“ကိုနောင် ထ..ထ ဘန်ကောက်ကို ဆင်းတော့မယ်”
ကိုမြင့်အောင်အသံကြားတော့
ကျွန်တော်ဖျက်ကနဲ သတိဝင်လာတယ်။ ဟုတ်ပါရဲ့ လေယာဉ်ပြူတင်းပေါက်က
ကဲကြည့်လိုက်တော့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့
ဘန်ကောက်မြို့စွန်ကို လှမ်းမြင်ရပြီိ။
ရာသီဥတုပူရတဲ့အထဲ မီးခဏခဏပြတ်တဲ့ ရန်ကုန်မှာ
ယပ်တောင်လေးတဖျတ်ဖျတ်ခတ်ရင်း အိပ်မပျော်တဲ့ရက်တွေများတော့ အင်မတန်နေရထိုင်ရ
သက်တောင့်သက်သာရှိတဲ့ လေယာဉ်ထိုင်ခုံပေါ်မှာ မျက်စေ့တစ်ဆုံး။ ဒါပေမဲ့
စစ်တဲ့ဆေးတဲ့စနစ်၊ ပစ္စည်းရွေးတဲ့စနစ်တွေက အတော်မြန်တယ်။ “မြို့ထဲမှာ မတည်းဘူးနော်။ မြို့စွန်က ဘတ်ဂျက်ဟော်တယ်မှာပဲ တည်းမယ်”
ဘန်ကောက်ဆိုတဲ့အရပ်ကို
တစ်ခါမှမရောက်ဖူးတာမို့ ကိုမြင့်အောင်စကားကို ကျွန်တော်
ခေါင်းညိတ်လိုက်ပါတယ်။ လေဆိပ်ကနေ ဟိုတယ်သွားတဲ့ လမ်းကြောင်းပေါ်ရောက်မှပဲ
မြို့ထဲမှာမတည်းဖို့ သူရွေးတာမှန်မှန်း ကျွန်တော်သဘောပေါက်လာတယ်။
အောင်မလေးဗျာ။ ကြပ်တောက်လိုက်တဲ့ ယာဉ်ကြောကြီး။ အင်္ဂလိပ်စကား
မတောက်တခေါတ်တတ်တဲ့ ဒရိုင်ဘာပြောတာကတော့ တစ်ခါတစ်လေမှာ လေဆိပ်ကနေ
မြို့ထဲကိုရောက်ဖို့ နာရီနဲ့ချီပြီးကြာပါသတဲ့။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ
မြန်မာတွေချမ်းသာလာပြီး လူတိုင်းကားဝယ်စီးကြရင်
အနာဂတ်မြန်မာမြို့ပြအခြေအနေဟာ ဘန်ကောက်ထက် ပိုဆိုးလေမလားလို့လည်း
တွေးမိပါတယ်။ ဟိုတယ်မှာအခန်းယူပြီး ခဏနေတော့ ကိုမြင့်အောင်တို့ လင်မယား
ကျွန်တော်တို့ အခန်းတံခါးလာခေါက်တယ်။
“ဆင်းကတ်သွားဝယ်မလို့ .. လိုက်ဦးမလား” တဲ့
အဲဒီအကြံမဆိုးဘူး။ ရန်ကုန်ဖုန်းတွေ ဘန်ကောက်သယ်ပြီး သုံးလို့ရတာမှမဟုတ်တာ။
“လိုက်မယ်ဗျာ..ခဏလေး”
ဒီလိုပြောပြီး ခရီးဆောင်အိတ်ကိုသွားဖွင့်တော့ ကိုမြင့်အောင်အခန်းထဲ ၀င်လိုက်လာတယ်။
“ဟေ့လူ...ဘာတွေယူမှာတုန်း”
သူ့မေးခွန်းကို ကျွန်တော်မဖြေဘဲ လက်ဝါးဖြန့်ပြလိုက်တယ်။ မှတ်ပုံတင်၊ ပတ်စ်ပို့နဲ့ ဓာတ်ပုံသုံးပုံ။ အဲဒါကိုမြင်တော့ သူတဟားဟားရယ်တယ်။
“ဘာမှမယူနဲ့
အကုန်ထားခဲ့။ ဟိုမှာတွေ့လား။ လမ်းဟိုဖက်က မုန့်ဆိုင်၊ အဲဒီမှာ
ဆင်းကတ်ဝယ်လို့ရတယ်။ ဂျီးမများဘူးဆိုရင် တော်ရုံသင့်ရုံဟန်းဆက်လည်းရတယ်။
အာရှစက်မှုတက္ကသိုလ်မှာ မဟာဘွဲ့လာတက်နေတဲ့ သမီးဖြစ်သူဆီ ခဏခဏလာနေကြဆိုတော့
သူ့စကားကို ကျွန်တော်လက်မခံချင်လို့မရပါဘူး။ တကယ်လည်း ဟုတ်ပါ့ဗျာ။
ဆင်းကတ်တစ်ခုကို ဘတ်ခြောက်ဆယ်။ မြန်မာငွေနဲ့တွက်ရင် ကျပ်တစ်ထောင့်ရှစ်ရာ။
ရောင်းတဲ့ကုမ္ပဏီက တစ်ခုတည်းတောင်မကဘူး။ ၀န်ဆောင်မှုတွေ အပြိုင်ပေးပြီး
ရောင်းဖို့ကြိုးစားကြတာ။ ဟိုစာရွက်ပြဦး၊ ဒီစာရွက်ပေးဦး၊ ဖောင်ဖြည့်ဦး၊
ဓာတ်ပုံပါရဲ့လား၊ သန်ခေါင်စာရင်း ယူလာခဲ့နော်ဆိုတဲ့ စနစ်တွေဘာမှမရှိ။
လူတွေတစ်ပုံကြီးကြားမှာ ချွေးတလုံးလုံးနဲ့ ဘာမှတိုးခွေ့နေစရာမလို၊
ငွေသွင်းမမီမှာကြောက်လို့ တက္ကစီငှားပြီးဘတ်ပြေးရတဲ့ ဒုက္ခနတ္ထိ။
ဆင်းကတ်ရောင်းတဲ့ဆိုင်တွေ၊ လမ်းထဲမှာ အများကြီးဗျလို့
ကိုမြင့်အောင်ကပြောပြတယ်။ ကောင်းလေစွ ..ကောင်းလေစွလို့ ကြွေးကြော်ပြီး
ဆင်းကတ်တစ်ခုရယ်၊ စကားပြောလို့ဖြစ်ရုံ ဟန်းဆက်တစ်ခုရယ်၊ ဘတ်သုံးဆယ်တန်
ငွေဖြည့်ကတ်တစ်ခုရယ်ဝယ်ပြီး ကျွန်တော်ပြန်လာခဲ့တယ်။
အာရှစက်မှုတက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ ကိုမြင့်အောင်သမီးလေး ဘွဲ့တက်ယူတာကို
လိုက်အားပေးပြီးတော့ ဘန်ကောက်မှာ နောက် တစ်ရက်၊ နှစ်ရက်လောက်နေတယ်။
မြဘုရားလေး ဘာလေးဖူး။ ဈေးလေးအနည်းအပါးဝယ်ပြီး စင်ကာပူဘက်ကို ခရီးဆက်ကြတယ်။
စင်ကာပူဆေးရုံတစ်ခုမှာ ဆေးရုံတက်နေတဲ့ ကိုမြင့်အောင်အမေကို
ဝင်ကြည့်ဖို့ပါ။ စင်ကာပူမှာ မိုဘိုင်းဖုန်းဈေးက ဘန်ကောက်ထက်ကြီးပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့ဆီက ငါးသိန်းဖုန်းထက်
အပုံကြီးဈေးသက်သာတော့ စည်ပင်သာယာအလုပ်သမားတောင်
မိုဘိုင်းဖုန်းကိုင်နိုင်ပါတယ်။ တစ်ရက်ကြတော့ ကိုမြင့်အောင်သမီးလေး
လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေတာတွေ့လို့ ကျွန်တော်စပ်စုမိတယ်။
ဖုန်းနဲ့ချိတ်သုံးတဲ့ သရီးဂျီအင်တာနက်ကို စမ်းကြည့်တာတဲ့။ တကယ်သုံးရင်
ဝိုင်ဖိုင်နဲ့သုံးတာ များပါသတဲ့။ စင်ကာပူမှာက ၀ိုင်ဖိုင်သုံးနိုင်တဲ့
အခပေး၊ အခမဲ့ ဟော့စ်ပေါ့တွေအများကြီး။ ၀ိုင်ဖိုင်မရှိတဲ့နေရာတွေကို
တွေ့ရခဲတယ်။ ကာဖီဆိုင်ထဲမှာ အခမဲ့ဝိုင်ဖိုင်လွတ်ပေးရင် ဖမ်းမယ်ဆီးမယ်ဆိုတဲ့
စကားမျိုးမကြားမိပေါင်ဗျာ။ သူသုံးနေတဲ့ သရီးဂျီက အတော်ပဲမြန်ပါတယ်။
ရှစ်ဆယ်မီဂါဘိုက်ကျော်တဲ့ ဆော့ဖ်ဝဲတစ်ခုဆွဲချတာ ဆယ့်ငါးမိနစ်မကြာဘူး။
ကျွန်တော်တို့ မြန်မာပြည်မှာတော့ တစ်စက္ကန့် သုံးကီလိုဘစ်အမြန်နှုန်းဟာ
သရီးဂျီအမြန်နှုန်းလားလို့ မေးရမလိုပါဘဲ။ အေးလေ တို့တိုင်းပြည်လည်း
တစ်နေ့တိုးတက်လာရင် ဒီလိုပဲဖြစ်လာမှာပါလို့ မိုဘိုင်းအိမ်မက်တွေမက်ပြီး
ကျွန်တော်တို့ ပြန်လာခဲ့ပါတယ်။ ပြန်လာပြီး တစ်နှစ်မကြာလိုက်ပါဘူး။
ဂျီအက်စ်အမ်ဖုန်းတွေ နှစ်သိန်းနဲ့ရောင်းမယ်ဆိုတဲ့ သတင်းထွက်လာတယ်။ နိပ်ပဟ။
ကျွန်တော့်ဇနီး မဒမ်ရွေသက်ကို တစ်လုံးလောက် ၀ယ်ပေးလိုက်ဦးမယ်။
သင်္ကြန်နားနီးရင် ရန်ကုန်မှာရောင်းမတဲ့ အဲသည်လိုလည်းကြားတယ်။
ဒီလိုနဲ့သင်္ကြန်နားနီးတော့ သူငယ်ချင်းကိုရွှေထူးတို့အလှူမှာ ကူလုပ်ရင်း
ညသွားအိပ်ဖြစ်ပါတယ်။ ဘယ်ရက်လဲ အတိအကျတော့ မမှတ်မိဘူး။ မနက်အစောကြီးမှာ
လူတွေ တရုန်းရုန်းဖြစ်နေတဲ့အသံတွေကြားတယ်။ ကြားမဖြတ်နဲ့လေဆိုတဲ့ အသံတွေရော၊
ဝင်လို့မရသေးဘူးဆိုတဲ့ အသံတွေရောစုံလို့။ ထကြည့်လိုက် တော့
ကိုရွှေထူးတို့တစ်အိမ်ကျော်က မိုဘိုင်းဖုန်းလိုင်း
တရားဝင်ရောင်းဝယ်ခွင့်ရတဲ့ဆိုင်မှာ လူတွေဖုန်းတန်းစီနေတာပဲဗျာ။
ဆက်သွယ်ရေးရုံးကြီးတွေမှာလည်း ရောင်းသတဲ့။ ငါးသိန်းဖုန်းသွားထုတ်တုန်းက
အဆင်မပြေဖြစ်ခဲ့တဲ့အတွက် ဆက်သွယ်ရေးမှာသွားပြီး ၀ယ်ဖို့တော့မစဉ်းစားမိပါ။
မိုဘိုင်းဖုန်းလိုင်း တရားဝင်ရောင်းဝယ်ခွင့်ရတဲ့ ဆိုင်ရှေ့က
လူတန်းကြီးထဲမှာ ၀င်တိုးဖို့ကမလွယ်ဘူး။ ၀င်တိုးလည်း ရဖို့ကမသေချာဘူး။ ဒါနဲ့
လင်မယားနှစ်ယောက်အပြင်ဆိုင်တွေမှာ တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်စနည်းနာတယ်။
တစ်ဆိုင်ကြည့်တော့ နှစ်သိန်းသုံးသောင်း၊ နောက်တစ်ဆိုင်မှာ
နှစ်သိန်းသုံးသောင်းခွဲ၊ နောက်ဆုံးဆိုင်မှာက နှစ်သိန်းငါးသောင်း၊ ဘုရားရေ
ကြာလေဆိုးလေပါလား။ သူတို့ကပြောရှာပါတယ်။ ယူရတဲ့ဈေးတွေ ကြီးလို့ပါတဲ့။
သူတို့ဈေးကြီးပေးပြီး ယူရတဲ့နေရာဟာ ဘယ်နေရာလည်း။ တိကျတဲ့ အဖြေတစ်ခုကတော့
အဲဒီလက်လီဆိုင်လေးတွေဆီမှာ ကျိန်းသေရှိမှာပါ။ ဘယ်နှယ့်ဗျာ။
နှစ်သိန်းတိတိနဲ့ ရောင်းပါမယ့်လို့ နိုင်ငံတော်က အတိအလင်းကြေညာထားတဲ့
ဂျီအက်စ်အမ်ဖုန်း။ အခုတော့ကျော် မကောင်း ကြားမကောင်း။ နေပလေ့စေကွာ
အပိုကြေးတော့မပေးဘူး။ သင်္ကြန်ပြီးတဲ့အထိစောင့်မယ်လို့
ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သေချာသည်ထက်
သေချာအောင်စောင့်တာမို့ မေလထဲထိ ရောက်သွားတယ်။ မေလပထမပတ်ကုန်တော့
ကျွန်တော်တို့လင်မယားစိတ်ကို ဒုန်းဒုန်းချပြီးဆင်းကတ်ကို
တရားဝင်ရောင်းချပါတယ်ဆိုတဲ့ ဆယ်မိုင်ကုန်းက ဆိုင်ထဲဝင်လာခဲ့ကြပါတယ်။
ကိုးနာရီခွဲကစပြီး ဖွင့်တဲ့ဆိုင်၊ ဆယ်နာရီမခွဲသေးဘူး ကတ်ကုန်ပြီတဲ့။ ဒါနဲ့
ဟာမစ်တစ်ဖက်ကို ကျွန်တော်တို့ဆက်ပြီး ချီတက်လာခဲ့ကြပါတယ်။ အဲဒီဆိုင်က
ပင်ရင်းကုမ္ပဏီနဲ့ အနီးဆုံးဆိုတော့ ကတ်လက်ကျန်ရှိဖို့ အခွင့်အရေးပို
များတယ်လေ။ ဆိုင်ထဲမှာလည်း ၀ယ်သူက ဖြိုးဖြိုးဖျောက်ဖျောက်
အရောင်းစာရေးမမေးကြည့်တော့ ဂျီအက်စ်အမ် ဆင်းကတ်ကုန်ပြီတဲ့။ အဲဒါမှ
တကယ်ဒုက္ခ။ အေးလေ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမပေါ့။
ပင်ရင်းဆိုင်ကို ကျွန်တော်တို့ နေ့တိုင်းဖုန်းဆက်တယ်။ တစ်ပတ်ကြာသွားတယ်။
ဂျီအက်စ်အမ်ဆင်းကတ်တွေ ပြန်ရောင်းနေပါပြီဆိုတဲ့ အဖြေလုံးဝမရပါဘူး။
တစ်ရက်မှာဖြင့် ဖုန်းဘက်ထရီရောင်းတဲ့ဆိုင်က လမ်းညွှန်လိုက်တယ်။
ရတနာပုံတယ်လီပို့မှာ သွားဝယ်တဲ့။ သူ့အကြံပေးတဲ့အတိုင်းသာ သွားရတယ်
ရင်မှာတထိတ်ထိတ်နဲ့။ အောင်မလေး တော်ပါသေးရဲ့ဗျာ။ မသိသူကျော်သွားတဲ့
ဆိုင်မို့လို့လား မသိဘူး။ တစ်နာရီမပြည့်မီအချိန်အတွင်းမှာ
ဂျီအက်စ်အမ်ဆင်းကတ်ကို မူရင်းဈေးနဲ့ ရလိုက်ပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ရဲ့ အသိမိတ်ဆွေတော်တော်များများက တော့ ခြေတိုအောင်ပဲ
လိုက်မရှာနိုင်လို့လား။ လူတန်းရှည်ကြီးထဲ ၀င်မတိုးနိုင်လို့လားမသိ။
ဆင်းကတ်တွေကို နှစ်သိန်းအထက်ဈေးအမျိုးမျိုးနဲ့ပေးပြီး ၀ယ်ခဲ့ကြရပါတယ်။
ဆင်းကတ်တွေကိုထိန်းချုပ်ပြီး ထုတ်ပေးတဲ့ ကိစ္စဟာ မှောင်ခိုဈေးကွက်နဲ့
ပွဲစားဈေးကွက်ကို ကြီးထွားလာစေတဲ့ အကြောင်းဂျာနယ်တွေမှာ ဖတ်ရတယ်။
မှတ်ရလွယ်တဲ့ နံပါတ်အပူးအထပ်တွေကို မတန်တဆဈေးတွေနဲ့ ကြေးခေါ်ရောင်းတာလည်း
ကြားရ တယ်။ လက်တစ်ဆုပ်စာလူတစ်စုကသာ
ဆင်းကတ်တရားဝင်ရောင်းပိုင်ခွင့်ရှိတဲ့အတွက် မိုဘိုင်းဖုန်းဝယ်လိုတဲ့
လူတွေနေရာတကာမှာ အလွယ်တကူဝယ်လို့မရတာ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်လေးတွေ
ရေရှည်ရပ်တည်ဖို့ခက်ခဲတာ ဆိုတဲ့ကိစ္စတွေလည်း ဂျာနယ်တွေမှာရေးကြပါတယ်။
ဆင်းကတ်တွေဟာ ထုတ်မပေးတော့လည်း မပေးလို့၊ ပေးပြန်တော့လည်း
တရားဝင်ရောင်းခွင့်ရှိတယ်ဆိုတဲ့ ဆိုင်တွေမှာ တစ်ဝက်မကျိုးသေးဘူး ကုန်ပြီ။
သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သောအုပ်ချူပ်မှုဆိုတဲ့စကားကို
မီဒီယာပေါင်းစုံပေါ်မှာ ကျွန်တော်တို့ အဖန်ဖန်အလဲလဲကြားနေရပါတယ်။
လက်တွေ့မှာက ကြားတော်မူတဲ့အတိုင်းပါပဲ။ အောက်ခြေလူတန်းစားကိုင်ဖို့
အလွန်ဈေးကြီးနေသေးတဲ့ နှစ်သိန်းဖုန်းလိုဟာမှာတောင် ဒီလိုဖြစ်နေရင်
နောင်ထွက်လာမယ့် ပို၍ဈေးသက်သာတဲ့ ဖုန်းဆိုရင် ဘယ်လိုများရှိလေမလဲလို့
မတွေးရပါဘူး။ မိုဘိုင်းဖုန်းတွေဟာ (၂၁) ရာစုနှစ် လူနေမှုဘ၀ထဲ
မရှိမဖြစ်ပစ္စည်းပါ။ အခုအချိန်ထိ မိုဘိုင်းဖုန်းမကိုင်နိုင်သေးတဲ့
တိုင်းသူပြည်သားလူအများစုကြီးဟာ မိုဘိုင်း အိမ်မက်တွေ
မက်နေကြတုန်းဖြစ်ပါတယ်။
ရေးသားသူ -နောင်စိုး(ထားဝယ်)
Internet Journal |
No comments:
Post a Comment