menu

Saturday 30 June 2012

နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော် အတည်ပြု




 w55_08
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အထက်လွှတ်တော်၏ အတည်ပြုခြင်းခံရသော ဒဲရစ်မစ်ချယ်အား ၂၀၁၂၊ မတ်လ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုခဲ့သည်။

လက်ရှိ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်ကို အမေရိကန် ပြည်ထောင်စု သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး အဖြစ် မေလ ၁၇ ရက်နေ့တွင်  အမည်စာရင်း သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံရန်အတွက်ဖြစ်ကြောင်း သိရသည်။


အမေရိကန် အထက်လွှတ်တော်က ဒဲရစ်မစ်ချယ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားမှုကို တစ်ညီတညွတ်တည်း သဘောတူခွင့်ပြုခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ ဒဲရစ်မစ်ချယ်က အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ရှေ့မှောက်တွင် ဇွန်လ ၂၇ ရက်နေ့က သက်သေထွက်ဆိုခဲ့သည်။

အဆိုပါ သက်သေထွက်ဆိုမှုအတွင်း ဒဲရစ်မစ်ချယ်က ''ပြီးခဲ့တဲ့နှစ်အတွင်း အရေးပါဆုံး တိုးတက်ဖြစ် ထွန်းမှုလို့ ပြောနိုင်တာကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား မိတ်ဖက် တိုးတက် ခိုင်မာလာခြင်းပါပဲ။ သမ္မတ ဦးသိန်းစိန်ဟာ အာဂပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ထူးခြားတဲ့ သူ့ရဲ့အမြင်နဲ့ ဦးဆောင်မှု၊ ပြီးတော့ ပြီးခဲ့တဲ့နှစ်အတွင်း သူနဲ့ အစိုးရအဖွဲ့ထဲက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ လှမ်းခဲ့ကြတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို အသိအမှတ်ပြုဖို့ ကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဒီလုပ်ဆောင်မှုတွေက ရဲရင်တဲ့ မြန်မာလူမျိုး သန်းပေါင်းများစွာရဲ့ ရည်မှန်းချက်တွေ၊ တကယ့် စွန့်လွှတ် အနစ်နာခံမှုတွေကို ရှင်းရှင်းလင်းလင်း ထင်ဟပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အနေနဲ့ ဘာမှ ထင်ယောင်ထင်မှား ဖြစ်စရာ မရှိပါဘူး။ ၀န်ကြီး ကလင်တန် သတိပြုမိသလိုပါပဲ ပြုပြင်ပြောင်းလဲမှုက နောက်ကြောင်းပြန်လို့ မရတာ မဟုတ်ပါဘူး။ ဆက်လက်ဖြစ်ထွန်းနေတဲ့ ဒီမိုကရက်တစ် အပြောင်းအလဲကိုလည်း ရှောင်လွှဲလို့ မရတာ မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို ဆက်လက် ထိန်းသိမ်းထားတာ၊ အရင်ကလွှတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်ပူပန်နေတုန်းပါ။ တရားဥပဒေစိုးမိုးမှု ရှိဖို့ လွတ်လပ်ပြီး ထိရောက်တဲ့ တရားစီရင်ရေးရှိဖို့ လို အပ်ပါတယ်။ နိုင်ငံ့အရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးရဲ့ အစဉ်အလာ ဒီမိုကရက်တစ်စံတွေနဲ့ ကိုက်ညီမှု မရှိပါဘူး'' ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် လက်ရှိ နယူးယောက်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော သံအမတ်ကြီး ဦးသန်းဆွေကို ခန့်အပ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် တွေ့ဆုံအပြီး မေလ ၁၇ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့သည်။

အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးထားရှိခြင်း မရှိဘဲ သံရုံးယာယီတာဝန်ခံသာ ထားရှိခဲ့သည်။ အမေရိကန် သမ္မတ ဘာရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၄င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis