menu

Tuesday 24 July 2012

အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသားများသည်
စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ရွေးချယ်သင်ယူသူလုံးဝမရှိ
ကြောင်း၊ ပထ၀ီဝင်နှင့် သမိုင်းဘာသာကို ရွေးချယ်သင်ယူသူ အလွန်နည်းပါးနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာ ကဏ္ဍအစီရင်ခံစာတွင်ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား
ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာ ရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။
သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်)သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊

ဒသမတန်းတွင် ၉၄ ဒသမ ၂၄ ရာခိုင်နှုန်းရှိပြီး ၀ိဇ္ဇာဘာသာတွဲသက်သက် ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

“ဟိုးအရင်တုန်းက အထက်တန်းမှာ သမိုင်းယူတဲ့သူတွေကိုပဲ တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူခွင့်ပေးတယ်။ သမိုင်းဌာနက
လူတွေကဘာပြောလဲဆိုရင် ဆယ်တန်းမှာ သမိုင်းယူတဲ့သူ အလွန်နည်းတယ်တဲ့။ အဲဒီတော့ သူတို့မှာပညာရှင်မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် သုံးနှစ်ရှိပြီ ဆယ်တန်းတုန်းကဘယ်ဘာသာနဲ့မဆို အောင်တဲ့သူတွေ သမိုင်းမေဂျာယူလို့ရတယ်ဆိုပြီး လုပ်ထားပါတယ်။
ပထ၀ီကတော်သေးတယ်။ စိတ်ကြိုက်မြန်မာစာနဲ့ သမိုင်းသင်တဲ့သူက တော်တော်နည်းနေတယ်”ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့် န၀မတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ဘာသာတွဲအလိုက် ရွေးချယ်သင်
ယူမှုကို စိစစ်လေ့လာရာတွင် စိတ်ကြိုက်မြန်မာစာပါဝင်သော ဘာသာတွဲအမှတ်(၃)၊ (၄)နှင့် (၆) တို့ကို ရွေးချယ်သင်ယူသူမရှိကြောင်းနှင့် ၀ိဇ္ဇာတွဲ ဖြစ်သောဘာသာတွဲအမှတ်(၅)နှင့် ပထ၀ီဝင်နှင့်သိပ္ပံ ဘာသာရပ်နှစ်ခုပါဝင်သော ဘာသာတွဲအမှတ်(၈) တို့တွင် သင်ယူသူအလွန်နည်းပါးကြောင်း သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ်သင်တန်းများသို့ ဆက်လက်တက်ရောက်သင်ယူရာတွင် သိပ္ပံဘာသာတွဲဖြင့်
အောင်မြင်သူအများစုမှာဝိဇ္ဇာဘာသာရပ်အထူးပြုဖြင့်ပြောင်းလဲသင်ယူလျက်ရှိသဖြင့် ၀ိဇ္ဇာဘာသာရပ်သင်ယူသူအရေအတွက် တိုးတက်လာရေး
အတွက် ကျောင်းအဆင့်ဆွေးနွေးညွှန်ပြရေးအဖွဲ့များက ဆွေးနွေးညွှန်ပြ
ပေးကြရန်လမ်းညွှန်ထားသည်။ ၎င်းပညာသင်နှစ်တွင် န၀မတန်း
ကျောင်းသားသုံးသိန်းခြောက်သောင်းကျော်နှင့် ဒသမတန်းကျောင်းသားသုံးသိန်းကျော်တက်ရောက် ပညာသင်ယူခဲ့ကြပြီး ဆရာနှင့် တပည့်အချိုးမှာ ၁း ၂၅ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis