဲ့ ထုပ် ထားတဲ့ ကောက်ညှင်းပေါင်း နှစ်ထုပ် ဆွဲယူလိုက်ပြီး တစ် ထုပ်ကို ကျော်သူရမောင်ကို လှမ်းပေးတယ်။

“မျက်နှာ သွားသစ် လိုက်ဦး”ဆိုပြီး သောင်ပြင်ဘက် ဆက်ထွက်သွားတယ်။ လင်းရောင်နုလေး လာစပြု ပြီဆိုရင်ပဲ စက်လှေတွေ လူစုံ မစုံ အော်ခေါ်ကြပြီး တစ်စီးပြီး တစ်စီး ထွက်ခွာလာကြ တယ်။ ကျော်သူရမောင်တို့ စက်လှေထဲမှာ ထမင်းထုပ် တွေ အများကြီး ပါလာတယ်။ သုံးဆယ့်ငါးယောက် အုပ်စု ခေါင်းဆောင် ကိုကြံ တိုင်းအောင်က “ရွာလှ ကောင်းဆိုတဲ့ ရွာနာမည် အတိုင်း နှလုံးလှတဲ့ ရွာသူ ရွာသားတွေ တစ်ညလုံး မအိပ်ကြဘူးဗျ သိလား၊ အိုး ကြီး အိုးငယ်နဲ့ ချက်ပြုတ်နေ ကြတာ”လို့ ကျော်သူရမောင် ကို ကြည့်ပြီး ပြောတယ်။

“ကျွန်မလည်း သုံးနာရီ လောက်ကတည်းက နိုးနေတာနဲ့ အသာလေး ထသွား ပြီး သူတို့အုပ်စုနဲ့ ထမင်းကူ ချက်ပေးနေတာ။ ကျွန်မကို ကော်ဖီမစ်တောင် တိုက်သေးတယ်”လို့ ညိုညိုက ၀င်ပြော တယ်။

သုံးဆယ့်ငါးယောက် အုပ်စုထဲက တစ်ယောက်က ဆိုင်ကယ် ထိထားတာတဲ့။ သူ့ ခြေထောက်က ကွေးမရဘဲ တန်းတန်းကြီး ဖြစ်နေတယ်။  စက်လှေထွက်တော့ ကျပ် ပိတ်နေပြီး ခြေထောက်ထားစ ရာ မရှိဘဲ ဖြစ်နေတယ်။ ညို ညိုက “ခြေထောက်ဆင်းလိုက် အစ်ကို”ဆိုပြီး ထိုင်ရာက ထလို့ စက်လှေဘောင် ပေါ်မှာ သွားထိုင်တယ်။ ဟဲ့ ကောင်မလေး အရဲ မကိုးနဲ့နော်။ မြဲမြဲ ကိုင်ထားနော်။ လိမ့် ကျသွားဦးမယ်ဆိုတဲ့ စိုးရိမ်ပူ ပန်သံတွေ စက်လှေထဲ လေး ငါးခြောက်သံ ထွက်လာတယ်။ ညိုညိုက အေးဆေး ပါဆိုတဲ့ ပုံစံနဲ့ လက်ပြတယ်။ စိုးရိမ် ပူပန်သံတွေဟာ မိန်းကလေးမို့ ပူပင်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ကိုယ့်တူမ ကိုယ့် သမီး လိမ့်ကျသွားမှာစိုးလို့ ရိုးရိုးသားသား အော်လိုက်တဲ့ အသံတွေလို့ ကျော်သူရမောင် ယုံကြည်တယ်။ မယုံ ကြည်လို့ မရဘူးလေ။ယောက်ျားလေး လေးဆယ် လောက်ကြားထဲမှာ ညိုညိုကလည်း ယုံကြည်မှု အပြည့်နဲ့ သတ္တိရှိရှိ တစ်ည အိပ်ပြခဲ့ပြီး ပြီပဲ။ စက်လှေတစ်စီးလုံးက လူတွေဟာ အခုမှ သွေးသားရင်းတွေလို ခင်မင်မှု၊ ယုံ ကြည်မှုတွေ တိုးပွားလာနေ ကြတယ်။

မနက်အစောကြီးက ထွက်လာတဲ့စက်လှေက နန် တောကို ဆယ့်တစ်နာရီခွဲ လောက်မှာ ရောက်တယ်။ ဆိပ်ကမ်းမှာ စက်လှေတချို့ ရပ်ထားပြီး ကမ်းပေါ်မှာ လူ တွေ ဖွေးဖွေးလှုပ်လို့။ ထမင်း ထုပ်ဝေနေကြတာနဲ့ တူတယ်။

“ခင်ဗျားတို့ ထမင်းထုပ် ယူကြဦးမှာလား”

စက်လှေမောင်းတဲ့သူ က လှည့်မေးတယ်။
“မယူချင်ဘူး”

“မယူတော့ဘူး များနေ ပြီ”

“မနက်က ယူခဲ့တယ် လေ”

“စက်ဆရာ မောင်းသာ မောင်းတော့ဗျို့၊ ခရီးဖင့်လိမ့် မယ်”

“ဟုတ်ပြီ။ ဒါဆိုရင် တော့ နန်တောမှာ မရပ် တော့ဘူးနော်။ အားလုံး သဘောတူတယ်နော်”

“တူတယ်၊ တူတယ်”

ကျော်သူရမောင်တို့ စက်လှေဟာ အရှိန်မလျှော့ဘဲ စက်ကုန်ဖွင့်ပြီး နန်တောကို ဖြတ်တယ်။ ကမ်းပေါ်က လူတွေက ကမ်းနားထိ ပြေး လာပြီ စက်လှေရပ်ပါဦးလို့ အော်ကြတယ်။ လက်ပြပြီး ရပ်ခိုင်းကြတယ်။ စက်လှေ ပေါ်က လူတွေကလည်း မရပ်တော့ဘူးလို့ အော်သူက အော်၊ လက်တွေ ခါပြီး ပြကြ တယ်။ ကမ်းပေါ်က လူတွေ က မကျေနပ်ဘူး။ စက်လှေ တစ်စင်းပေါ်တက် စက်နှိုးပြီး ကျော်သူရမောင်တို့ စက်လှေ နောက်က လိုက်လာလို့ စက် လှေအရှိန်လျှော့လိုက်ရတယ်။

“ခင်ဗျားတို့ စက်လှေ ဘာလို့ မရပ်တာလဲ”

“ကျွန်တော်တို့ အမြန် သွားချင်လှပြီမို့ မရပ်တာ”

“မရပ်လို့ မရဘူး။ ရှေ့ မှာ ဒုက္ခရောက်လိမ့်မယ်။ ထမင်းထုပ်တွေ ယူသွားကြ ဦး။ ရောင်းတဲ့လူ ရှိမှာ မဟုတ်ဘူး”

သူတို့က စိတ်အား ထက်သန်နေတာမို့ ကျော်သူ ရမောင်တို့စက်လှေလည်း ကမ်းစပ်မှာ ထိုးကပ်ပေး လိုက်ရတယ်။ ဆိပ်ကမ်းနဲ့ နည်းနည်းလှမ်းလာပြီမို့ ထမင်းထုပ်တောင်းတွေ ကိုင် ထားတဲ့လူတွေဟာ စက်လှေ နောက်ကို ပြေးလိုက်လာကြ ရတယ်။ သြော် ကိုယ့်ကို ထမင်းထုပ်ပေးဖို့ ဒါလောက် ကြိုးစားပမ်းစား မောကြီးပန်း ကြီး ဖြစ်နေတာ တွေ့တော့ ကျော်သူရမောင်ဖြင့် အားနာ လိုက်တာ။

“နောက်ကျမှာစိုးရင် စက်လှေပေါ်က မဆင်းနဲ့ တော့ ဒီအတိုင်းသာ တင် သွားကြတော့”

အောက်ကနေ တင်ပေးတဲ့ ထမင်းထုပ်တွေကို လှေဦး မှာ စုတင်ထားပြီး ထမင်းထုပ် လှူတဲ့ လူတွေကို ကျေး ဇူးတင်ကြောင်း ၀ိုင်းပြောကြ တယ်။
“နေမကောင်းတဲ့ လူပါလား၊ ဖလူဇာ၊ ဒီကိုဂျင် ယူ ဦးမလား”

“အနာကျက်ဆေးပါ လား” ညိုညိုက လှမ်းမေး တယ်။

“ပါတယ်။ ဗင်နဒိုင်း”
“ပေးပါရှင်၊ ဂွမ်းနဲ့ ပတ်တီးပါရင်လည်း ပေး”

ခြင်းထဲက နှိုက်ပေးလိုက်တဲ့ ဆေးတွေကို ညိုညိုက လက်ဝါးဖြန့် လှမ်းယူတယ်။ ရေသန့်ဘူးတွေ လာ ပေးလို့ ကတ်လိုက် စက်လှေ ပေါ်တင်ကြပြီး စက်လှေ လည်း ထွက်ခဲ့တော့တယ်။ ညိုညိုက “ကဲ နည်းနည်း ဖယ်ကြမယ်”လို့ ပြောပြီး ဆိုင်ကယ်ထိတဲ့ လူနာနားမှာ ဒူး ထောက်ထိုင်လိုက်တယ်။
“ပြစမ်းပါဦး၊ ရှင့်အနာ ကြည့်ရအောင်”

လူနာက ပတ်တီးကို ပြ တယ်။ မည်းညစ်နေတဲ့ ပုဆိုး စုတ်ကို ကြည့်ပြီး ညိုညိုက နှာခေါင်းရှုံ့တယ်။ ပတ်တီး ကို ဖြေပြီး အနာကို ဆေး ၀ါရည်နဲ့ ဂွမ်းနဲ့ဆေး၊ ဆေးဝါ ရည်လောင်းချပြီး ပတ်တီးနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြန် စည်းပေးနေတာကို စက်လှေ တစ်လှေလုံးက လူတွေနဲ့ အတူ ကျော်သူရမောင်လည်း တအံ့တသြ ပါးစပ်ဟပြီး ငေး ကြည့်နေမိတယ်။

“ကျေးဇူးတင်လိုက် တာဗျာ။ တော်တော် သက် သာသွားတယ်”

“ရှင် ထမင်း စားပြီးပြီ လား၊ အစာရှိလား”

“စားပြီးပြီဗျ”

“ဒါဖြင့် ဖလူဇာ သောက်လိုက်။ အဲဒီဘက်က ရေသန့်ဘူး တစ်ဘူးလောက် လှမ်းလိုက်စမ်းပါ”

သုံးဆယ့်ငါးယောက် အုပ်စုခေါင်းဆောင် ကြံတိုင်းအောင်က “အဲ ညီမလေးက သူနာပြုဆရာမလား”လို့ မေးတာကို ညိုညိုက မကြား သလိုနဲ့ ပတ်တီးဟောင်းကြီး ကို ငုံ့ကောက်ပြီး စက်လှေ ဘောင်ပေါ် ပြန်သွားထိုင် တယ်။ ပတ်တီးကို ရေထဲ ပစ်ချလိုက်တယ်။

“ဟာ ဆရာမ ဘောင်ပေါ် မထိုင်နဲ့၊ နေပူနေပြီ”
ကျော်သူရမောင် လွှတ်ခနဲ ပြောမိပြီး ညိုညိုနဲ့ နေရာချင်း လဲလိုက်တယ်။ ညိုညို က ဘာမှ မပြောဘဲ အောက် ပြန်ဆင်းသွားတယ်။ ဆောင်းတွင်းပေမဲ့ မွန်းတည့်နေ့က  ရက်ရက်စက်စက် ပူနေတာ။ ဥရုချောင်းလေကလည်း မြား တွေနဲ့ ပစ်သလိုပဲ ရက်ရက် စက်စက် တိုက်နေတယ်။ နောက်ထပ်ဘယ်နှညလောက် အိပ်ရဦးမလဲဆိုပြီး ကျော်သူရ မောင် တွေးရင်း စိတ်ညစ်နေ တယ်။ သတိရလို့ ညိုညိုကို ငုံ့ကြည့်လိုက်တော့ စက်လှေ နံရံကို မှီပြီး အိပ်ပျော်နေတာ တွေ့ရတယ်။ သြော် ဒီ ကောင်မလေးနှယ် အပူအပင် နည်းရန်ကောလို့ တွေးမိပြီး ကျော်သူရမောင် ကိုယ့်ဘာ သာကိုယ် ဒေါသဖြစ်သွား တယ်။

“ချောင်းဝကို ရောက်ပြီ ဟေ့”

ဘယ်သူက ၀မ်းသာ အားရ ကုန်းအော်လိုက်တယ် မသိဘူး။ စက်လှေတစ်စီးလုံး ငိုက်မြည်းနေရာက နိုးကြား ကုန်ကြတယ်။ ကျော်သူရ မောင်လည်း ပျော်လိုက်တာ။ စက်လှေကတော့ ဥရုချောင်း ၀ကနေ ချင်းတွင်းမြစ်ကို ကူး နေပြီ။ မကြာခင် ဥရုချောင်း ကို ထားပစ်ခဲ့ရတော့မယ်။ ချင်းတွင်းမြစ်အတိုင်း စုန်ရ တော့မယ်ဆိုတဲ့ အသိစိတ်က စက်လှေတစ်စီးလုံးက လူ တွေကို တက်ကြွနိုးကြားစေ တယ်။ အခုလို အပြေး အလွှား ကိုယ့်အိမ်ကိုယ်ပြန် ရတဲ့ ခရီးမှာ စိုးရိမ်ပူပန်စိတ် တွေ လူတိုင်းရင်ထဲမှာ ရှိကြ တယ်။ ဥရုချောင်းကို ကျော် လွန်ပြီး ချင်းတွင်းမြစ်ကို ရောက်ပြီဆိုတာ ခရီးတစ် ထောက် ကျော်လွန်ခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်ပဲ။ ကျော်သူရ မောင်ဆိုရင် အခုချက်ချင်း မန္တလေးကို ရောက်သွားသ လိုတောင် အောက်မေ့မိ တယ်။ ဒါပေမဲ့ ခရီးက အဝေးကြီး ကျန်ရှိသေးတယ် လေ။ ကြည့်ရင်းကြည့်ရင်း စက်လှေဟာ ချင်းတွင်းမြစ် ထဲကို ပီပီပြင်ပြင် ရောက်ခဲ့ ပြီ။ လူတွေအားလုံး နိုးထလို့ ချောင်းဟန့်ကြ၊ ရေကို ငုံ့ ကြည့်ကြ လှုပ်လှုပ်ရှားရှားနဲ့
သက်ဝင် လှုပ်ရှား နေကြ တယ်။

“ဗျို့ဆရာ၊ ဒီည ဘယ် မှာ အိပ်မှာလဲ”

“ရောက်သလောက် မောင်းမှာပဲဗျို့။ မင်းကင်း တော့ မရောက်လောက်ဘူး ထင်တာပဲ။ သောင်တစ်ခုခု ပေါ့ဗျာ”

“မုံရွာ ဝေးသေးတာ ပေါ့နော်”

“ကျွန်တော် တစ်ခု စဉ်းစားတယ်ဗျ။ ခင်ဗျားတို့ကို မုံရွာအထိ မပို့တော့ဘဲ ကလေးဝမှာ ချထားခဲ့မယ်”
“ဟာ ဘယ်ဖြစ်မှာလဲ။  ခင်ဗျားကို မုံရွာအထိ စက်လှေခ ပေးပြီးသားလေဗျာ”

“သြော် ဟုတ်ပါတယ်။ ကျွန်တော် ပြောတာက ကျဉ်း ကျဉ်းကျပ်ကျပ် စက်လှေ အစား ကလေးဝကျရင် ကား ပြောင်းတင်ပေးလိုက်မလို့ ပါပဲ”

စက်လှေသမားနဲ့ ကြံ တိုင်းအောင်တို့ အပြန်အလှန် ပြောနေကြတာကို တစ်စီး လုံး နားစိုက် ထောင်နေကြတယ်။ ရင်တွေ တထိတ် ထိတ် ခုန်လို့ပေါ့။ တချို့က လည်း မြစ်ထဲမှာ စက်လှေစီး ရတာ ငြီးငွေ့လှပြီမို့ ကလေး ၀ကျ ကားပြောင်းစီးရမယ် ဆိုတဲ့ အစီအစဉ်ကို သဘော ကျကြတယ်။ ညိုညိုကတော့ ဘာမှ မပြောဘူး။ ဒီကလေး မဟာ ဖြစ်လာတဲ့အခြေအနေ ကို အေးအေးဆေးဆေး လက်ခံလေ့ရှိတာ တွေ့နေရ တယ်။ ဘယ်တော့မှ ဆူဆူ ပူပူ မလုပ်ဘူး။ မငြီးငြူဘူး။ ကျော်သူရမောင်လည်း ဘာမှ ပြောလို့ရမှာမဟုတ်တဲ့ အတူတူ အားလုံးအစီအစဉ် ကိုပဲ လက်ခံရတော့တာပေါ့။ တဖြည်းဖြည်းနဲ့ မှောင်လာ တော့ စက်လှေက သောင် တစ်ခုရဲ့အခြေမှာ ဆိုက်သွား တယ်။ ယောက်ျားတွေက သောင်ပေါ်တက်ပြီး နေရာ ရှာကြတယ်။ တစ်ခေါ် လောက်မှာ  ရွှေမျှောလာလုပ် တဲ့ လူတွေရဲ့ တဲအဟောင်း တစ်လုံးနဲ့ တဲအပျက်တွေ တွေ့ရတယ်။  တဲပျက်တွေကို ဖျက်ပြီးတော့ မီးဖိုကြတယ်။ အခုကျတော့မှ နန်တောက မလိုချင်ပါဘူးဆိုတာကို အတင်းထည့်ပေးလိုက်တဲ့ ထမင်းထုပ်တွေရဲ့ ကျေးဇူးကို သိရတော့တယ်။ သောင်ပေါ် မှာ ဘာမှမရှိဘဲ ပါလာတဲ့ ထမင်းထုပ်တွေသာ အားကိုး ရတော့တာပေါ့။

“ထမင်းက ရှမ်းဆန်စီး စီးလေးတွေမို့ ကောက်ညှင်း ပေါင်းလေးတွေ ကျနေတာပဲ နော်”

“ဟုတ်တယ် ညိုညိုရဲ့၊ ဟင်းတောင်မှ မသိုးဘဲ ကြာ ကြာခံတဲ့ ငါးပိကြော်ထုပ် ကလေးတွေနဲ့ ထည့်ပေး လိုက်တာက ထမင်းထုပ်တွေ မနက်က စားပြီး ကုန်သွားတော့ ညစာငတ်မဲ့ အပေါက်ပဲ”

“ဟုတ်ပါရဲ့ ကိုသူရ ရယ်။ သူတို့သာ မပေးလိုက်ရင် ဒုက္ခပဲနော်။ ကျွန်မတို့ ဘာလိုအပ်မယ်ဆိုတာကို ကြို တွေးပြီး အပြည့်အစုံ စီစဉ် ပေးလိုက်ကြတာနော်။ ကျေးဇူးတင်စရာ ကောင်းလိုက် တာ”

ဒီတစ်ညတော့ စက် လှေပေါ်မှာတချို့တစ်ဝက်၊  သောင်ပေါ်မှာ တချို့တစ် ၀က်နဲ့ အိပ်တစ်ဝက် ငိုက် တစ်ဝက် ဖြတ်သန်းရတော့ တယ်။ ညိုညိုက စက်လှေ ပေါ်မှာမို့ ကျော်သူရမောင်တို့ ခြောက်ယောက်အုပ်စုလည်း စက်လှေပေါ်မှာပဲ အိပ်လိုက် တယ်။ ကြံတိုင်းအောင်တို့ ယောက်ျားလေးတွေက သောင်ပေါ် ဆင်းအိပ်ကြတာ ပေါ့။ ညိုညိုက ညတစ်ခါ ဆိုင်ကယ် လူနာကို ပတ်တီး အသစ်လဲ၊ ဆေးထည့်၊ ဆေးတိုက် လုပ်နေတာ။ ကျော်သူရမောင်လည်း ပတ်တီး ဖြေပေးတာတို့၊ ရေသန့်ဘူး ယူ ပေးတာတို့ ကူညီရတာပေါ့။ ညိုညိုရဲ့လက်ကလေးတွေက ဆေးထည့်ပတ်တီးစီး ကျွမ်းကျင် လိမ္မာတာကို ကျော် သူရမောင် သတိပြုလက်ခံရ တော့တယ်။

နောက်တစ်နေ့ မနက် စောစောထပြီး စက်လှေ ထွက်လာခဲ့တယ်။ ကျော်သူ ရမောင်လည်း စက်လှေစီးရ တာ တကယ်ကို ငြီးငွေ့လာ ပြီမို့ ကလေးဝကို စက်လှေ ဆိုက်မဲ့အချိန်ကိုပဲ မျှော်နေ ရတော့တယ်။ နေ့လယ်တစ် နာခွဲလောက်မှာ စက်လှေက ကလေးဝဆိပ်ကမ်းကို ၀င် သွားတယ်။ ခရီးသည်တွေ အားလုံး လွတ်ပြီကျွတ်ပြီဟဲ့ ဆိုတဲ့ ပုံစံနဲ့ ကလေးဝမှာ ဆင်းကြတယ်။ စက်လှေ ဆရာက မည်းမည်း၀၀ မိန်း မတစ်ယောက်နဲ့ စကားပြော ပြီး ငွေတွေ ပေးနေတာကို မြင်ရတယ်။

“ဒီမယ် ဆရာတို့၊ ခင် ဗျားတို့ ဒီအဒေါ်ကြီးနောက်  လိုက်သွား။ သူက ကျွန်တော် တို့ ချစ်ကြည်ရေးစက်လှေ အသင်းက တင်လာတဲ့ သူတွေကို ကားစီစဉ် ပေးမဲ့လူ။ ခင်ဗျားတို့ တစ်အုပ်စုလုံး တစ်စီးတည်း တင်ပေးလိမ့် မယ်”

ကျော်သူရမောင်တို့ လည်း ကလေးဝကမ်းပေါ် ကိုယ့်အထုပ်ကိုယ်ဆွဲပြီး တက်ခဲ့ကြတယ်။ သုံးဆယ့် ငါးယောက် အုပ်စုက လူတွေ က ကျော်သူရမောင်တို့လို လက်ဆွဲအိတ်မပါဘူး။ သူ တို့ရဲ့ အိပ်ရာအိပ်ခင်း၊ စောင်၊ ခြင်ထောင်တွေကို ပီနံအိတ် တွေနဲ့ထည့်ပြီး ထမ်းလာခဲ့ကြ တယ်။ သူတို့အိတ်တွေကိုက တစ်ပုံ တစ်ခေါင်းကြီးပဲ။ အဲဒီ ထဲက လူတစ်ယောက်က

“ဒေါ်ကြီး ကား ဒီကို လာမခေါ်ဘူးလား။ ပစ္စည်းတွေ များလို့”

အဒေါ်ကြီးက နောက် လှည့်ကြည့်တယ်။ မျက်နှာ ထားတင်းသွားပြီး “ကား ဂိတ်က နီးနီးလေးရယ်၊ ယောက်ျားတွေပဲတော် ကိုယ့် အထုပ်ကိုယ် နိုင်အောင်ထမ်း ပေါ့။ ကားက ဂိတ်မှာ မရှိ သေး။ သွားခေါ်ရဦးမှာ။ လေးနာရီမှ ထွက်မှာ”

“ဟန်ကျတာပဲ ညိုညို တို့ အေးဆေး ထမင်းစားလို့ ရတယ်”

ကားဂိတ်ကို ရောက် တော့ သုံးဆယ့်ငါးယောက် အုပ်စုက ဆူညံဆူညံနဲ့ ပစ္စည်း တွေ ပုံနေတုန်း ကျော်သူရ မောင်နဲ့ ညိုညိုတို့ ထမင်းဆိုင် ရှာပြီး ထမင်းစားကြတယ်။ ဒီခရီးမှာ ပထမဆုံးအကြိမ် အဖြစ် ကိုယ့်ငွေနဲ့ကိုယ် ၀ယ်စားရတယ်။ ဟိုဘက်မှာတုန်း ကတော့ ဒေသခံတွေရဲ့ထမင်း ကို အလိုမရှိ ပိုလျှံနေအောင် ကို စားခဲ့ရတာ။ ကျော်သူရ မောင်တော့ ထမင်းစားရ တယ် မထင်ဘူး။ သူတို့ရဲ့ စေတနာကို အတုံးလိုက် အခဲလိုက် စားခဲ့ရတယ်လို့ ထင် တယ်။ အဲဒီလိုနေတုန်း ညိုညို က ကျောပိုးအိတ်ထဲက ဘီစ ကစ် အထုပ်ကလေးကို ထုတ်ယူပြီး ထောင်ပြလိုက်တယ်။

“ဒီမယ် ကိုသူရ၊ ဆယ်ဇင်းကတည်းက ဝေတဲ့ မုန့် ထုပ်လေး ညိုညိုမစားဘဲ သိမ်းထားတာ။ အိမ်က လူ တွေကို ပြမလို့။ ညိုညိုတို့ကို ဘယ်လို ဂရုတစိုက် အစား အသောက်တွေ ဝေကြတယ် ဆိုတဲ့ သက်သေလေ”

“ဒီကလေးဝမှာ ကျတော့ ကိုယ်တို့ကို ထမင်း ထုပ်ဝေဖို့ နေနေသာသာ ကိုယ်တို့ဘယ်လို ပြေးခဲ့ရ တယ်ဆိုတာတောင် သိကြမှာ မဟုတ်ဘူးနော်။ ဂရုလည်း စိုက်ကြပုံ မပေါ်ဘူး”

ညိုညိုက “အဝေးကြီးကို”လို့ တစ်ခွန်းတည်း ပြောတယ်။ ဝေးပေမဲ့လည်း ဆိပ်ကမ်းကို အရင်လို အခြေအနေမျိုး မဟုတ်ဘဲ ထူးထူးခြား ခြား လူအပြည့်နဲ့ စက်လှေ တွေ တစ်စီးပြီးတစ်စီး ဆိုက် နေတာ သတိထားမိကြမှာ ပေါ့ ဆိုတဲ့ စကားတွေကို တော့ ကျော်သူရမောင် မျိုချ လိုက်ရတယ်။

ကားဂိတ်ကို ပြန်ရောက် တော့ ကားကဂိတ်ထိုးနေပြီ။   သုံးဆယ့်ငါးယောက် အုပ်စု ခေါင်းဆောင် ကြံတိုင်း အောင်ကို ဒေါကြီးမောကြီး စကားပြောနေတာ တွေ့ရလို့ ကျော်သူရမောင်တို့ ပြေး သွားတယ်။ သူတို့အုပ်စုထဲက အဘိုးကြီးတွေလည်း မျက်နှာ ပျက်ပျက်နဲ့ ကျော်သူရမောင် ကို လှမ်းပြီး
“လုပ်ပါဦး မောင်ရင် ရယ်၊ ပိုက်ဆံ ပိုတောင်းနေတယ်”

“ဟင် စက်လှေသမား က အကျေပေးသွားပြီးသား ဥစ္စာဆို”

ကြံတိုင်းအောင်နဲ့ မျက် နှာချင်းဆိုင်အော်နေတဲ့ အဒေါ် ကြီးက ကျော်သူရမောင်ကို လှည့်ကြည့်ပြီး
“စက်လှေသမားက တစ်ယောက် ငါးထောင်နှုန်း ရှင်းသွားတာ။ အခု ကားသမားက ခြောက်ထောင်နှုန်း တောင်းနေတယ်။ လူတွေ အသွားများလို့ ကားသမား တွေက ဈေးတက်တာ၊ ကျုပ် က ဘာတတ်နိုင်မှာတုံး။ ခြောက်ထောင်ပေးရင် လိုက်၊ မပေးရင် မလိုက်နဲ့။ ဒါပဲ ရှိ တယ်။ တစ်ယောက်တစ် ထောင် ထပ်ပေးရမှာတော့  တတ်နိုင်ကြမှာပါဟယ်”

ကြံတိုင်းအောင်က ခေါင်းကုတ်ပြီး
“ကိုသူရ ကျုပ်တို့က လည်း မပြန်မဖြစ် ပြန်ရမှာ ဆိုတော့ ဒုက္ခပဲဗျာ”

ညိုညိုက ၀င်ပြီး “ကဲ ပေးမှ ဖြစ်မယ်ဆိုလည်း ပေးလိုက်ကြစို့” ခေါင်းငုံ့ပြီး  ကျောပိုးအိတ်ထဲက ပိုက်ဆံ ထုတ်ပြီး ပေးလိုက်ကြတယ်။ သူတို့အားလုံး ကားပေါ်တက် ကြစို့ဆိုတော့ မတက်ရသေးဘူးတဲ့။ အဲဒီအချိန်မှာ ကား ဂိတ်မှူးစားပွဲမှာ လက်မှတ် ၀ယ်တဲ့ လူတွေနဲ့ ရှုပ်နေ တယ်။ ခြောက်ယောက်အုပ်စု က အဘိုးကြီးက အနားကပ် လာပြီး

“မောင်သူရ ဒီကောင်တွေ ထိုင်ခုံတွေ ရောင်းနေတာ တစ်ဝက်လောက် ရှိနေပြီ။ ကျုပ် သေသေချာချာ ကြည့်နေတာ။ ကျုပ်တို့ ဘယ်နားက ထိုင်ရမလဲ မသိဘူး”

ကျော်သူရမောင် ဟင့် ခနဲ ဖြစ်သွားတယ်။ အဲဒီလို နေတုန်း ပီနံအိတ်တွေ ကား ခေါင်မိုးပေါ် အကုန်တင်ပြီး ပြီမို့ စပယ်ယာက သုံးဆယ့် ငါးယောက် အုပ်စုကို ကြည့် ပြီး
“အစ်ကိုတို့ထဲက လူ တစ်ဝက်လောက် ကားခေါင် မိုးပေါ်က စီးရမယ်နော်။ ယောက်ျားလေးတွေပဲဗျာ နော်”
ဟိုလူတွေကလည်း ဘာမှ မပြောပါဘူး။ လူနှစ် ဆယ်လောက် ကားခေါင်မိုး ပေါ် သွားစီးကြတယ်။ ကျော် သူရမောင်တို့ ခြောက်ယောက် အဖွဲ့ရယ်၊ ဆိုင်ကယ်လူနာ ရယ်၊ ကြံတိုင်းအောင်တို့ အုပ် စုက ဆယ်ယောက်လောက် ရယ် ကားထဲကို ၀င်တော့ အကုန်လုံး ထိုင်ခုံမရကြဘူး။ ခုံတွေမှာ ကားဂိတ်က လက် မှတ်ရောင်းထားတဲ့ မြို့ခံခရီး သွားတွေက လက်မှတ်ရပြီး ထိုင်နေကြတယ်။ ရပ်တဲ့လူ ရပ်၊ ကားကြမ်းပြင်မှာ ထိုင်တဲ့လူထိုင်နဲ့ ညိုညိုလည်း မျက်နှာ ပျက်နေတယ်။

“ဟိတ်ကောင် ကြံတိုင်းအောင် ငါတို့ ခုံမရဘူးလား ကွ”

“ရပ်ပြီး တစ်ညလုံး လိုက်ရမှာလားကွ”
ဆိုတဲ့ အသံတွေ ဆူညံ ဆူညံ ထွက်လာတယ်။
ကြံတိုင်းအောင်လည်း မျက်နှာတွေ ပျက်လို့ပေါ့။ စပယ်ယာက ကားပေါ်တက် ကြပါ၊ ကားပေါ် တက်ကြပါ ကားထွက်တော့မယ်လို့ အော်နေတုန်း ညိုညိုက “ကိုသူရ ဟိုမှာကြည့်စမ်းပါဦး”လို့ ကမန်းကတန်း ပြောတာနဲ့ အကုန်လုံး လှမ်းကြည့်ကြတော့ ကားပေါ်တင်ပေးတဲ့ မည်းမည်း၀၀ အဒေါ်ကြီးကို  တွေ့ရတယ်။ အဒေါ်ကြီး လက်ထဲမှာ ပိုက်ဆံတစ် ထောင်တန်တွေ ယပ်တောင် ဖြန့်သလို ကိုင်ထားပြီး ကိုယ့် ကိုယ်ကိုယ် ယပ်ခတ်သလို အမူအရာ လုပ်ပြနေတယ်။ ကားဂိတ် ဈေးသည်တွေကလည်း အဒေါ်ကြီးကို ၀ိုင်းပြီး ရယ်မောလို့။

“တွေ့တယ် မဟုတ် လား။ ဆယ်တန်းအောင်ဖို့ မလိုပါဘူး။ ပိုက်ဆံရှာတတ် ရင် ရတယ်။ တတ်ဖို့ မလို ဘူး၊ နပ်ဖို့ပဲ လိုတယ်။ ကြည့်စမ်း ငါ ကြံဖန်လုပ်လိုက်တာ တစ်ထိုင်တည်း လေးသောင်း ကျော်ရတာပဲ”

ညိုညိုရဲ့ ဟယ် ယုတ်မာလိုက်တာ ဆိုတဲ့ အသံနဲ့ အဘိုးကြီးရဲ့ တောက်ခေါက်သံ တစ်ပြိုင်တည်း ထွက်လာတယ်။ ကျော်သူရမောင်ကို ဆွဲဖယ်ပြီး ကြံတိုင်းအောင်က ဒေါသတကြီး ကားပေါ်က ဆင်းမယ် အလုပ်မှာ ကားကြီး ကလည်း ဘီးလိမ့်ပြီး စတင် ထွက်ခွာလာခဲ့တော့တယ်။

“အား ကျပ်လိုက်တာ၊ စက်လှေပေါ်တုန်းကမှ ချောင်သေးတယ်”

“ကျွန်တော့် ခြေထောက် ညှပ်နေပြီ ဖယ်ပေးကြပါဦး”

အသံတွေ ထွက်လာလို့ ကြည့်လိုက်တော့ ဆိုင်ကယ် ထိထားတဲ့လူနာက ကြမ်းပြင် ပေါ်မှာ ထိုင်နေရပြီး ခရီးသည်တွေ ခြေထောက်တွေက ခိုက်မိလို့ အော်တာနဲ့ တူတယ် လို့ ကျော်သူရမောင် တွေးနေ တုန်း ရှိသေးတယ်။ ထိုင်ခုံ ပေါ်မှာ မိန်းကလေးမို့ နေရာ ပေးထားတဲ့ ညိုညိုက ဖျတ်ခ နဲထပြီး “လာ လူနာအစ်ကို ဒီမှာ လာထိုင်”ဆိုပြီး နေရာ ဖယ်ပေးလိုက်တယ်။ လူနာ က အားယူထပြီး ထိုင်ခုံပေါ် ရောက်သွားတော့ ညိုညိုက ကားကြမ်းပြင်ပေါ်မှာ ထိုင် လိုက်တယ်။ ကျော်သူရမောင် က ညိုညိုကို မျက်မှောင် ကုတ်ကြည့်မိတယ်။ တစ် ယောက်တည်း အဖော်မပါ ယောက်ျားတွေကြား ရဲရဲ တင်းတင်းလိုက်လာလို့ ဘာ ကောင်မလေးပါလိမ့်လို့ ထင် ခဲ့မိတယ်။ အခုလို တွေ့ရ တော့ ပိုပြီး ဘာကောင်မလေး ပါလိမ့်လို့ စဉ်းစားစရာ ဖြစ် လာတယ်။ အဲဒီလိုနေတုန်း အဘိုးကြီးက
“ဟေ့ကောင် ကြံတိုင်းအောင် မင်းအုပ်စုထဲက ကောင်တွေက ဘာတွေတုံးကွ၊ ဒီ လူနာနဲ့ မင်းတို့ တစ်ဖွဲ့တည်း မဟုတ်လား။ တကယ်ဆို ထိုင်ခုံရတဲ့ ကောင်တွေ တစ်ယောက်ယောက် ဖယ်ပေးရမှာ ပေါ့။ အခုတော့ မိန်းကလေးက ဖယ်ပေးရတယ်လို့ကွာ”

အဘိုးကြီး ဘယ်လို ပြောပြော နေရာရတဲ့ လူတွေက တုတ်တုတ်မှ မလှုပ်ဘူး။ ကြံတိုင်းအောင်လည်း ဟိုလူ မျက်နှာကြည့်၊ ဒီလူမျက်နှာကြည့်နဲ့ ဘယ်သူ့ ဖယ်ခိုင်းရ မှန်း မသိဘူး။ အချိန်တစ် အောင့်လောက် ကြာသွားတယ်။ ခုံပေါ်က လူတွေက မသိချင်ယောင် ဆောင်နေကြတယ်။ တချို့က မျက်စိမှိတ် ပြီး အိပ်နေတယ်။ ညိုညိုက တခစ်ခစ် ရယ်ပြီး “အားလုံး ပင်ပန်းနေကြတာ ကိုကြံတိုင်းအောင်ရယ်။ ညိုညိုက ဒီ အောက်မှာ အိပ်ငိုက်ရတာ ပိုတောင် ကောင်းသေးတယ်။ ခင်ဗျားတို့ ကားက ပြတင်း ပေါက်တံခါး မရှိတော့ အေးကအေးနဲ့ အောက်မှာ ထိုင်ရတာ ပိုနွေးတယ်”လို့ ပြော တယ်။

အဲဒီလိုနေတုန်း ကား ခေါင်မိုးပေါ်တက်သွားတဲ့ လူ တွေဆီက မအေနှမဆဲသံ တွေရယ်၊ ငါတို့ကို ပိုက်ဆံ ညာယူပြီး ကားထဲ မလိုက်ရဘူး။ အေးလိုက်တာ၊ လေတဟူးဟူးနဲ့ ဆိုတဲ့ အသံတွေ ဆူညံနေအောင် ကြားရ တယ်။ ဒါပေမဲ့ ကားကြီးကတော့ ဘာကိုမှ ပမာမပြုဘဲ တောင်ဆင်းတောင်တက် လမ်းတွေကို တအိအိနဲ့ မုံရွာ ဘက်ကို ရှေ့ရှုမောင်းနှင်နေ ပါတော့တယ်။

ကျော်သူရမောင်လည်း ဆတ်ခနဲ ငိုက်သွားလိုက်တာ တစ်ရေးနိုးလာတော့ ကားက  မြေပြန့်ကို ရောက်နေပြီ။ ပင်ပင်ပန်းပန်းနဲ့ အကြာကြီး အိပ်ပျော်သွားပုံရတယ်။ နာရီကို ကြည့်လိုက်တော့ နှစ်နာရီကို ကျော်နေပြီ။ နိုးနှင့်နေတဲ့ ညို ညိုက မုံရွာရောက်တော့မယ် လို့ လှမ်းပြောတာနဲ့ ၀မ်းသာ အားရ ဖြစ်ရသေးတယ်။ မကြာခင်အချိန်မှာပဲ မုံရွာ ကားကြီးဝင်းကို ကားဝင် တော့တယ်။ တ၀ုန်းဝုန်းနဲ့ ကားပေါ်က ဆင်းကြတယ်။ ကားခေါင်မိုးပေါ်မှာ လိုက် လာခဲ့တဲ့လူတွေတော့ သွေးခဲ မတတ်အေးကြရှာမှာပဲ။ အသံဝင်ပြီး ချောင်းတဟွတ် ဟွတ်ဆိုးနေတဲ့ မှော်ပြန်တစ် ယောက်က အောက်ရောက်မှ ကားဘော်ဒီကို မကျေမနပ်နဲ့ ၀ုန်းဆို ခြေထောက်နဲ့ ကန် လိုက်သေးတယ်။

“ဟေ့ ဒီနေ့ မသေဘူးဟေ့။ ငါတို့နောက် ဘယ်တော့မှ သေမှာ မဟုတ်ဘူး” လို့ တစ်ယောက်က အကျယ် ကြီးပြောတာကို ဒရိုင်ဘာက မကြားချင်ယောင် ဆောင်ပြီး လှည့်ထွက်သွားတယ်။ ကြံ တိုင်းအောင်ရယ်၊ ကျော်သူရ မောင်ရယ်၊ မန္တလေးသွားဖို့ ကားစုံစမ်းနေတုန်း ကျန်တဲ့ လူတွေက အပေါ့အပါးသွား တဲ့လူသွား၊ အခုမှ မီးမွှေးစ ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ကို ပြေးကြတယ်။ အိပ်မှုန်စုံမွှား နိုးလာတဲ့ ဂိတ်မှူးက ဖုန်းဆက်ခေါ် ပေးလို့ မှန်လုံတစ် စီး ၀င်လာတယ်။

“ဟာ မှန်လုံကွ၊ ကား အစုတ် မဟုတ်ဘူး”
“ကားဆရာ အားလုံး ဆံ့ ပါတယ်နော်”

“ခေါင်မိုးပေါ်ကတော့ မလိုက်ဘူးဗျ”

ခဲမှန်ဖူးတဲ့ စာသူငယ် လေးတွေလို တစ်ယောက်တစ် ပေါက် ပြောကြတယ်။ ကား ဆရာက “ဆံ့ပါတယ်၊ ဆံ့ပါ တယ်”ဆိုတော့ ကလေးတွေ လိုပဲ တပျော်တပါး အော် လိုက်ကြတာ။
ကြံတိုင်းအောင်တို့ အုပ် စုပါလာတဲ့ ပီနံအိတ် အိပ်ရာ လိပ်တွေကို စပယ်ယာက ခေါင်မိုးပေါ်တင်ရင်း ဒရိုင် ဘာကို တစ်ခုခုလှမ်းပြော လိုက်တယ်။ ဒရိုင်ဘာက ကျော်သူရမောင်ကို လှမ်းပြီး “ဗျို့ဆရာ ကျွန်တော်တို့ကား က ခရီးသည် သီးသန့်ပဲဗျ၊ လူတစ်ကိုယ် လက်ဆွဲအိတ် တစ်အိတ်ပဲ ယူရတာ၊ ခင်ဗျား တို့က တန်ပိုနေပြီ၊ တန်ပိုခ ပေးရမယ်နော်”

“ဗျာ”ကျော်သူရမောင် အံ့သြသွားတုန်း ကြံတိုင်း အောင်က ပြေးလာတယ်။

“အစ်ကိုရယ် ကျွန်တော်တို့က တောသားပါ။ လက်ဆွဲ အိတ်မရှိလို့ နှစ်ယောက်သုံး ယောက်စုပြီး ပီနံအိတ်နဲ့ ထည့်ရတာပါ။ လူသုံးဆယ့် ငါးယောက်မှာ အိတ်နှစ်ဆယ်တောင် မရှိပါဘူး။ ဒုက္ခ ရောက်လို့ ပြန်လာ ရတဲ့လူတွေ ပါဗျာ။ လူခတစ်ယောက်ကို ၁၂၀၀ စီ ပေးပြီးပြီဗျာ။ အထုပ်ခလေးတော့ လျှော့ပါ အစ်ကိုရယ်”

“မရဘူးဗျာ၊ မလျှော့နိုင် ဘူး။ တန်ပိုခ ၁၅၀၀၀ ပေး ရင်ပေး။ မပေးရင် ကားမထွက်ဘူး”

“မထွက်ချင်ရင် နေ ပေါ့။ အံမာ ကြီးကျယ်လို့” ဆိုပြီး ကျော်သူရမောင် ပါးစပ်က ထွက်တော့မလို့ရှိသေး နောက်က ရောက်လာတဲ့ ညိုညိုက “ရှင်တို့ မတရား သဖြင့် လွန်နေပြီ။ ပစ္စည်း မတင်ခင်က ပြောပါလား။  အခုမှ ပြောတယ်။ မထွက် ချင်နေပေါ့၊ မလိုက်ဘူး အကုန်ပြန်ချပေး”

မျက်နှာလေးနီရဲအောင် ညိုညို စိတ်ဆိုးနေတယ်။ မျက်နှာပျက်နေတဲ့ ကြံတိုင်း အောင်က ၀မ်းနည်းပက် လက်နဲ့
“ပြောမနေပါနဲ့တော့ ညို ညို။ ဒုက္ခရောက်လာတဲ့ လူတွေမှန်း သိရက်နဲ့ သူတို့ လည် ပင်းညှစ်ချင်ညှစ်ကြပါစေ။ နေပါစေတော့။ ဒီမယ် ကားဆရာ ယာလှကောင်းက လူ တွေ နန်တော၊ နောင်ပိုင် အောင်၊ ဖောင်းပြင်၊ ချင်းတွင်း၊ ဥရုချောင်း တစ်လျှောက်လုံးက လူတွေ ကျုပ်တို့ ငတ်မှာစိုးလို့၊ မယူတာတောင် ထမင်းထုပ်တွေ လိုက်ခေါ် ပေးခဲ့တယ်။ ကျုပ်တို့ ထမင်းထုပ် ရအောင် သူတို့ ညလုံးပေါက် ချက်ကြရတာ။ သူတို့  စေတနာကြောင့် ထမင်းဖိုး မကုန်ခဲ့ဘူး။ အဲဒီ ထမင်းဖိုးလေးတွေ စုပြီး ခင်ဗျားကို ပေးပါမယ်။ ခဏစောင့်ပါဗျာ”

“ကြံတိုင်းအောင် မင်း ဘယ်လိုခေါင်းဆောင်လဲ၊ ဒီကောင် မတရား လုပ်မှန်း သိ ရက်နဲ့ ဘာလို့ပေးရတာလဲ”

“ချကွာ မထူးပါဘူး၊ ဟိုဘက်က လူတွေနဲ့တော့ ကွာပါ့”

“မလုပ်ပါနဲ့တော့ ယူပါ စေ”

“အားလုံး ပြန်ချင်ကြတာလေ။ ကြာနေမှာ စိုးလို့ ကိုကြံတိုင်းအောင်က ပေးလိုက် တာပါ”

“မတရားသဖြင့်ဗျာ”

ဝေဒနာတွေ ပြည့်လျှံ နေတဲ့ အားလုံးအသံတွေကို ဥပေက္ခာပြုပြီး ကြံတိုင်း အောင်က ကားနောက်ဆုံးမှာ သွားထိုင်နေတယ်။ မှန်လုံစီး ရတာ သက်သောင့်သက်သာ ရှိတယ်။ အချမ်းလည်း လုံ တယ်။ ညိုညိုတောင် ခွေခေါက်ပြီး အိပ်ပျော်နေတယ်။ စစ်ကိုင်း တံတားကြီးကို ဖြတ် တော့ မန္တလေး ရောက်တော့ မှာပါလားဆိုတဲ့ အသိစိတ်နဲ့ ကျော်သူရမောင် ရင်ထဲမှာ တလှပ်လှပ် ဖြစ်ရတယ်။ အမှတ် ၈ ကားဂိတ်ရောက်တော့ ကြံတိုင်းအောင်တို့ အုပ်စု ဆူဆူညံညံနဲ့ ဆင်းကြ တယ်။ သူတို့က ခရီးဆက် သွားကြရဦးမှာလေ။

ဒုက္ခ အတူခံပြီး လွတ် မြောက်လာရာက ခွဲခွာရတော့ အားလုံး အော်ဟစ်ပြီး နှုတ် ဆက်လိုက်ကြတာ။ ညိုညို ဆိုတာ လက်ပြလို့ကို မပြီး တော့ဘူး။ သုံးဆယ့်ခြောက် လမ်းထိပ်ရောက်တော့ အိမ်နဲ့ နီးနေပြီမို့ ကျော်သူရမောင် ကားပေါ်က ဆင်းတယ်။ ညိုညိုလည်း နောက်က ကုပ်ကုပ်လေး ပါလာလို့ အံ့သြ သွားတယ်။
“ညိုညိုကလည်း ဒီမှာ ဆင်းတာလား”

“ကိုသူရ ညိုညိုအိမ်က လာကြိုတဲ့အထိ ခဏစောင့် ပေးပါဦး။ ခဏလေးနော် ဖုန်းဆက်လိုက်ဦးမယ်”

ဆိုပြီး ညိုညိုက ပီစီအို ဖုန်းဆိုင်ကို ပြေးသွားတယ်။  ကျော်သူရမောင် တစ်မျိုးကြီး ဖြစ်သွားတယ်။ မန္တလေး ရောက်ပြီပဲ ကိုယ့်လမ်းကိုယ် သွားပေါ့။ ဘာအမျှင်တန်းနေ ရတာလဲ။ ဒါပေမဲ့ မကောင်း ပါဘူးလေဆိုပြီး ခဏစောင့်  ပေးနေတုန်း ညိုညိုက “ဟယ် ဟိုမှာ အိမ်က လာ နေပြီ”ဆိုတာနဲ့ ကြည့်လိုက် တော့ ကျော်သူရမောင် အရမ်း အံ့သြသွားတယ်။ သူတို့အနားမှာ လာရပ်တဲ့ ဆိုင်ကယ်နှစ်စီးပေါ်မှာ ကျော် သူရမောင်အစ်ကို ဇော်သုတနဲ့ သူ့သူငယ်ချင်း ကိုကျော်စွာက တစ်ယောက်စီ စီးလာကြ တာ။ ကိုကျော်စွာက ပြုံးစိစိနဲ့

“ဟဲ့ကောင် သူရ၊ ငါ့ တူမ သပြေညိုညိုကို ဒီရောက်အောင် မင်း စောင့် ရှောက်ခေါ်လာပေးတဲ့ အတွက် သူ့အစ်မ နှင်းဆီနီနီက ဖုန်း ဆက် ထားပါတယ်ကွာ။ ဘယ်နေ့ရောက်လာမလဲလို့ ငါတို့ မျှော်နေကြတာ”
ကျော်သူရမောင် ညိုညို ကို လှည့်ကြည့်တော့ ညိုညို က ရယ်နေတယ်။
“ဒါ သပြေညိုညို ဟုတ်လား။ နင် လမ်းမှာ ကတည်းက ကျွန်မ ကိုသူရ သူငယ်ချင်း နှင်းဆီရဲ့ ညီမ ပါလို့ ပြောလိုက်ရင် ပြီးနေ တာ”

“ဘယ်သိမလဲ၊ ညိုညို ကို ကိုသူရ မှတ်မိမယ်ထင် တာပေါ့။ မမနှင်းဆီက တာ မခံမှာ တိုက်နယ် ဆရာဝန် လေ။ ညိုညိုလည်း ဟောက် (စ်)ပြီးပြီးချင်း အဖော် လိုက်သွားတာ။ မမက ဆယ်ဇင်း မှာ ခရီးသွားတွေ အတွက် အရေးပေါ်တာဝန်ကျတာနဲ့ ပြန်မရဘူး။ ညိုညိုက ပြန် ချင်လိုက်တာ။ နေ့တိုင်း ကမ်း နားဆင်းပြီး လူကြုံရှာတာ။ ကိုသူရကို မြင်မြင်ချင်း အော်ခေါ်တာ မကြားဘဲ စက်လှေ ပေါ်တက်သွားတာနဲ့ ဘာဖြစ် ဖြစ်ဆိုပြီး ညိုညို တက်လိုက် လာခဲ့တာ။ ရယ်ချင်လိုက်တာ။ ကိုသူရကြီးက မှတ်လည်း မမှတ်မိဘူး။ ညိုညို လည်း မပြောချင်တာနဲ့ ငြိမ်နေလိုက်တာ ဟီး ဟီး ဟီး”

“မှတ်မိမလား။ ငါ နှင်းဆီနဲ့ စာကျက်တုန်းက နင်က ဖန်ခုန်တုန်း ရှိသေးတာ ဥစ္စာ၊ ပြီးတော့ နင်က နင့်အဖေ အလုပ်ပြောင်းတော့ ပါသွား တာလေ”

ကျော်သူရမောင် စကားကို အကုန်လုံးက ရယ်ကြ တယ်။ ဇော်သုတက ဆိုင်ကယ်ပေါ်က ဆင်းပြီး ကို ကျော်စွာ ဆိုင်ကယ်နောက်ခုံ ပေါ်ကို တက်တယ်။
“ကဲ မင်းတို့နှစ်ယောက် တစ်စီးယူသွား။ ငါတို့တစ်နေ ရာ ၀င်စရာ ရှိသေးတယ်”ဆို ပြီး မောင်းထွက်သွားကြ တယ်။

“နင့်ကို ငါက လိုက်ပို့ ရမှာလား”

“ဒါပေါ့”ဆိုပြီး ညိုညို က နောက်ခုံမှာ ၀င်ထိုင်တယ်။

“အမယ်လေး မန္တလေး မြို့ကြီးက လှပနေလိုက်တာ နော်။ အိမ်ကို ရောက်အောင် ပြန်လာခဲ့ရတဲ့ခရီးက သည်း ထိတ်ရင်ဖိုပဲ။ ဒီခရီးမှာ လူ တွေကြောင့် စေတနာတွေကို ခံစားရသလို လူတွေကြောင့် ပဲ ဝေဒနာတွေ ဖြစ်တယ်နော် ကိုသူရ။ လူချင်းတူပေမဲ့ ဒုက္ခ ရောက်တဲ့လူတွေကို ဆက်ဆံ ပုံက ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတာနော်။ လူဆိုတာ တစ်ချိန်တည်းမှာ ချစ်စရာ ကောင်းသလို ကြောက်စရာ လည်း ကောင်းလိုက်ကြတာ နော်”

“ညိုညို ငါ ဆိုင်ကယ် ဆက်စီးလို့ မရတော့ဘူး။ ခဏရပ်မယ်၊ နင့်ကို မေးချင်လို့”

ညိုညိုက နားမလည် သလို ဆိုင်ကယ်ပေါ်က ဆင်း တယ်။
“ပြောစမ်း။ နင် သပြေ ညိုညိုပါလို့ ငါ့ကို ဘာလို့ ဖွင့်မပြောတာလဲ။ အကြောင်းရင်းကို ပြော”

မေးရင်း ကျော်သူရ မောင် ရင်တွေ တုန်နေတယ်။ ဘုရား ဘုရား ကိုယ်နှမသား ချင်းလို ကောင်မလေး ကိုယ့် ဘေးမှာ ကွေးအိပ် ခဲ့တဲ့လူ။ တကယ်လို့များ ကိုယ်မရိုး မသား လုပ်ခဲ့မိရင် ဘယ် လောက်မျက်နှာပူစရာ ကောင်း လိုက်မလဲ။ ကျော်သူရမောင်  ဝေဒနာတွေ ဖြစ်နေတယ်။ ညိုညိုက သူ့ကိုကြည့်တယ်။
“ညိုညိုမှန်းသိရင် ကိုသူရ တကယ်ကို စောင့်ရှောက်မှာလေ။ ညိုညို သိ တယ်။ ဒါပေမဲ့ ကိုသူရကို ညိုညိုက ညိုညိုပါလို့ အစ ဖော်ပေးတဲ့အထိ မသိတော့ ညိုညို ရယ်လည်းရယ်ချင် တယ်။ အကြံတစ်ခုလည်း ၀င်လာတယ်။ ကိုသူရကြီးက ဒီလိုခရီးကြမ်းကြီးမှာ ညိုညို လို ကောင်မလေးကို သူစိမ်း ဆိုရင် ဘယ်လိုဆက်ဆံမလဲ လို့ သိချင်တယ်”

“ငါက နင့်ကို အထင် သေးနေတာ။ တစ်ယောက်တည်း ဘယ်ကလာတဲ့ ကောင်မလေးမှန်း မသိ။ ငါက အရောဝင်စရာလား”

“ဒါပေါ့၊ အခု ညိုညို သိပြီလေ”

“ဟင် ဘာသိရပြန်တာ တုံး”

“သြော် ကိုသူရ သိက္ခာ ရှိတဲ့အကြောင်းပါ။ ကဲ ကဲ ပြန်ရအောင်၊ ညိုညို ရေချိုး ချင်လှပြီ”

ကျော်သူရမောင် မကျေ မလည်နဲ့ ဆိုင်ကယ်ပေါ် တက်လိုက်ရတယ်။ ကိုယ့်ကို သိက္ခာရှိတယ်လို့ ညိုညို မြင် တာတော်သေးတယ်။ သိက္ခာ သာ မရှိခဲ့ရင် ဒီအချိန်မှာ ပြဿနာပေါ့။ သပြေညိုညို မှန်း သိပြီးလို့ ဆက်ဆံရေး တွေ ပြောင်းရရင် ညိုညိုက သူ့ကို အထင်သေးမှာလား မသိ။ ရင်ထဲမှာ မင်းအပေါ် တစ်လမ်းလုံး မသိစိတ်က ထားခဲ့မိတဲ့ စေတနာတွေကို တစ်နေ့နေ့ကျမှ လိပ်ပတ် လည်အောင် ပြောပြရဦး မယ်။

တွေးနေတုန်း ဆိုင် ကယ်က လေးလေးပြီး ထိုး ရပ်သွားတယ်။ ညိုညိုရဲ့ အထိတ်တလန့် အော်သံ ပေါ် လာတယ်။
“ဟောတော့် ဆိုင်ကယ် ဘီးပေါက်သွားပြီ”
ဝန်ခံချက်
(ကျော်နန္ဒသူ၏ အပြန် ခရီးတစ်လျှောက် တွေ့ကြုံခံစားရမှုကို ခံစားရေးဖွဲ့ပါသည်။)


ယဉ်ယဉ်နု၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis