menu

Tuesday 24 July 2012

စတုတ္ထမဏ္ဍိုင်နဲ့ တတိယနိုင်ငံသားများ(မောင်ခိုင်လတ်)

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ အာဏာတော့ မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။ ရဲရင့် ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်  . . .

ဒီမိုကရေစီနိုင်ငံတိုင်းမှာ မဏ္ဍိုင်ကြီးလေးရပ်ကို အားကောင်းဖွံ့ဖြိုးစေဖို့အတွက် ဂရုဓမ္မကြီးကြီးနဲ့ ပြုစုပျိုးထောင်လေ့ရှိကြပါတယ်။ အဲ့ဒီမဏ္ဍိုင်ကြီးလေးရပ်က အများသိပြီးဖြစ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စာနယ်ဇင်းမဏ္ဍိုင်ဆိုပြီး မဏ္ဍိုင် ကြီးလေးရပ်ရှိကြပါတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကိုပဲ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာဖြစ်ပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင် ဆိုတာကတော့ အရေးအကြီးဆုံး ပထမမဏ္ဍိုင် ဖြစ်ပါတယ်။
သူကလွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ(ပြည်သူ့ကိုယ်စားလှယ်တွေ)က တင်ပြအတည်ပြုပြီး ပြဋ္ဌာန်းရေးဆွဲရတာ ဖြစ်ပါတယ်။ ပြင်ဆင်သင့်တဲ့ ဥပဒေကိုပြင်ဆင် အသစ်ပြဋ္ဌာန်းသင့် တာ ပြဋ္ဌာန်းရေးဆွဲပေးရတဲ့ တာဝန်ယူမှု ပြုရပါတယ်။ အခု အသစ်ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ၊ လယ်ယာမြေဥပဒေနဲ့ အသစ်ပြဋ္ဌာန်းဖို့ ကြိုးပမ်းပြင်ဆင်နေတဲ့ မီဒီယာဥပဒေ...စတဲ့ ဥပဒေပြုရေးကဏ္ဍတွေအတွက် တာဝန်အရှိဆုံးနေရာက ပါဝင် ဆောင်ရွက်ရပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်....က တရားရုံးတွေရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍလို့ ပြောနိုင်ပါတယ်။ လွတ်လပ်ပြီးတရားမျတတဲ့ ထင်သာ မြင်သာရှိတဲ့ အဂတိလေးပါးကင်းစင်တဲ့ တရားရုံးတွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို မတိမ်းမစောင်းဆောင်ရွက်မှသာ ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်နိုင်မှာပါ။ ပြဌာန်းထားတဲ့ ဥပဒေက တခြား၊ ကျင့်သုံးတာကတခြားဖြစ်ပြီး မကြားဖူးတဲ့ တရားစီရင်ရေးနဲ့ ပြုမူဆောင်ရွက်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုတော့ သတိရချင်လည်း ရကြပါ။ ထပ်မံပြီး သယ်ဆောင်မလာဖို့တော့ သတိပြုရပါလိမ့်မယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာကျတော့ လက်ရှိအာဏာရနေသူတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ အစိုးရအဖွဲ့လို့ ပြောနိုင်ပါတယ်။ ကျောသားရင်သား မခွဲခြားတဲ့ ပြည်သူပြည်သားတွေကို ညှာတာထောက်ထားမှု အပြည့်အ၀နဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့ အစည်းဖြစ်ရေး ရှေးရှုတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်မှသာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

စတုတ္ထမဏ္ဍိုင်ခေါ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ကျတော့ ကျန်တဲ့မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေနဲ့ အသွင်သဏ္ဌာန်ချင်း မတူပါဘူး။ အဲ့ဒီမဏ္ဍိုင်ကြီးသုံးရပ်မှာက ပြည်သူလူထု က ရွေးကောက်တင်မြှောက်ထားတဲ့ ဒါမှမဟုတ် အုပ်ချုပ်တဲ့အစိုးရက ဖွဲ့စည်းခန့်အပ်ထားတဲ့ နိုင်ငံတော်ဘဏ္ဍာနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကျတော့ အဲသလို မဟုတ်ပါဘူး။ နိုင်ငံတော်ဘဏ္ဍာကလည်း ကျခံပေးခြင်း မရှိပါဘူး။ အဖွဲ့အစည်းတစ်ခုတည်းလည်း မဟုတ်ပါဘူး။ စာရေးဆရာ၊ သတင်းဆရာ၊ အယ်ဒီတာ စတဲ့ မီဒီယာလောကသားတွေ တစ်ဦးချင်းစီရဲ့ နိုင်ငံအနှံ့ ပြန့်ကျဲနေတဲ့ အင်အားတစ်စုပဲ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြတဲ့ မဏ္ဍိုင်ဖြစ်ပါတယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေဆိုလျှင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ရဲ့ အရေးပါအရာ ရောက်မှုကို အစိုးရကလည်း တရားဝင် အသိအမှတ်ပြုပြီး အပြန်အလှန် အားပေးကူညီလေ့ရှိတယ်။ မိတ်ဖက် အဖွဲ့အစည်းလို့ ခေါ်ကြတယ်။ အဲ့ အာဏာရှင်နိုင်ငံတွေဆိုရင်တော့ ထောင်ထဲမှာ စာနယ်ဇင်းသမားတွေချည်းပေါ့။ စတုတ္ထမဏ္ဍိုင်ရဲ့ သဘောသဘာဝကိုက နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် ကျန်တဲ့မဏ္ဍိုင်ကြီးသုံးရပ်က ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန် ကျင့်သုံးရဲလားလို့ အမြဲမပြတ် စောင့်ကြည့်ပြီး မမှန်မကန်လုပ်တာနဲ့ ဖော်ထုတ်ရှုတ်ချပြီး ပြည်သူတွေသိအောင် ပြောပြရတဲ့ သမိုင်းပေးတာဝန်ကြီးကို ထမ်းပိုးထားရတာပဲ မဟုတ်လား။ ဒါကြောင့်လည်း စာနယ်ဇင်းသမားတွေကို Watch dog လို့ ချစ်စနိုး ခေါ်လေ့ရှိကြတယ်။ ပြည်စောင့်ခွေးလို့ ပြောနိုင်ပါတယ်။

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ
အာဏာတော့ မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။
ရဲရင့် ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်  . . .
စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ အာဏာတော့ မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။ ရဲရင့် ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်  . . .
ပြောရရင်တော့ မဏ္ဍိုင်ကြီးလေးရပ်လုံး ကိုယ့်တာဝန်နဲ့ ကိုယ့်ကျင့်ဝတ်နဲ့ ကိုယ်ရပ်တည်နိုင်လေ သန့်ရှင်းခိုင်မာလေလေပါပဲ။ မဏ္ဍိုင်ကြီးလေးရပ် တစ်ခုနဲ့တစ်ခု အာဏာလွှမ်းမိုးမှုတွေ ရှိလာရင်၊ အမှီအခိုကင်းကင်း မရပ်တည်နိုင်ကြရင်တော့ လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောလာတာ၊ အဂတိလေးပါး ကျန်းမာသန်စွမ်းလာတာတွေတွေ့ကြုံကြရမှာပါ။ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးလာရင် ပြည်သူတွေက တရားစီရင်ရေးမဏ္ဍိုင်ကို ယုံကြည်ကိုးစားမှု လျော့နည်းလာရင် နောက်ဆုံး အုပ်ချုပ်ရေးမဏ္ဍိုင်ကိုပါ အထင်သေးအမြင်သေးနဲ့ စက်ဆုပ်ရွံရှာလာကြပြီး ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို သတိရှိရှိနဲ့ စောင့်ကြည့်ဟန့်တားကာကွယ်ဖို့ စတုတ္ထမဏ္ဍိုင်မှာ လုံးလုံးလျားလျား တာဝန်ရှိနေပြန်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ အာဏာတော့မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။ ရဲရင့်ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်။ အဲ့ဒီ စာနယ်ဇင်းသမားရဲ့ ပြောကြားချက် (ရေးသားချက်)တွေမှန်သမျှ လေးလေးစားစားနဲ့ နာယူမှတ်သားလေ့ရှိကြတယ်။ ဒါကြောင့်လည်း ရှေးအခါက စာနယ်ဇင်းသမားတွေနဲ့ သတင်းစာတွေကို ပြည်ကြီးပခုံး၊ ပြည်ကြီး လက်ရုံးလို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။
စာနယ်ဇင်းသမားတွေဆိုတာ အာဏာရှင်အစိုးရနဲ့ သူရဲ့လက်ပါးစေတွေအတွက်တော့ ကမ္ဘာ့ရန်ပါပဲ။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်စိုးတဲ့ အာဏာရှင်တွေအတွက် အကြောက်တရား ကင်းအောင်၊ မှန်ရာကို ပြောရဲအောင်၊ မတရားမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အလေ့အထ တွေထွန်းကားအောင် ရှေ့ဆောင်လမ်းပြသူတွေဖြစ်တဲ့ စာနယ်ဇင်းသမားတွေကို အော့နှလုံးနာတာ သဘာဝပါပဲ။ အဆန်းတကြယ် မဟုတ်ပါဘူး။

စာနယ်ဇင်းသမားတွေရဲ့ ရန်သူတွေဆိုတာ အာဏာရှင်အစိုးရနဲ့ သူ့လက်ပါးစေသာ မဟုတ်ပါဘူး။ ပြည်သူတွေထဲမှာလည်း ရှိပါတယ်။ တရုတ်စာရေးဆရာကြီး လူရွှန်းရဲ့စံနဲ့တိုင်းတာကြည့်ရင်တော့ တတိယနိုင်ငံသားတွေလို့ ခေါ်နိုင်မယ်ထင်ပါရဲ့။
လူရွှန်းက ပထမနိုင်ငံသား ဆိုတာတိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်ခင်မြတ်နိုးပြီး အကြွင်းမဲ့သစ္စာခံသူ။ တိုင်းပြည်ရဲ့ရန်သူမှန်သမျှ မကြောက်မရွံ့ ခုခံကာကွယ်တွန်းလှန်ရဲသူလို့ ဖွင့်ဆိုပါတယ်။ ဒုတိယနိုင်ငံသားဆိုတာကတော့ လက်ရှိ အုပ်စိုးနေတဲ့အရာကိုတော့ ကြောက်တယ်။ အုပ်စိုးသူရဲ့ တရားမဲ့လုပ်ရပ်တွေကို မထောက်ခံဘူး၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ရဲဘူး။ အနာဂတ်ကိုတော့ ယုံကြည်မျှော်လင့်နေကြတယ်။ အဆိုးဆုံးကတော့ တတိယနိုင်ငံသားတွေပါပဲ လက်ရှိအုပ်စိုးနေတဲ့အရာကိုလည်း ကြောက်တယ်။ စကားတောင် ကျယ်ကျယ်မပြောဝံ့ဘူး။ နားရွက် မခတ်ရဲဘူး။ နောင်ပေါ်ထွန်းလာမယ့် အရာကိုလည်း ကြောက်တယ်။ သူ့ရဲ့ ကြောက်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ မသိမှု အ၀ိဇ္ဇာကြောင့်ပဲဖြစ်ဖြစ် စာနယ်ဇင်းတွေကို အလိုလိုမုန်းတီးစိတ် ရှိနေတယ်။ ၀န်ခံချင်မှ ၀န်ခံမှာဖြစ်ပေမယ့် သူတို့ရဲ့ မသိစိတ်ထဲမှာ မုန်းတီးစိတ် ရှိနေတယ်။တတိယနိုင်ငံသား အများစုကတော့ ရေပေါ်ဆီ လူတန်းစားလို့ခေါ်တဲ့ Elite ... တွေပါပဲ။ ကိုယ့်ရဲ့ချမ်းမြေ့နေတဲ့ အသိုက်အမြုံလေး ပျက်သုဉ်းသွားမှာကြောက်လို့၊ အရာရာကို သံသယနဲ့ ကြောက်ရွံ့စိတ်က ဦးဆောင်ပြီး အကဲဖြတ်နေ တတ်တာကိုး။ လူတစ်ကိုယ်တည်း နှစ်ခြမ်းကွဲ နေတယ်ဆိုတဲ့ လူစားမျိုးပါပဲ။ ဒါပေမယ့်သူတို့က ဟန်ဆောင်ကောင်းတယ်။ အနေအထိုင် ပိရိသေသပ်တယ်။ သူတို့ရဲ့ မုန်းတီးမှုစိတ်ကို မျက်နှာအမူအရာက မဖော်ပြဘူး။ နှုတ်ချိုတယ် အတွင်းသားကတော့ မည်းမှောင်နေတဲ့ လူစားမျိုးပါ။
အာဏာရှင်တွေသာ စာနယ်ဇင်းတွေကို မုန်းတီးတာပါလို့ပြောရင် ဒီမိုကရေစီ နိုင်ငံကြီးသားစစ်စစ်ဖြစ်ပါလျက်နဲ့ သတင်းစာတွေအပေါ် အာဃာတစိတ် ရှိနေသူမျိုးလည်း ရှိတာပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးဟောင်း ဂျော့ဘုရှ်(အကြီး) ဆိုရင်...နာလိုခံခက်စွာ ပြောခဲ့ဖူးသေ တယ်။ ''သတင်းစာဆိုတာ မရှိမဖြစ် လိုအပ်တဲ့ မကောင်းဆိုးဝါးဖြစ်တယ်'' တဲ့။
ဘာပဲပြောပြော တတိယနိုင်ငံသားတွေနဲ့ စာနယ်ဇင်းတွေဟာ အစဉ်အမြဲမဟုတ်တောင်မှ များသောအားဖြင့် မပြေလည်ကြပါဘူး။ မလိုမုန်းထား စိတ်မျိုးမဟုတ်ရင်သာရှိမယ် စာနယ်ဇင်းတွေအပေါ် ကြည်လင်တဲ့ စိတ်နဲ့တော့ ကြည့်မြင်လေ့ မရှိကြဘူး။

တတိယနိုင်ငံသားတွေနဲ့ စတုတ္ထ မဏ္ဍိုင်ဆိုတာ(၃)နဲ့ (၄)လိုပါပဲ။

မဝေးကွာပေမယ့် ရှုမျှော်တာကျတော့ တစ်နေရာစီပါပဲ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis