menu

Tuesday 24 July 2012

ကျွန်တော်တို့ကရော ဘာလုပ်ကြမှာလဲ ....

  ဒီရက်ပိုင်းမှာ တက်လာတဲ့ သတင်းတွေကိုဖတ်ပြီး စိတ်ထဲ ပေါက်ကွဲ ကြေကွဲ နေမိတာအမှန်ပါ။ ဒါကို လူ့အခွင့်အရေးကို နားမလည်တဲ့ ခေတ်နောက်ကျသူတစ်ယောက်လို့ စွပ်စွဲရင်အင်မတန်ဝမ်းနည်းမိမှာပါပဲ။ ဒါဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်လို့ မပြောသေးဘဲ အမှန်တရားကို အမှန်အတိုင်းဖြစ်စေချင်ယုံလေးပဲ လို့ပြောရင်ရောဖြစ်မလား ....... ကျွန်မလည်း လူတန်းစားမခွဲခြား၊အသားအရောင် မခွဲခြား၊ ဘာသာမခွဲခြား၊ ယောက်ျားမိန်းမ မခွဲခြား၊ လိင်တူလိင်မတူ မခွဲခြား ..... ဆိုတဲ့ မခွဲခြားခြင်းပေါင်းများစွာကို မြတ်နိုး တတ်သူပါပဲ။

ကျွန်မသူငယ်ချင်းတစ်ယောက် စင်္ကာပူမှာ အိုဗာစတေးလို့ခေါ်တဲ့ O နေတာ နဲနဲတော့ကြာပြီတဲ့။ သူငယ်ချင်း ဆိုပေမယ့်လဲ သူက အသက်ကြီးတယ်။ ဒီတော့ အစ်ကိုလို့ပဲ သုံးလိုက်ပါတယ်။သူနဲ့ ကျွန်မ သိတော့ သူက သူ့ဘဝအတွေ့အကြုံတွေပြောပြလေ့ရှိတယ်။


 သူတို့ ခေတ်က သိပ်မကြပ်သေးတဲ့ကာလမို့ သူဟာ မီးရထားနဲ့ ဒီနိုင်ငံထဲကို ခိုးဝင်ခဲ့တဲ့ အကြောင်းတွေ စီကာပတ်ကုံး ပြောပြတတ်ပါတယ်။ ကျွန်မအနေနဲ့တော့ အတွေ့အကြုံသစ်ဖြစ်နေလို့ အမြဲတမ်း စိတ်ဝင်တစား နားထောင်ဖြစ်တယ်။ အစောပိုင်းကာလတွေတုန်းက ခေတ်စားခဲ့တာ မော်လမြိုင်ဘက်ကနေ စလုံးကို သွားမယ့်စက်လှေတွေ ရှိတတ်သတဲ့။ အဲဒီစက်လှေတွေက ဒီဘက် ရေပိုင်နက်ကိုရောက်ရင် လူတွေကိုချပြီး ပြန်တာတဲ့။ အဲ .. လိုက်လာတဲ့သူတွေက ရေကူးပြီး ဝင်ကြပါ သတဲ့။ တချို့ကလည်း မလေးရှားဘက်အထိ ကားတွေနဲ့ ဝင်၊ ပြီးတော့မှ ဂျိုဟိုးကနေ ဒီ စလုံးဘက်ကို ရေကူး ဝင်ကြတာတွေလည်း ရှိသေးတယ် ဆိုတယ်။

ဒါဟာ သူတို့ အိုဗာစတေးဖြစ်လာပုံပေါ့။ သူတို့ကဘာလို့ တရားမဝင်နည်းနဲ့ သူတပါးဆီမှာ လာပြီး ကျွန်လာခံရသလဲ ဆိုတာကျတော့ အမျိုးမျိုးပဲပေါ့။

 တချို့က နိုင်ငံရေးကြောင့် တချို့ကတော့ ကိုယ့် နယ်ကလေးထက် ရေကြည်မယ် ထင်လို့ မြက်နုမယ် ထင်လို့ စွန့်စားလာကြတာ။ တရားဝင် လာရောက်နေထိုင်ဖို့ဆိုတာ အဲဒီခေတ်က သိပ်ခက်ခဲပါတယ်။ ငွေကြေးအမြောက်အမြားလိုအပ်တယ်။ အဲဒီအပြင် အဆက်အသွယ်လဲ လိုသေးတယ်။ အဆက်အသွယ်ဆိုတာက ဘယ်လိုသွားရင်ရတယ်၊ ဘယ်လမ်းကြောင်းကနေ ဝင်ရင် pass ရဖို့လွယ်တယ် ဆိုတဲ့ လမ်းညွှန်ပေးနိုင်သူတွေ လိုအပ်တယ် ပေါ့။ နောက်တစ်ခုက စင်္ကာပူအစိုးရကလဲ အခုလို pass တွေကို လမ်းအများကြီး ဖွင့်မပေးထားသေးဘူးလေ။

 ဒီလိုနဲ့ ကျွန်မတို့ခေတ်မှာ သူတို့ဟာ O တွေဖြစ်လာတယ်။ မဟုတ်ပါ။ ကျွန်မတို့ မြန်မာလူမျိုးတွေ အချင်းချင်းကြားမှာတောင် လူတန်းစားတစ်ရပ်ဖြစ်လာတယ်။အချင်းချင်း အထင်အမြင်သေးတာတွေ၊ နှိမ့်ချ ဆက်ဆံချင်တာမျိုးလေးတွေလဲ သူတို့ခံစားရပါတယ်။

 ကျွန်မ Sengkang တောထဲကိုရောက်သွားတော့ ကျွန်မတော်တော် ဝမ်းနည်းခဲ့တယ်။ အဲဒီနေ့က မိုးကလဲရွာထားတော့ စိုစွတ်နေပါတယ်။ နေ့ဘက်ဆိုတော့ လူတွေ မရှိကြဘူး။အဲဒီထဲမှာ အို နေကြတဲ့ကျွန်မတို့မြန်မာလူမျိုးတွေ အများကြီးနေသတဲ့။ မိုးကာနိုင်တဲ့ ပလတ်စတစ်တွေကို သစ်ပင်တွေမှာချည်ပြီး အမိုးလေးတွေလုပ်လို့ သူတို့အိပ်ဖို့ ပလတ်စတစ်စတွေ ခင်းလို့။

 ကြည့်ပါဦး .. ဒီလို မိုးသည်းတဲ့ညတွေမှာ သူတို့ အိပ်ရေးမှ ဝပါ့မလား။ ဘယ်လိုစိတ်မျိုးနဲ့ အိပ်နိုင်ပါ့မလဲ။ ညဘက်မှာ ဘယ်အချိန် ဝင်ဖမ်းမလဲ ဆိုတဲ့အတွေးနဲ့ကောင်းကောင်းမှ အိပ်လို့ရကြပါ့မလား။ သူတို့တွေ ဘယ်လိုရေချိုးကြသလဲ . အသုံးအဆောင်တွေ ဘယ်မှာထားကြသလဲ .. အတွေးတွေနဲ့ ရင်ထဲမှာ ဆို့နစ်နေခဲ့တယ်။

 သူတို့က အလုပ်ကနေပဲ ရေချိုးလာကြပါတယ် တဲ့။ ဝတ်စရာအဝတ်တွေကိုတော့ သူငယ်ချင်းအိမ်တို့ ဘာတို့မှာ ပို့ထားတယ် ပေါ့။ ဘာအသုံးအဆောင်မှ ဝယ်စုထားလေ့မရှိပါဘူး တဲ့။သူတို့အလုပ်က အတည်တကျ မရှိဘူးဆိုပေမယ့် တစ်နေ့ကို ၅ဝ၊ ၆ဝ၊၇ဝ၊ ၈ဝ စသည်ဖြင့် မဆိုးလှတဲ့ ဝင်ငွေရှိပါတယ်။ သူတို့အခွန်ဆောင်စရာမလို၊ ကုန်ကျစားရိတ်သိပ်မရှိလို့ ဒီငွေတွေဘယ်ရောက်ကုန်သလဲ ဆိုတော့ သူတို့မိသားစုတွေကို ပို့ပေးပါတယ် တဲ့။

 ကျွန်မ ပိုပိုပြီးဝမ်းနည်းလာပါတယ်။ သူတို့ မိသားစုတွေ ဘာမှမသိကြ။ ဒီကပို့တဲ့ငွေနဲ့ ကောင်းကောင်း နေ စား သွားလာ နေရချိန်မှာ သူတို့ဘဝတွေ ဒီလိုနည်းနဲ့ ကုန်ဆုံးသွားကြတော့မှာလား ..... ဘယ်အချိန်ထိလဲ .....။ ဒီဘက်ခေတ်မှာ တစ်နေ့တစ်ခြား တင်းကြပ်လာတဲ့ ဥပဒေတွေနဲ့ လမ်းကြောင်းတွေလဲ ပိတ် ပိတ်လာခဲ့တယ်။ သူတို့ပြန်ဖို့ မလွယ်ကြတော့ပါ။

 တစ်နေ့တော့ ကျွန်မနဲ့အဲဒီအစ်ကို ပင်နီစူလာနားက ကျောက်တိုင်ဘက်မှာ စကားထိုင်ပြောနေပါတယ်။ အဲဒီနေ့က လူကလဲ အနည်းငယ် ရှင်းတယ် ပြောရမယ်။ အဲဒီအချိန်မှာ ရဲက လာစစ်ပါတယ်။ ကျွန်မကတော့ အမှန်သမားဆိုတော့ မကြောက်ဖြစ် .. ဒေါသတောင်ထွက်နေလိုက်သေးတယ်။ သူကတော့ မျက်နှာငယ်နဲ့ ... ထွက်လည်း မပြေးနိုင်ပါဘူး။ ဒါဟာကျွန်မကိုငဲ့ညှာလို့လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြေးလဲ လွတ်ဖို့တော့ သိပ်မရှိလှပါ။ဟိုစစ် ဒီစစ်နဲ့ နောက်ဆုံးကျတော့ မင်းသူဌေးကို ဖုန်းခေါ်မယ် ဆိုလဲ အခုတော့ငါတို့နဲ့ ခဏလိုက်ခဲ့ပါ ဆိုပြီးပြောပါတယ်။ သူကလဲ ခေါင်းညိတ်တယ်။

 ကျွန်မစိတ်ထဲ ဒီအတိုင်းပဲ လိုက်သွားကောင်းရဲ့ ထင်တာ ..... လက်ထိပ်လဲခတ်လိုက်ရော ကျွန်မမှာဒေါသတွေ နာကျည်းမှုတွေနဲ့ ပြည့်ပြီး မကြည့်ရက်နိုင်ခဲ့ဘူး။လက်ထိပ်ခတ်တာတောင်မှ နောက်ပြန်ခတ်သွားတာ .........။ အဲလိုခတ်ပြီး ရဲ၃ယောက်က ဆွဲခေါ်သွားလိုက်တာ ကျွန်မမှာ ဘာလုပ်ရမယ် မသိဘဲ အဲဒီနေရာမှာ ငေါင်ပြီးကျန်နေခဲ့တယ်။ မျက်ရည်တွေလဲ ကျနေမိတယ်။

 ဥပဒေ ...ဟုတ်ကဲ့ သူတို့နိုင်ငံအတွက်တော့ ဥပဒေပါ။ ကျွန်မတို့ မြန်မာတွေ အတွက်ကတော့ ဘဝကြီး တစ်ခုလုံးပါပဲ။သူတို့ဆီမှာက ဥပဒေစိုးမိုးတယ်လေ။ ကိုယ့်နိုင်ငံသားတွေက တရားမဝင်နေထိုင်ခဲ့တာကိုး။ ကျွန်မတို့ ဘာတွေများ တောင်းဆိုဖူးလို့လဲ။ မကျေမနပ်နဲ့ ဆန့်ကျင်နေခဲ့ဖူးသလဲ။ သူတို့ပေးတဲ့အပြစ်ကို ခံယူသွားကြပြီး ငြိမ်ငြိမ်လေး ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြတာပဲ မဟုတ်လား။

 ကျွန်မတို့ဆီမှာကျတော့ သာလာယံဇရပ်လို ဝင်ချင်သလို ဝင်၊ ထွက်ချင်သလိုထွက်၊ ဘက်ပေါင်းစုံကနေ ချယ်လှယ်ဖို့ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ကိုယ်တွေကပဲ နေရာဖယ်ပေး။

 ဒီလိုနဲ့နေလာရင်းက ကိုယ့်အလှည့်ကျမှ လူ့အခွင့်အရေးတဲ့ ......။ ကျွန်မတို့က အမြဲ တမ်းပဲ ရှုံးနေကြရတော့မှာလား။ အမှန်တရားအတွက် ဥပဒေက အဆုံးအဖြတ်လား၊ သမာသမတ်ကျတဲ့ တရားတွေက အဆုံးအဖြတ်လား။သေချာတာတစ်ခုက “ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ သိပ်ချစ်ကြပါတယ် . . .”

HlaingKaLayThin (mmcp)
 by Aung Myint Than on Tuesday, July 24, 2012 at 1:01pm ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis