menu

Saturday 30 June 2012

ဟိုတယ်အခန်းခ နှုန်းထားများ မြင့်တက်လာမှုကြောင့် အသေးစားနှင့် အလတ်စား ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်ရန် ခက်ခဲလာမှုအား နိုင်ငံတော်သမ္မတထံ တင်ပြ



မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့်အတူ ဟိုတယ်အခန်းခနှုန်းထားများသည်လည်း လိုက်ပါမြင့်တက်လာခဲ့ကာ ယခုအခါတွင် ယင်းသို့ ဈေးနှုန်းမြင့်တက်လာမှုက ခရီးသွားလုပ်ငန်း အသေးစားနှင့် အလတ်စားများ ဆက်လက်ရှင်သန်ရပ်တည်ရန် ခက်ခဲလာသည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိပါသည်။
ယင်းအနေအထားများကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေများအား နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တင်ပြခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာလှည့်ခရီးသည် တည်းခိုလိုမှုအပေါ် အခန်းရရှိရန် အခက်အခဲရှိသည့် အနေအထားတွင် ဟိုတယ်များ၊ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်များသည် အခန်းခဈေးနှုန်းများအား ယခင်နှစ်ကနှင့်စာလျှင် ၃၀၀ ရာခိုင်နှုန်းအထိ မြှင့်တင်၍ ခရီးသွားလုပ်ငန်းများအား ရောင်းချလျက်ရှိကြောင်း အဆိုပါတင်ပြမှုတွင် ဖော်ပြထားသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအကြား နှစ်စဉ် စာချုပ်ချုပ်ဆို လုပ်ကိုင်လေ့ရှိသော်လည်း ယခုအခါ စာချုပ်ချုပ်ဆိုရန် ခက်ခဲလာခြင်း၊ အသေးစားနှင့် အလတ်စား ခရီးသွားလုပ်ငန်းများသို့ စာချုပ်ဈေးနှုန်း မပေးခြင်း၊ အခန်းခကြိုတင်ငွေ (Deposit) တောင်းခံ၍ ပေးထားနိုင်သောကုမ္ပဏီများနှင့်သာ စာချုပ်ချုပ်ခြင်း၊ စာချုပ်ရာတွင် တစ်နှစ်သက်တမ်းရှိ စာချုပ်အစား လပိုင်းသာ သက်တမ်းရှိသည့် တစ်ဖက်သတ် Proposal ပေး၍ စာချုပ်များကိုသာ ချုပ်ဆိုစေခြင်း ပြုလုပ်နေကြောင်း၊ စာချုပ်ပါဈေးနှုန်းများကိုလည်း အချိန်မရွေး ဖုန်းဖြင့် ပြောင်းလဲလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များ တင်ပြသည့်စာတွင် ဖော်ပြချက်အရ သိရှိရသည်။
ခရီးသွားလုပ်ငန်းများက Booking တင်သည့်အခါတွင် နိုဝင်ဘာလအထိ အခန်းပြည့်နေကြောင်း ပြောကြားပြီး ပြည်ပမှ ခရီးသွားလုပ်ငန်းရှင်များက Online တွင် ဟိုတယ်အခန်းများ ၀ယ်ယူလိုပါက ရရှိနေ ကြောင်းလည်း သိရှိရသည်။
အဆိုပါ တင်ပြမှုတွင် အသေးစားနှင့် အလတ်စားခရီးသွားကုမ္ပဏီ ၃၀ ကျော် ပါဝင်ခဲ့သည်။
ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အချက်အလက်များတွင် အခန်းခဈေးနှုန်းများ သတ်မှတ်ရာတွင် အာဆီယံနိုင်ငံများ၏ ဈေးနှုန်းများအား အခြေခံ၍ပေးနိုင်သော ၀န်ဆောင်မှုနှင့်အညီ ဈေးနှုန်းကိုသာ သတ်မှတ်တောင်းခံရေးအတွက် ညှိနှိုင်းပေးရန်၊ တစ်ကြိမ်တည်းသော မူလစာချုပ် အတည်ဖြစ်စေရန်၊ ခရီးသွားကုမ္ပဏီ အကြီးများအား စာချုပ်ပေးသည့်နည်းတူ အလတ်စားနှင့် အသေးစားခရီးသွားလုပ်ငန်းများအား လုပ်သာကိုင်သာရှိမည့် ဈေးနှုန်းဖြင့် စာချုပ်ပေးနိုင်ရေး ညှိနှိုင်းပေးရန် စသည်တို့ ပါဝင်ခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis