menu

Saturday 30 June 2012

သီတာဆီးပါလို့ တောင်ကြီးတွေကာ(နီမင်းဆွေ)





  အခုတလော ကိုယ်တို့နိုင်ငံမှာ ဆက်တိုက်ဖြစ်ပေါ်လာနေတဲ့ အဖြစ်အပျက်တွေကြောင့် ရင်ထဲမှာ ခံစားချက်မျိုးစုံကို ရောပြွမ်းပြီး ခံစားနေရပါတယ်။ အဲဒီလို ခံစားရမှုတွေဟာ စိတ်သက်သာစရာမရှိလို့ ကိုယ့်ဘ၀ရဲ့ အတိတ်ကာလတုန်းကရော အဲသလို ဖြစ်ခဲ့ဖူးတာမျိုး ရှိသလားလို့ ပြန် တွေးကြည့်မိပါတယ်။ အဲဒီအခါ ကိုယ့်ဘ၀တစ်လျောက်လုံးမှာ ပျော်ခဲ့ရတဲ့ အချိန်တွေက နည်းပြီး သိမ်သိမ်ငယ်ငယ်ခံစားနေရတဲ့ အချိန်တွေကသာ များခဲ့ပါလားဆိုတာကို သတိထားလာမိပါတယ်။ အဲသလို ကိုယ့်ဘ၀ဇာတ်ကြောင်းကို ပြန်လည်စဉ်းစားမိရင်းနဲ့ ငယ်စဉ်တုန်းက သင်ယူ လေ့လာခဲ့ဖူးတဲ့ ကမ္ဘာ့အရှေ့ဖျား ရာဇ၀င်ထဲက ဂျပန်နိုင်ငံအကြောင်းကိုလည်း သတိရမိပါတယ်။
ဂျပန်နိုင်ငံဟာ ၁၆၄၀ ပြည့်နှစ်မှာ ကမ္ဘာနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပြီး တံခါးပိတ်ထားလိုက်ပါတယ်။
တံခါးပိတ်ပုံပိတ်နည်းများ ဘယ်လောက်ထိ ပြတ်သားလိုက်သလဲဆိုရင် နိုင်ငံခြားသားတစ်ယောက် ဂျပန်ပြည်ထဲ ၀င်လာရင် သတ်ပစ်ပြီး နိုင်ငံခြားထွက်သွားတဲ့ ဂျပန်တစ်ယောက် ဂျပန်ပြည်ထဲကို ပြန်ဝင်လာရင်လည်း သတ်ပစ်ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာလည်း နိုင်ငံခြားကို ကူးသန်းသွားလာနိုင်တဲ့ သင်္ဘောမျိုးကို တည်ဆောက်ခွင့် မပေးတော့ဘဲ ဂျပန်ပြည်ထဲမှာပဲ ဆိပ်ကမ်းမြို့တစ်မြို့ကနေ တစ်မြို့ကို ကူးသန်းသွားလာနိုင်မယ့် သင်္ဘောငယ်လေးတွေကိုသာ တည်ဆောက်ခွင့် ပြုခဲ့ပါတော့တယ်။

ဒါ့ကြောင့် ဂျပန်နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ အဆက်အသွယ်မရှိတော့ဘဲ တောပျော်ရသေ့လို အထီးကျန်နိုင်ငံ ဖြစ်သွားပါတော့တယ်။ နိုင်ငံခြားသားတွေ မလာရတော့လို့ သူတို့နဲ့ သဘောကွဲလွဲပြီး ငြင်းခုံရတာမျိုးတွေ မရှိတော့တဲ့အတွက် နားအေးပါးအေး နေနိုင်ရုံမက ပြည်တွင်းမှာလည်း ဆူပူသောင်းကျန်းမှုမရှိဘဲ စစ်မက်ကင်းရှင်းသွားလို့ အဲဒီခေတ်ကို 'အလွန်ငြိမ်းချမ်းသောခေတ်'(The Great Peace) လို့ ခေါ်ကြပါတယ်။
အဲဒီခေတ်မှာ ထူးခြားတာတစ်ခုက တိုင်းပြည် အေးချမ်းငြိမ်သက်ပြီး မှူးမျိုးမတ်နွယ် အထက်တန်းစားတွေသာမဟုတ်ဘဲ စစ်သားလူတန်းစားဖြစ်တဲ့ ဆာမူရိုင်းတွေပါ စာပေကို လေ့လာလိုက်စားကြတာပဲ ဖြစ်တယ်။ အနုပညာနဲ့ စာပေအရေး အသားကို ဂျပန်ပြည် တစ်ပြည်လုံး လေ့လာလိုက်စားခဲ့ကြပါတယ်။ အဲဒီအချက်ဟာ နောင်တစ်ချိန်မှာ ဂျပန်နိုင်ငံရဲ့အသက်ကယ်ဆေး ဖြစ်လာတာကိုလည်း တွေ့ရှိရပါတယ်။
၁၈၅၃ ခုနှစ်မှာတော့ အမေရိကန်ရေတပ် ဗိုလ်ချုပ်'မတ်သယူး စီပယ်ရီ'(Commodore Matthew C. Perry) ဟာ  စစ်သင်္ဘော ၄ စင်းနဲ့ ဂျပန်ကိုလာပြီး တံခါးဖွင့်ပေးဖို့ သ၀ဏ်လွှာ ပေးခဲ့ပါတယ်။ အမေရိကန် စစ်သင်္ဘောတွေနဲ့ သင်္ဘောတွေပေါ်မှာပါလာတဲ့ အမြောက်တွေကို တစ်ခါမှ မမြင်ဖူးကြတဲ့ ဂျပန်တွေဟာ ဆောက်တည်ရာ မရလောက်အောင် ကြောက်ရွံ့ထိတ်လန့်သွားကြပြီး ဟိုပြေးဒီပြေးပြေးနေကြလို့ ထိန်းလို့တောင် မရခဲ့ပါဘူး။ နောက်နှစ် ၁၈၅၄ ခုနှစ်မှာ စစ်သင်္ဘော ၇ စင်းနဲ့ ရေတပ်ဗိုလ်ချုပ်'ပယ်ရီ' နောက်တစ်ကျော့ ပြန်လာတဲ့အခါမှာ တောင်းဆိုထားတာတွေကို မလိုက်လျောဘဲခံချဖို့ အင်အားမရှိတဲ့အတွက် တံခါးဖွင့်ပေးဖို့ စာချုပ်ကို တစ်ခါတည်း လက်မှတ်ထိုးလိုက်ရပါတယ်။ အမေရိကန်နဲ့ လက်မှတ်ထိုးလိုက်ရတော့ ကျန်တဲ့ ရုရှား၊ ပြင်သစ်၊ ဒတ်ခ်ျတို့ကပါ အခွင့်အရေးတွေ ၀ိုင်းတောင်းကြလို့ မလွှဲမရှောင်သာတဲ့အတွက် အကုန်လုံးကို လိုက်လျောပြီး စာချုပ်တွေ ချုပ်ပေးလိုက်ရပါတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေအနေနဲ့ သူတို့နိုင်ငံရဲ့ အပြင်ဘက်ထွက်ပြီး ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက် အရာရာဟာ ကိုယ့်ထက်သာနေပြီး လူတကာကကိုယ့်ကို အထင်သေးနေ ကြတာကိုလည်း တွေ့လိုက်ရပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်ဟာ ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ဂျပန်လူမျိုးတွေ တကယ့်ကို သိမ်သိမ်ငယ်ငယ် ခံစားခဲ့ကြရတဲ့အချိန်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။
ဒီလို အရှေ့ဖျားရာဇ၀င်အကြောင်း ပြန်ပြောင်းတွေးလိုက်မိတဲ့ အချိန်မှာ ကိုယ့်နိုင်ငံရဲ့လက်ရှိ အခြေအနေဟာလည်း ဂျပန်နိုင်ငံရဲ့ မေဂျိပြုပြင် ပြောင်းလဲရေးနဲ့ ထပ်တူထပ်မျှ မဟုတ်တောင်မှ အတော်တူနေတာကို သတိထားလာမိပါတယ်။ ကိုယ်တို့နိုင်ငံဟာ ၁၉၆၂ ခုနှစ်လောက်ကစပြီး တံခါးပိတ်ခဲ့တာလို့ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။ မှတ်မှတ်ရရ အဲဒီအချိန်ကစပြီး တစ်စတစ်စနဲ့ နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်တောက်လာခဲ့လိုက်တာ နောက်နှစ် အစိတ်လောက်ကြာတဲ့အခါ လုံးဝ အဆက်အသွယ် မရှိတော့သလောက်နီးပါး ဖြစ်သွားပါတော့တယ်။ နိုင်ငံ ခြားက ဘာပစ္စည်းမှ ကိုယ့်နိုင်ငံထဲ တရားဝင် ၀င်လာတာကို မတွေ့ရတော့ပါဘူး။ ၁၉၈၆ ခုနှစ် ပြည်မြို့မှာ ကိုယ်တာဝန်ထမ်းဆောင်နေစဉ်တုန်းက နိုင်ငံခြားကပစ္စည်းတွေကို ကြိုက်သလို မှာယူသုံးစွဲနိုင်တဲ့ အထက်တန်းလွှာ မိသားစုတစ်စုထဲက မိန်းမရွယ် တစ်ယောက် အခုကားတွေထဲမှာ ထည့်ထားလေ့ရှိကြတဲ့ တစ်ရှူးဘူး တစ်ဘူးကိုင်လာတာကို အထူးအဆန်းအဖြစ် လူတွေဝိုင်းကြည့်ခဲ့ကြတာကို အခုထိ အမှတ်ရနေပါသေးတယ်။ ကမ္ဘာပေါ်မှာ အဲဒီလို တစ်ရှူးဘူးမျိုး သုံးစွဲနေကြတာကို ကိုယ်တို့တစ်တွေ သိမှ မသိကြဘဲဟာကိုး။ အဲဒီခေတ်မှာတုန်းက ကိုယ့်နိုင်ငံထဲကို ၀င်လာတဲ့ နိုင်ငံခြားသား မရှိသလောက် ရှားသလို မြန်မာနိုင်ငံသားတစ်ယောက် နိုင်ငံခြားကို ထွက်ဖို့ဆိုတာဟာလည်း လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။ ဂျပန်နိုင်ငံမှာလို သတ်ပစ်တာမျိုး မရှိပေမယ့် အ၀င်အထွက်ကို တင်းကျပ်ခဲ့ပုံချင်းကတော့ သိပ်မကွာလှပါဘူး။ ကိုယ့်နိုင်ငံက နိုင်ငံခြားပညာတော်သင် အရွေးခံရသူတွဟာ ကိုယ်ပညာတော်သင် သွားရမယ့် နိုင်ငံရဲ့မြေကို နင်းမိမှ ဟင်းချနိုင်ကြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံခြားကိုသွားပြီး ပညာသင်ရမယ့်အရေးဟာ အလွန်တရာမှ နတ်ကြီးပြီး လေယာဉ် အပေါက်ဝရောက်မှ နောက်ကနေ အပြေးအလွှား လိုက်ခေါ်လို့ လေယာဉ်ပေါ်က ပြန်ဆင်းပြီး မသွားရတော့တဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ကြလို့ပါပဲ။ နောက်ပြီး ကိုယ်တို့နိုင်ငံ တံခါးပိတ်ထားခဲ့စဉ်တုန်းက နေခဲ့ရတဲ့ ပုံစံမျိုးနဲ့ ဂျပန်လူမျိုးတွေ နှစ်ပေါင်း ၂၀၀ လောက် တံခါးပိတ်ပြီး နေခဲ့ကြစဉ်တုန်းက ပုံစံမျိုးဟာ စိတ်ချမ်းသာရပုံချင်း ဘယ်လောက် ကွာခြားမလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ကိုယ်တို့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး ငယ်ရွယ်စဉ် အချိန်ကာလဖြစ်တဲ့ အဲဒီနှစ် ၅၀ အတွင်း နေခဲ့ရတဲ့ဘ၀ဟာ(The Great Peace) မဟုတ်ဘဲ ဘယ်လိုကာလမျိုးတွေသာ ဖြစ်နိုင်မယ်ဆိုတာ ပြန်ပြောပြနေစရာလည်း လိုတော့မယ် မထင်ပါဘူး။ ဒါ့ကြောင့် ကိုယ်တို့တစ်တွေအတွက်ကတော့ အဲဒီခေတ်ကို ပြန်ရောက်သွားရမှာနဲ့စာရင် 'သေသော်မှတည့် သြော် ကောင်း၏' ပါပဲ။
ဂျပန်နိုင်ငံ တံခါးဖွင့်ပေးလိုက် ရပြီးတဲ့နောက် 'ရှိုးဂွန်း'အစိုးရ ပြုတ်ကျသွားပြီး 'မေဂျိ'ဘုရင် (Meiji) နန်းတက်လာပါတယ်။ သူ့လက်ထက်မှာ စစ်ရေးအုပ်ချုပ်ရေး စီးပွားရေးနဲ့ ပညာရေးစနစ် စတာတွေကို အကုန် ပြောင်းလဲပစ်လိုက်ပါတယ်။ ပါလီမန်လွှတ်တော် ဖွဲ့စည်းလိုက်ပါတယ်။ ဂျပန်နိုင်ငံ တံခါးပိတ်ထားစဉ်အတွင်းမှာ ဘုန်းတော်ကြီးကျောင်းတွေက စာသင်ပေးထားလို့ လူတွေ ၉၀ ရာခိုင်နှုန်းကျော် စာတတ်နေကြတာရယ် တစ်နိုင်ငံလုံး စာပေတွေ လေ့လာလိုက်စားခဲ့ကြပြီး လူတိုင်းအသိဉာဏ် ပွင့်လင်းနေကြတာတွေရယ်ဟာ ဂျပန်နိုင်ငံကို ကံကောင်းသွားစေတဲ့ အချက်ပါပဲ။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ လူတွေစာမတတ်ရင် အသိဉာဏ် ပွင့်လင်းမနေရင် ဘာမှ လုပ်မရပါဘူး။ ဒါ့ကြောင့် ကိုယ်တို့တစ်တွေဟာ ခုချိန်မှာ အစဉ်သဖြင့် အသိဉာဏ် ပွင့်လင်းနေဖို့ အထူးလိုအပ်ပါတယ်။ အသိဉာဏ် ပွင့်လင်းနေရင် နိုးကြားမှုနဲ့ ညီညွတ်မှုဆိုတာတွေလည်း နောက်က အလိုလို ပါလာကြမှာပါ။
အရင်ကတော့ အဲဒီလို အသိဉာဏ် မပွင့်လင်းခဲ့သလို ကျောင်းတွေမှာ အရေးကြီးတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အလေးပေးပြီး သင်တဲ့နေရာမှာလည်း အားနည်းခဲ့ပုံရပါတယ်။ ကိုယ့်ဆရာတစ်ယောက်က ကျောင်းစာသင်ခန်းတွေဟာ ကျောင်းသား တစ်ယောက်ကို စာမေးပွဲအောင်အောင် လုပ်ပေးဖို့ထက် လူတစ်ယောက်ဖြစ်အောင် လုပ်ပေးဖို့က ပိုအရေးကြီးတာကွလို့ မကြာခဏ ပြောခဲ့ဖူးပါတယ်။ ကိုယ်တို့တစ်တွေရဲ့ စာသင်ကျောင်းတွေဟာ ကိုယ်တို့နိုင်ငံသားတွေကို စိတ်ဓာတ်ကောင်းအောင် အသိဉာဏ်ထက်မြက်အောင် ရှေး ယခင်ကတည်းက လုပ်ပေးခဲ့ကြမယ်ဆိုရင် အခုကိုယ်တို့လက်ထက်မှာ ပေါက်ဆိန်နဲ့ ပေါက်နေရတဲ့ ပြဿနာတွေဟာ သူတို့လက်ထက်တုန်းက အပ်နဲ့ထွင်းလိုက်ရုံနဲ့ ပြီးသွားခဲ့ကြမှာ ဖြစ်တယ်။ ဒါတွေကို ပြောနေရတာကလည်း သူတို့ကို အပြစ်တင်ချင်လို့ မဟုတ်ပါဘူး။ ကိုယ်တို့လူကြီးတတွေ အသုံးမကျလို့ ကိုယ်တို့သားသမီးတွေ ပေါက်ဆိန်နဲ့ပေါက်ပြီး ဖြေရှင်းရမယ့် ပြဿနာမျိုးတွေနဲ့ ကြုံသွားရတဲ့အဖြစ်မျိုး ထပ်မဖြစ်စေချင်တော့လို့ ပြောနေရတာပဲ ဖြစ်တယ်။
အခုကိုယ့်နိုင်ငံမှာ အစစအရာရာ မပြည့်စုံသေးလို့ လိုအပ်ချက်တွေ ဘ၀င်မကျနိုင်စရာတွေ အများကြီးရှိ နေကြဦးမှာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း အလိုမကျတဲ့ ပြည်သူတွေအနေနဲ့ ရင်ထဲက ဆန္ဒတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖော်ထုတ်ခဲ့ကြတာကို အားလုံးက သဘောပေါက် လက်ခံ ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီလိုကိစ္စဟာ ကိုယ့်တိုင်းပြည်ထဲမှာ အပျော်တမ်းကန်တဲ့ ဘောလုံးပွဲတစ်ပွဲနဲ့ပဲ တူပါတယ်။ ကိုယ်တို့ဟာ အရာရာကို အခုမှ စကြရတာဖြစ်ပြီး ဟိုအရင်ကတော့ အခုလို အပျော်တမ်း ဘောလုံးပွဲလေး တစ်ပွဲလောက်ကိုတောင်မှ ကန်ခွင့်ရခဲ့ကြတာ မဟုတ်ပါဘူး။
အဲဒီ အပျော်တမ်းပွဲတွေကနေ နောင်တစ်နေ့နေ့မှာ နိုင်ငံတကာ ကြေးစားပွဲတွေကိုလည်း မလွှဲမသွေ ကန်ကြရဦးမှာဖြစ်တယ်။ အဲဒီလို နိုင်ငံတကာပွဲတွေမှာ ကန်ကြရပြီဆိုရင် တစ်ဖက်အသင်းဟာ ကြေးစား အတွေ့အကြုံများတဲ့အလျောက် ပရိယာယ် တအားကြွယ်နေတာကို တွေ့ လာရမှာဖြစ်တယ်။ ကိုယ့်ကို အားပေးမယ်လို့ ထင်ခဲ့တဲ့ ပွဲကြည့်စင်ပေါ်က တချို့ပရိတ်သတ်တွေဟာ တကယ့် အရေးအကြောင်းနဲ့ ကြုံလာတဲ့အခါ ကိုယ်တို့ကို အားမပေးကြတော့တာမျိုးတွေကိုလည်း အံ့သြစရာ အကောင်းဆုံးအဖြစ် တွေ့ကြုံလာရနိုင်ပါတယ်။ ကိုယ့်ဂိုးစည်းဘက်မှာ တစ်ဖက် အသင်းက အသေဖိတိုက်စစ်ဆင်လာလို့ ကိုယ်တို့တစ်တွေဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ ခြေမကိုင် မိလက်မကိုင်မိဖြစ်ပြီး ပြာနေတဲ့ အချိန်မျိုးမှာ တစ်ဖက်အသင်းကို အားပေးနေတဲ့ အဲဒီလူတွေရဲ့မြူးထူး တက်ကြွတဲ့အသံတွေကို လေထဲက နေကြားလာရနိုင်ပါတယ်။ အဲဒီလို ကြားလိုက်ရရင် စိတ်ပျက်တုန်လှုပ်မသွားဘဲ သြော်..ဒါဟာ ကြေးစားရဲ့ သဘောသဘာဝပဲပါလား၊ တကယ် အားကိုးရမှာက ကိုယ့်အချင်းချင်းသာဖြစ်ပါလား၊ ကိုယ့်အချင်းချင်း တစ်ဦးနဲ့တစ်ဦး အပေးအယူ မျှတနေပြီး အစဉ်နားလည်နေဖို့ကသာ အမှန်တကယ် အရေးကြီးပါလား၊ အငြင်းပွားနေရတဲ့ ပြဿနာမှန်သမျ ရဲ့အဖြေတွေဟာ စားပွဲတွေပေါ်မှာ သာရှိနေတတ်တာပါလားဆိုတဲ့ အသိတရားတွေနဲ့ သင်ခန်းစာယူ တတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီလိုကြေးစားဘောလုံးပွဲမျိုးမှာ နိုင်ငံ ကြီးတွေရဲ့ အားပေးကြပုံကိုလည်း လေ့လာမှတ်သားထားကြဖို့ လိုပါ တယ်။ သူတို့အားပေးပုံက ကိုယ့်စိတ်နေသဘောထားနဲ့ အံဝင်ခွင်ကျ ဖြစ်မနေတောင်မှ ဒီလောကထဲမှာ ကိုယ်တစ်သက်လုံး နေသွားရမှာမို့ သူတို့တစ်တွေ ဘာကို အလေးပေးလေ့ရှိတယ်ဆိုတာကို မှတ်သားပြီး သူတို့လည်း ကိုယ့်ကို အမြဲအားပေး နေအောင် ကိုယ်သွားလိုတဲ့ ခရီးကိုလည်း ရောက်အောင် ကြံဆောင်နေကြရမှာဖြစ်တယ်။

ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ လူတွေ စာမတတ်ရင် အသိဉာဏ် ပွင့်လင်းမနေရင် ဘာမှ လုပ်မရပါဘူး။ ဒါ့ကြောင့် ကိုယ်တို့တစ်တွေဟာ ခုချိန်မှာ အစဉ်သဖြင့် အသိဉာဏ် ပွင့်လင်းနေဖို့ အထူးလိုအပ်ပါတယ် . . .
ဒီလို ရေထဲမိုးထဲအချိန်မျိုးမှာ ကိုယ်တို့ဟာ ကိုယ်တို့ဘောလုံးအသင်းရဲ့ နှလုံးရည်နဲ့ လက်ရုံးရည်ကိုပဲ အားထားရမှာပါ။  ဒါ့ကြောင့် ဘယ်အရာမှာမဆို ခံစားချက်ကို ဦးစားပေးမယ့်အစား ဒါလုပ်ရင် ဘာဖြစ်သွားနိုင်မလဲ အဲဒီအခါကျတော့ ကိုယ်ဖြစ်ချင်တာတွေကို ဆက်လုပ်ဖို့ လွယ်ပါဦးမလားဆိုတဲ့ ဒုတိယအတွေးနဲ့ အရာရာကို ချိန်ဆပြီး လုပ်ကြရမှာ ဖြစ်တယ်။ ဒီလို နှလုံးရည်မျိုးမရှိခဲ့လို့ ရွှေပြည်တော် မျှော်တိုင်းဝေးသွားရတဲ့ဘ၀မျိုး အရောက်မခံနိုင်ပါဘူး။ မေဂျိဘုရင်ဟာ အသက် ၁၄ နှစ်နဲ့ ထီးနန်းစိုးစံပြီး ပြုပြင်ပြောင်းလဲရေးတွေ တောက်လျှောက်လုပ်ခဲ့ရာမှာ သူ့နိုင်ငံက ပြည်သူလူထုတွေ အသိဉာဏ် ပွင့်လင်းလာဖို့တစ်ခုကိုပဲ မျှော်လင့်တောင့်တခဲ့တာ ဖြစ်တယ်။
လောကမှာ 'မုဆိုးစိုင်သင်'ဆိုတဲ့ စကားရှိပါတယ်။ ဘယ်သူမှ မွေးလာကတည်းက အရာရာကို တတ်လာကြတာ မဟုတ်ပါဘူး။ ဒီအပျော်တမ်းပွဲတွေ ကြေးစားပွဲတွေက သင်ပေးလိုက်တဲ့ပညာတွေနဲ့ ကိုယ်လိုရာခရီးကို ရောက်အောင် သွားကြရမှာပါ။ လူပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ဖြစ်အောင် မြင်ကာနီးလာလေလေ အခက်အခဲပြဿနာတွေ ပိုများလာပြီး အဲဒီပြဿနာတွေဟာလည်း အကြီးကြီးတွေ ဖြစ်နေတတ်လေ့ရှိတယ်ဆိုတာကိုလည်း မမေ့ကြစေချင်ပါဘူး။
နောက်ပြီး အဆင်မသင့်ရင် ကိုယ်တို့အသင်းထဲမှာ ခံယူချက်ပြင်းပြပြီး အများနဲ့လည်း အတွေးအခေါ်မတူတဲ့ ဘောလုံးသမား တစ်ယောက်တလေလည်း ပါကောင်းပါလာနိုင်လို့ ကိုယ့်ဆယ့်တစ်ယောက်ထဲက ဖောက်လာနိုင်မယ့်လူရဲ့ အန္တရာယ်ကိုလည်း ကြိုတင်ပြီး သတိထားကြရမှာဖြစ် တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘာ့ကြောင့်ပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်(၅၀)က သိမ်သိမ်ငယ်ငယ် ခံစားခဲ့ကြရတဲ့ဘ၀ကို ဘယ်လိုမှ ကိုယ်တို့ ပြန်အရောက်မခံနိုင်ကြလို့ ဖြစ်တယ်။ ကိုယ့်တို့ဟာ ခုလိုပဲ ကစားရင်း ကစားရင်းနဲ့ အသင်းလိုက်အချင်း ချင်းနားလည်မှုရှိလာပြီး ပူးပေါင်းဆောင်ရွက်မှု ရလာရာက မကြာခင် ဘောလုံးကစားရတာလည်း ပျော်စရာကောင်းလာမှာပါ။ ဒါ့ကြောင့် ကိုယ်တို့ အသင်းသားတွေအားလုံး ဉာဏ်အလင်းရပြီး နှလုံးရည်ပြည့်ဝ နေကြသရွေ့ ကိုယ့်တို့ရဲ့ ရှေ့ဆက်ရမယ့် ခရီးမှာမြစ်ကြီးတွေဆီးပြီး တောင်ကြီးတွေ ကာနေဦးမယ်ဆိုရင်တောင်မှ အရေးစိုက်နေစရာ လိုမယ်မထင်ပါဘူး။
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis