menu

Saturday 30 June 2012

ကွန်ပျူတာမောင်းနှင်စနစ် Linux တီထွင်သူနှင့် ပင်မကလာပ်စည်း သုတေသနပညာရှင်တို့ ယူရို ၁ ဒသမ ၂ သန်းတန်ဖိုးရှိ ထောင်စုနှစ် နည်းပညာဆု ပူးတွဲဆွတ်ခူး



အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်(ယာ)နှင့် ဂျပန်မှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့အား ဇွန်လ ၁၃ ရက်က တွေ့ရစဉ်
အခမဲ့အသုံးပြုနိုင်သော ကွန်ပျူတာ မောင်းနှင်စနစ် Linux တီထွင်သူ အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်နှင့် ဂျပန်နိုင်ငံမှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့သည် ဖင်လန်နိုင်ငံမှ ချီးမြှင့်သော ယူရို ၁ ဒသမ ၂ သန်း တန်ဖိုးရှိ ထောင်စုနှစ်နည်းပညာဆုကို ပူးတွဲ ဆွတ်ခူးသွားခဲ့သည်။

ယနေ့အခါတွင် လူသန်းပေါင်းများစွာက Linux စနစ်သုံး ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ ဒစ်ဂျစ်တယ် ဗီဒီယိုမှတ်တမ်းတင်စက်များကို အသုံးပြုနေကြသည့် လင်းနပ်စ်တော်ဗဲလ်စ်၏ အောင်မြင်မှုသည် မျှဝေသုံးစွဲနိုင်သော ဆော့ဖ်ဝဲဖွံ့ဖြိုးမှု၊ ကွန်ရက်ဆက်သွယ်မှုနှင့် ကွန်ရက်၏ လွတ်လပ်ပွင့်လင်းမှုအပေါ်တွင် ကြီးစွာသော သက်ရောက်မှုရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်သည်။

ယာမာနာကာမှာမူ ဆေးပညာ သုတေသနအတွက် မရင့်ကျက်သေးသော ပင်မကလာပ်စည်းများကို ဖန်တီးနိုင်သည့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယာမာနာကာက တွေ့ရှိခဲ့သော နည်းသစ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များမှာ ဆေးဝါးသုတေသနအတွက် အဆင်ပြေလာခဲ့ပြီး အနာဂတ်တွင် ကင်ဆာကဲ့သို့ ရောဂါများ ကုသရေးနှင့် အစားထိုး တစ်သျူးများ ဖန်တီးရာတွင် အဆင်ပြေစေရန် လမ်းဖွင့်ပေးခဲ့ကြောင်း ဆုရွေးချယ် ရေးအဖွဲ့က သုံးသပ်သည်။
၂၀၀၂ ခုနှစ်က စတင်ဖန်တီးခဲ့ပြီး ဖင်လန်အစိုးရနှင့် ဖင်လန်နည်းပညာ အကယ်ဒမီက ပံ့ပိုးပေးထားသည့် ယင်းဆုကို ၂၀၀၄ ခုနှစ်တွင် World Wide Web တီထောင်သူ တင်ဘာနာလီးက စတင်ရရှိခဲ့သည်။
နှစ်နှစ်လျှင် တစ်ကြိမ်ချီးမြှင့်သည့် ယင်းဆုကို ၂၀၁၂ တွင် ပထမဆုံးအကြိမ်အဖြစ် ပညာရှင်နှစ်ဦး ပူးတွဲရရှိခဲ့ခြင်းလည်းဖြစ်ပြီး ဆုကြေး ယူရို ၁ ဒသမ ၂ သန်းကို ခွဲယူကြရမည်ဖြစ်သည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis