menu

Friday 6 July 2012

တကယ့်လူ


 တစ်နေ့ တက္ကသိုလ်ဝင်တန်းရှိ ကျွန်တော့်သူငယ်ချင်းကို တွေ့ဆုံရန် သူ့အခန်းသို့ ရောက်လာသည်။ ကျွန်တော် ထိုအခန်းအတွင်းသို့ ဝင်လိုက်ချိန်မှာပင် ဆရာ မစ္စတာ ၀ါရှင်တန်ကလည်း နောက်မှ လိုက်ဝင် လာသည်။ ပြီးနောက် ကျွန်တော့်ကို ကျောက်သင်ပုန်းကြီးဆီသို့သွားပြီး တစ်ခုခုသွားရေးရန် ပြောလိုက်သည်။ ကျွန်တော်က မလုပ်နိုင်ကြောင်း ပြောသည့်အခါတွင် ဆရာက "ဘာကြောင့်လဲကွ" ဟု ပြန်မေးလိုက်သည်။
"ကျွန်တော် ဆရာ့တပည့်မဟုတ်ပါဘူး"
"ကိစ္စမရှိဘူး။ မင်းရေးချင်တာ သွားရေးခဲ့"
"မရေးနိုင်ဘူးဆရာ"
"ဘာကြောင့်လဲကွ"
ကျွန်တော်က ခေတ္တငြိမ်နေမိလိုက်သည်။ စိတ်ထဲတွင်လည်း အတော်လေးကသိကအောက်ဖြစ်နေမိသည်။
ကျွန်တော်က
"ကျွန်တော် စိတ်ဖွံ့ဖြိုးမှုအားနည်းသူအဖြစ် သတ်မှတ်ခံထားရလို့ပါ"
ဆရာက သူ့စားပွဲဆီသို့ ပြန်သွားပြီး ကျွန်တော့်ကို စိုက်ကြည့်ကာ
"မင်းဘယ်တော့မှ အဲဒီလိုမပြောနဲ့။ တစ်ယောက်ယောက်က သတ်မှတ်လိုက်တာနဲ့ မင်းကိုယ်မင်း အဲဒီလို ဖြစ်နေပြီလို့ ဘယ်တော့မှ မသတ်မှတ်နဲ့"
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်လေးသည် ကျွန်တော့် စိတ်ကို ပေါ့ပါးသွားသလို ခံစားလိုက်မိ သည်။ ကျွန်တော်စိတ်ထဲတွင် အခြားကျောင်းသားတွေက ဝိုင်းလှောင်ကာ အရှက်ခွဲခံရလိမ့်မည်ဟု ထင်ထားရာမှ မမျှော်လင့်သော စကားကိုကြားလိုက်ရခြင်းလည်းဖြစ်သည်။
သူတို့က ကျွန်တော့်ကို အထူး ပညာပေးခြင်းခံနေရသူတစ်ယောက်အနေဖြင့် သိသွားသော်လည်း ကျွန်တော့်စိတ်ထဲတွင် လွတ်လပ်ပေါ့ပါး နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာပြောလိုက်မှ ကျွန်တော်သည် အခြားသူတစ်ယောက်၏ ပြောစကားနှင့် မှတ်ချက်အောက်တွင် မရှင်သန်နေသင့်ကြောင်း သိမြင်ခွင့်ရသွားသောကြောင့်ဖြစ်သည်။
ထိုအချိန်မှစပြီး ကျွန်တော်သည် ဆရာ့ကို ကျွန်တော့်ဆရာအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ကျွန်တော် စာမေးပွဲနှစ်ကြိမ်တိုင် ကျရှုံးခဲ့သည်။ ထို့ကြောင့် ၅ တန်းအရောက်တွင် ပညာရေးဖွံ့ဖြိုးမှုချွတ်ယွင်းသည့် စာရင်း အသွင်းခံရပြီး ၄ တန်းသို့ပြန်ချခြင်း ခံရသည်။ နောက်တစ်ကြိမ် ၈ တန်းအရောက်တွင် စာမေးပွဲထပ်ကျပြန်သည်။ အရှုံးတွေကြောင့် စိတ်ပျက်နေသည့်ကျွန်တော့်ကို ဆရာပြောလိုက်သည့်စကား တစ်ခွန်းက ဘဝပြောင်းသွားစေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ဆရာက ကျွန်တော့်ကို စာဆိုကြီး ဂိုသီ၏ စကားတစ်ခွန်းကို ပြောပြခဲ့သည်။
"လူတစ်ယောက်ဟာ၊ သူ့ဘဝကို သူလျှောက်လှမ်းနိုင်ရမယ်၊ အဆိုးဆုံးတွေနဲ့ ရင်ဆိုင်နေရလည်း လျှောက်လှမ်းရမယ်၊ အဲဒီလိုလျှောက်နိုင်မှသာ လူဖြစ်တယ်" ဆိုသည့်စကား ဖြစ်သည်။
နောက်ပြီး ဆရာက ကယ်လ်ဗင် လွိုက်၏ စကားတစ်ခွန်းကိုလည်း ပြောခဲ့သေးသည်။
"မျှော်လင့်ချက် ကင်းမဲ့နေပြီဆိုတဲ့ကောင်တွေဟာ ဘယ်တော့မှ နာလန်မထူနိုင်ဘူး" ဟူ၍ဖြစ်သည်။
ဆရာက ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ အမြဲထားခိုင်းသည်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေရသည့်ပုံစံဖြစ်စေရန် အမြဲတိုက်တွန်းတတ်သည်။
တစ်နေ့တွင် ဆရာသည် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများအတွက် နှုတ်ဆက်ပွဲတွင် စကားပြော မည်ဆိုသည့် သတင်းကြားလိုက်ရသည်။ ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်ဝင်တန်းမအောင်သေး။ ဆရာက ကျောင်းသားကြီးများကို
"မင်းတို့ဟာ ကြီးမြတ်သူတွေဖြစ်တယ်။ မင်းတို့ဟာ တကယ့်လူတွေဖြစ်တယ်။ မင်းတို့ကိုယ်မင်းတို့ ငါဘာ ကောင်လဲဆိုတာ တစ်ချက်လောက် ပြန်ကြည့်စမ်းပါ။ မင်းတို့ ဟောဒီလောကမှာ သမိုင်းဝင်လောက်အောင် စွမ်းဆောင်ပြသင့်တာတွေ လုပ်ဆောင်ပြနိုင်ခဲ့ပါပြီ။ မင်းတို့မိဘတွေကို ဂုဏ်တက်အောင် မင်တို့လုပ်ဆောင် ပေးနိုင်ခဲ့တယ်။ ခုဆိုရင် လူသန်းပေါင်းများစွာနဲ့ မင်းတို့ ထိတွေ့ဆက်ဆံခွင့်ရတော့မယ်" ဆရာက ကျောင်း သားကြီးများကို ရည်စူးပြီးပြောနေသော်လည်း ထိုစကားများသည် ကျွန်တော့်ကို တိုက်ရိုက်ရည်ညွှန်းပြော သလိုဖြစ်နေသည်။
ကျောင်းသားတွေအားလုံး မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးနေကြသည်။ ကျွန်တော်က ဆရာ့နောက်သို့ အပြေးလေးလိုက်သွားမိသည်။ ဆရာ့ကို ကားရပ်သည့်နေရာတွင်မီသည်။ ကျွန်တော်က
"ဆရာ ကျွန်တော့ကို မှတ်မိသလားဟင်၊ ဆရာ ခမ်းမကြီးထဲမှာ စီနီယာတွေကို စကားပြောနေတုန်းက ကျွန်တော် အဲဒီအခန်းထဲမှာရှိနေတယ်"
"မင်းဘာလာလုပ်နေတာလဲ။ မင်းက ဂျူနီယာပဲကွ"
"ဟုတ်ပါတယ်ဆရာ၊ ဒါပေမယ့် ဆရာပြောတဲ့စကားတွေကို ကျွန်တော် ခမ်းမရဲ့ တံခါးကနေ ကြားခဲ့ရတာပါ။ အဲဒီ မိန့်ခွန်းက ကျွန်တော့်ကို ရည်ညွှန်းပြောနေသလို ခံစားရတယ်ဆရာ။ ဆရာပြောခဲ့သလိုပဲ ကြီးမြတ်မှုဆို တာ တခြားမှာ သွားရှာနေစရာမလိုပါဘူး။ ကိုယ့် ကိုယ်ထဲမှာပဲရှိနေတာ။ ကျွန်တော် ခမ်းမကြီးထဲရောက်ခဲ့ တယ်ဆရာ။ ကျွန်တော့်ဆီကိုလည်း ကြီးမြတ်မှုတွေရောက်လာခဲ့ပါတယ်ဆရာ"
"ဟုတ်တာပေါ့ မစ္စတာ ဘရောင်း"
"ကျွန်တော် အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သမိုင်းဘာသာရပ်တွေမှာ ကျရှုံးခဲ့တယ်။ ဒါနဲ့ နွေရာသီမှာ ကျောင်းပြန် တက်ရတယ်။ ဘာကြောင့်လဲဆရာ။ ကျွန်တော် အခြားသူတွေထက် ပိုပြီးတော့ သင်ယူနိုင်စွမ်းအားနည်း တယ်ဆိုတာ သိပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ညီနဲ့ ညီမထက်လည်း ပိုညံ့တယ်။ သူတို့က ခုဆိုရင် မီယာမီတက္ကသိုလ်မှာတောင် တက်နေကြပြီ"
"အဲဒါ ပြဿနာမဟုတ်ဘူးကွ။ အဲဒါ မင်းပိုကြိုးစားဖို့ လိုသေးတယ်လို့ ပြောနေတာ။ မင်းအတန်းနဲ့ မင်း အဆင့်က မင်းဘယ်လိုလူဆိုတာ ပြောတာမဟုတ်ဘူး။ မင်းကို ဘာဖြစ်လာမယ်ဆိုတာလည်း မသတ်မှတ် ပေးနိုင်ဘူး"
"ကျွန်တော် အမေ့ကို အိမ်တစ်လုံးလောက် ဝယ်ပေးချင်တယ်ဆရာ"
"ဖြစ်နိုင်တာပဲ မစ္စတာဘရောင်း။ ဝယ်ပေးလို့ရတာပဲ" ဆရာက ပြောပြောဆိုဆိုနှင့် လမ်းဆက်လျှောက်သွား သည်။
"ဆရာ .."
"ဘာလဲကွ"
"ဆရာ ကျွန်တော့်ကို မှတ်မိတယ်နော်။ ကျွန်တော့်နာမည်ကိုလည်းသိတယ်။ ကြည့်နေပါဆရာ။ တစ်နေ့မှာ ဆရာဂုဏ်ယူလောက်တဲ့ လူတစ်ယောက်ဖြစ်အောင် ကျွန်တော်လုပ်မှာပါ။ ကျွန်တော်က အဲဒီလိုလူဆိုတာ သိထားပါဆရာ"
ကျောင်းဆိုသည် ကျွန်တော့်အတွက် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေရသလိုဖြစ်ပါသည်။ ကျွန်တော်သည့် အညံ့ ဆုံးစာရင်းဝင်မဟုတ်သဖြင့် တစ်တန်းပြီးတစ်တန်း တက်ခွင့်ရခဲ့ပါသည်။ ကျွန်တော်က ပျော်ပျော်ရွှင်ရွှင်နှင့် လူတွေကို လိုက်လျောအောင်ပေါင်းသင်ပြီး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ပါသည်။ အားလုံးနှင့် အဆင်ပြေအောင်နေထိုင်သဖြင့် ဆရာတွေက ကျွန်တော့်ကို နောက်ဆုံးတွင် အတန်းတင်ပေးခဲ့ပါသည်။ ဆရာ ဝါရှင်တန်ကတော့ ကျွန်တော့်အပေါ်တွင် တာဝန်ခံပြီး ညွှန်ကြားပြသခဲ့ပါသည်။ သို့သော် ကျွန်တော့် ကို အားနည်းသည့်သူတစ်ယောက်အနေဖြင့် ပစားပေးသည့်သဘောတော့မဟုတ်။ ကျွန်တော် အကောင်း ဆုံးလုပ်နိုင်အောင်တော့ ကြိုးစားခဲ့ရသည်။
ကျွန်တော် တက္ကသိုလ်ဝင်တန်းရောက်တော့ ဆရာဝါရှင်တန်သည် ကျွန်တော့်ဆရာဖြစ်လာပါသည်။ သို့သော် ကျွန်တော့်မှာ အထူးပညာရေးဆိုသည့် သတ်မှတ်ချက်အတွင်းမှာပင် ရှိနေပါသေးသည်။ ပုံမှန်အရ ဆိုလျှင် အထူးကျောင်းသားများသည် စကားပြောနှင့် ပြဇာတ်တို့ကို မသင်ရပါ။ သို့သော် ဆရာကထောက်ခံ ပေးသဖြင့် ကျွန်တော်သင်ကြားခွင့်ရခဲ့သည်။ ကျောင်းအုပ်ကြီးကလည်း ကျွန်တော်နှင့် ဆရာတို့ ရင်းနှီး ကျွမ်းဝင်မှုကို သိထားသည်။ ဆရာ့ကြောင့် ပညာရေးတွင် တိုးတက်လာကြောင်းကိုလည်းနားလည်ထားကြ သည်။ ကျွန်တော့်ဘဝတွင် ပထမဦးဆုံးအနေဖြင့် ရှေ့ဆုံးအတန်းတွင် နေရာပေးခြင်းခံရသည်။ ပြဇာတ်အဖွဲ့ နှင့်အတူ ခရီးအတူထွက်ခွင့်ရလာသည်။ ခရှီးစဉ်တစ်လျှောက်လုံးလည်း ကျွန်တော့်ကို နေရာပေးပြီး တစ်လေးတစ်စားဆက်ဆံကြသည်။ ကျွန်တော့်အတွက်တော့ အံသြဖွယ်ရာတွေနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။
ဆရာ ဝါရှင်တန်သည် ကျွန်တော့်ဘာကောင်ဖြစ်သည်ဆိုခြင်းကို အကောင်းဆုံး ပြန်လည်ပုံဖော်ဆောင်ပေးခဲ့ သူဖြစ်သည်။ ဆရာက ကျွန်တော့်စိတ်အခြေအနေ၊ ကျွန်တော့်ဘဝမည်သို့ရှိနေသည်ဆိုစေ ကျွန်တော့် အမြင်တွေကို ပြောင်းလဲသွားအောင်လုပ်ဆောင်ပေးခဲ့သည်။
နှစ်အနည်းငယ်ကြာသောအခါတွင် ကျွန်တော်သည် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် အထူးအစီအစဉ် ငါးခုခန့်ကို ထုတ်လွှင့်တင်ဆက်ရသူဖြစ်လာသည်။ ကျွန်တော်က ရင်းနှီးသည့် မိတ်ဆွေများကို ကျွန်တော့်ထံ ဖိတ်ခေါ်ကာ အစီအစဉ်တစ်ခုဖြစ်သည့် "သင့်ဘဝ" အစီအစဉ်တွင် ပါဝင်စေခဲ့ပါသည်။ ထိုအစီအစဉ်သည် မီယာမီတွင် ပညာရေးရုပ်သံလိုင်းမှ ထုတ်လွှင့်နေရသော အစီအစဉ်တစ်ခုလည်းဖြစ်သည်။
တစ်နေ့ ကျွန်တော် ဒက်ထရွိုက်သို့ရောက်စဉ် ဖုန်းလာပါသည်။
"ကျွန်တော် မစ္စတာဘရောင်းနဲ့စကားပြောချင်လို့ပါခင်ဗျာ"
"ဘယ်သူပါလဲခင်ဗျာ"
"ခုဘယ်သူခေါ်နေသလဲဆိုတာ မင်းသိပါတယ်"
"အလို ဆရာ ၀ါရှင်တန်လား၊ ဟုတ်ပါတယ်နော်"
"ဟုတ်ပြီ၊ မင်းပဲ၊ တကယ့်လူပဲကွ"
"ဟုတ်ပါတယ်ဆရာ၊ ကျွန်တော် တကယ့်လူဖြစ်နေပါပြီဆရာ"
Mr. Washington, by Les Brown   
တင်ညွန့်
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis