menu

Tuesday 24 July 2012

ဘဏ္ဍာရေးဝန်ကြီးဟောင်း မူခါဂျီ အိန္ဒိယသမ္မတအဖြစ် ရွေးကောက်ခံရ




ဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနပ်မူခါဂျီကို အိန္ဒိယသမ္မတအဖြစ် ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်ခဲ့ကြောင်း မဲရေတွက်မှုများပြီးစီးသည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် အိန္ဒိယ သတင်းအေဂျင်စီ ပီတီအိုင်က ထုတ်ပြန်ကြေညာခဲ့သည်။
အာဏာရ ကွန်ဂရက်ပါတီမှ ၀ါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မူခါဂျီသည် စေ့စပ်ညှိနှိုင်းရေးတွင် ထူးချွန်သောကြောင့် ထင်ရှားသူဖြစ်ပြီး အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရသော ပါလီမန်တွင်း လိပ်ခဲတည်းလည်းဖြစ်မှုများကို ယခင်သမ္မတများ ထက်ပြေလည်စွာ နောက်ကွယ်မှ ဖြေရှင်းနိုင်မည့်သူဟု လေ့လာသူအချို့က သုံးသပ်ထားသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် မူခါဂျီသည် မဲရေတွက်မှု မပြီးစီးမီပင် မဲထက်ဝက်ကျော်ရရှိကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သည့် အဓိကအတိုက်အခံပါတီ ဘီဂျေပီက ထောက်ခံထားသော အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ပီ၊အေ၊ ဆန်မာကို အလွယ်တကူ အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။ အခန်း ၃၄၀ ရှိသည့် ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သော သမ္မတအိမ်တော်တွင် နေထိုင်ရသည့် အိန္ဒိယသမ္မတကို ပြည်ထောင်စု အဆင့်လွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်လွှတ်တော်များမှ အမတ်များ က မဲပေးရွေးကောက်ခြင်းဖြစ်သည်။
အိန္ဒိယအခြေခံဥပဒေအရ ၀န်ကြီးချုပ်တွင်သာ အုပ်ချုပ်ရေးအာဏာအများစုရှိပြီး သမ္မတမှာ ဂုဏ်ပြုခံ သဘောဆောင်သော်လည်း အစိုးရဖွဲ့ခြင်းကဲ့သို့သော ကိစ္စများတွင် ဦးဆောင်ကွပ်ကဲရသူဖြစ်သည်။
လာမည့် အထွေထွေရွေးကောက်ပွဲမှာ ၂၀၁၄ ခုနှစ်တွင်မှ ကျင်းပမည်ဖြစ်သော်လည်း များပြားလှသော နိုင်ငံအဆင့်ပါတီများနှင့် ဒေသဆိုင်ရာပါတီများအကြား ညွန့်ပေါင်းများဖွဲ့စည်းရေး အားပြိုင်မှုများ၊ အကွဲအပြဲများမှာ ယခုကာလကတည်းက စတင်နေပြီဖြစ်သည်။
သမ္မတသည် နိုင်ငံရေးတွင် ပါတီစွဲမထားရသော်လည်း မူခါဂျီ၏ အောင်မြင်မှုသည် လာဘ်စားမှု အရှုပ်တော်ပုံများ၊ စီးပွားရေး ကျဆင်းမှုများကြောင့် အထိနာနေသည့် ကွန်ဂရက်ပါတီအတွက် အောင်ပွဲတစ်ရပ်ဖြစ်ခဲ့သည်။
မူခါဂျီသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး အိန္ဒိယ၏ ပထမဆုံး အမျိုးသမီးသမ္မတ ပရာတီဘာပတေးထံမှ ငါးနှစ်သမ္မတသက်တမ်းတာဝန်ကို လွှဲယူရမည်ဖြစ်သည်။

Ref;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis