menu

Wednesday 16 May 2012

နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမ္မတလီမြောင်ဘတ် နှစ်ရက်ကြာလာရောက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေး




နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ်
နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦးအဖြစ် သမ္မတလီမြောင်ဘတ် သည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၁၉၈၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသမ္မတတစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

တောင်ကိုရီးယားသမ္မတလီ မြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံမှုရှိစေရန်အတွက် မြန်မာနိုင်ငံဘက်မှ လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးများ တင်းကျပ်စွာချထားသည်ကိုလည်း ခရီးစဉ်မတိုင်မီကတည်းက တွေ့ရှိခဲ့ရသည်။


တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက် လည်ပတ်ခြင်းဖြစ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေးရန်ရည်ရွယ်သည့် ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သမ္မတလီမြောင်ဘတ်သည် မေလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် အပြောင်းအလဲ ခေတ်သစ်သို့ ချဉ်းနင်းဝင်ရောက်နေပြီဟု ယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံတွင် အမှန်တကယ် ဖြစ်ထွန်းနေသည်များကို ပိုမိုနားလည်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးနှင့် စက်မှုထွန်းကားရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတွင် အသိအမှတ်ပြုခံထားရကြောင်း၊ မြန်မာနိုင်ငံသည်လည်း တောင်ကိုရီးယားနှင့် အလားသဏ္ဌာန်တူသည့် လမ်းကြောင်းကို လျှောက်လှမ်းနေသည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာပြည်သူများသည် ပိုမိုကောင်းမွန်သော အလားအလာများနှင့် ပိုမိုကောင်းမွန်သော ဘ၀တို့ကိုရရှိမည်ဟု ယုံကြည်ပါကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီး ကိုရီးယားအစိုးရကလည်း နှစ်ဆတိုး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သမ္မတလီက ပြောကြားခဲ့သည်။
မေလ ၁၄ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ကိစ္စရပ်များစွာ ဆွေးနွေးခဲ့ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆခံရနိုင်သော မြောက်ကိုရီးယားနိုင်ငံနှင့် မည်သို့သော တွေ့ထိဆက်ဆံမှုမျိုးမဆို မြန်မာအစိုးရက ရှောင်ကြဉ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သမ္မတလီမြောင်ဘတ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပညာရေး၏ အရေးကြီးပုံကို ဆွေးနွေးခဲ့ကြောင်း၊ တောင်ကိုရီးယား၏ ဒီမိုကရေစီအောင်မြင်မှုရသည့် အကြောင်းရင်းများတွင် ပညာရေးကို မမှိတ်မသုန် ယုံကြည်မြှုပ်နှံခဲ့ခြင်းက အဓိကကျခဲ့ကြောင်း၊ ထို့ပြင်ဖွံ့ဖြိုးမှုအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အဆုံးရှုံးမခံသင့်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပညာရေး၏ အရေးကြီးပုံကို ဆွေးနွေးခဲ့ကြောင်း၊ တောင်ကိုရီးယား၏ ဒီမိုကရေစီအောင်မြင်မှုရသည့် အကြောင်းရင်းများတွင် ပညာရေးကို မမှိတ်မသုန် ယုံကြည်မြှုပ်နှံ ခဲ့ခြင်းက အဓိကကျခဲ့ကြောင်း၊ ထို့ပြင် ဖွံ့ဖြိုးမှုအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အဆုံးရှုံးမခံသင့်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့နှစ်ဦးစလုံးက သဘောတူကြကြောင်း လီက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မိမိတို့သည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်မှု၊ တရားမျှတမှုတို့ကို တစ်ပြိုင်တည်း လိုချင်ကြောင်း၊ ပြည်သူများတွင် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်တို့ရှိမှ သာစစ်မှန်သော ဒီမိုကရေစီ ရရှိမည်ဖြစ်ကြောင်း၊ အစိုးရသည်ပြည်သူတို့လက်ထဲတွင် ရှိသည်ကို ပြည်သူ များနားလည်မှသာ စစ်မှန်သည့် ဒီမိုကရေစီရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၈၅ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတစ်ဦးသည် မြန်မာနိုင်ငံသို့ မေလ ပထမ ပတ်က နှစ်ရက်ကြာခရီးအဖြစ် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် တောင်ကိုရီးယားကုမ္ပဏီပေါင်း ၁၀၀ ခန့် လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပြီး ၇၀ ရာခိုင်နှုန်းခန့်မှာ အထည်ချုပ် လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၁ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၉၇၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတက်လာ ပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေမှုကြောင့် နိုင်ငံတကာခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့ အဆက်မပြတ် လာရောက် လည်ပတ်နေကြသည့်အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကိုလည်း ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်နေကြသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis