menu

Wednesday 16 May 2012

မနိုးပါစေနဲ့ ထမံသီကျား(ကိုဆူး(ချင်းတောင်ခြေ))

ဆည်ကြီးပြီးလို့ လျှပ်စစ်ဓာတ်အားတွေ ထွက်ရှိလာမယ်ဆိုရင် အိန္ဒိယနိုင်ငံက ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုမှာဖြစ်ပြီး မြန်မာနိုင်ငံက နှစ်ဆယ်ရာခိုင်နှုန်းပဲရမယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာ အိန္ဒိယနိုင်ငံက ထမံသီ ဆည်စီမံကိန်းတစ်ခုထဲသာ မဟုတ်ဘဲ ကနီမြို့နယ်အတွင်းက ရွှေစာရေး ဆည်စီမံကိန်းကိုလည်း ...



ထမံသီလို့ ပြောလိုက်ရင် လူစင်စစ်ကနေ ကျားဘ၀ကိုပြောင်းပြီး အမဲလိုက်တတ်တဲ့ ထမံသီကျားတွေရဲ့ အကြောင်းကို ကြားဖူးနားဝ ရှိကြမှာပါ။ ထမံသီကျေးရွာက အထက်ချင်းတွင်းက ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ နာဂတောင် တန်းလေရှီးမြို့ကို သွားရာလမ်းရဲ့အစ တံခါးဝပေါ့။ ရေခဲတွေ ဖုံးလွှမ်းနေတယ်ဆိုတဲ့ စာရာမေတိ တောင်တန်းကိုသွားမယ့် ခရီးရဲ့အစ။ သဘာဝ သားရဲတိရစ္ဆာန်တွေ ပေါများရာ၊ သဘာဝပေါက်ပင်တွေ ကြွယ်ဝရာ၊ ထမံသီ ဘေးမဲ့တောစသဖြင့် လူသိများခဲ့တဲ့ ထမံသီပါ။
၂၁-ရာစု ကာလမှာတော့ ထမံသီဟာလည်း ထမံသီဆည်နဲ့ပတ်သက်ပြီး လူသိများလာပါတယ်။ ထမံသီဆည်ဆိုပေမယ့် ထမံသီကျေးရွာရဲ့ အောက်လေဝေယန်ကျေးရွာဟောင်းနဲ့ တဇုံးကျေးရွာဟောင်းကြားမှာ ချင်းတွင်းမြစ်ကိုပိတ်ပြီး ဆည်အဖြစ် တည်ဆောက်ကြမှာပါ။ ကျွန်တော်လည်း ထမံသီ ဘေးမဲ့တော၊ ထမံသီကျားဆိုတာတွေထက် ထမံသီဆည်ကို ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။
မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်လိုက်ပြီဆိုတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူတွေ ဧရာဝတီမြစ်ကြီးအတွက် အရမ်းကိုဝမ်းသာခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီးကိုလည်း အထူး ကျေးဇူးတင်ခဲ့ကြပါတယ်။

''မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်လိုက်ပြီလို့ ကြားလိုက်တော့ ကျွန်တော်တို့လည်း အရမ်းဝမ်းသာသွားတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ချင်းတွင်းမြစ်က ထမံသီစီမံကိန်းရဲ့ အခြေအနေကို ကျွန်တော်တို့ တိတိကျကျ မသိရ။ ဘယ်လိုအခြေအနေမှန်းလဲ မသိ ရတော့ ကျွန်တော်တို့တွေ တော်တော်လေး စိုးရိမ်မိပါတယ်။ မီဒီယာတွေကလည်း ကျွန်တော်တို့ ချင်းတွင်းမြစ်နဲ့ ထမံသီစီမံကိန်းကို မျက်ကွယ်များ ပြုထားလေသလားလို့ စိတ်ထဲမှာ ထင်မိါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်နဲ့ တွက်ချက်မယ်ဆိုရင် ထမံသီဆည်ရဲ့ တည်နေရာက ကျွန်တော်တို့ မောင်းခမ်းကျေးရွာရဲ့ အထက်ပေ (၂၀၀)လောက်မှာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီအတွက် ကျွန်တော်တို့ ရတက်မအေးခဲ့ကြပါဘူး။ ဒီလောက်အမြင့်ရှိတဲ့ ဆည်ကြီးရဲ့အောက်မှာ ကျွန်တော်တို့ ဘယ်လိုစိတ်ချမှုနဲ့ အိပ်ပျော်စားဝင်မလဲ'' လို့ ပြောလာသူကတော့ မောင်းခမ်းကျေးရွာက ကိုမြသောင်းဆွေပါ။ သူရဲ့ ပူပင်မှုက ဘေးမှာစကားဝိုင်းဖွဲ့နေတဲ့ ကျွန်တော့်ကိုပါ ပူပင်လာစေတာ အမှန်ပင်။

ကျွန်တော်ကိုယ်တိုင် ထမံသီဆည်ရဲ့အကြောင်းတွေ သေသေချာချာ မသိ။ ဘယ်လိုပုံ ဘယ်လိုစခန်းနဲ့ သွားနေမှန်းလဲ မသိ။ သတင်းမှောင်ချတတ်တဲ့ခေတ်မှာ ကြိုးကြား ကြိုးကြား ဖတ်ရတဲ့ သတင်းအချက်အလက်တွေကို အမှီသဟဲပြု ပြောဆိုနေရပေမယ့် သူ့ရဲ့စိုးရိမ်မှုကို ကျွန်တော် မဖြေဖျောက်နိုင်။ ဆည်ကြီးသာ တည်ဆောက်ခဲ့ရင် ရေအောက်ရောက်သွားမယ့် ခန္တီးမြို့အပါအ၀င် ကျေးရွာတွေ ဘယ်လိုဘယ်ပုံ ပြောင်းရွှေ့ကြမှာပါလိမ့်။ ဆည်ရဲ့အောက်မှာနေတဲ့ ဒေသခံတွေလည်း ဘယ်လိုပုံ စိတ်ချမှုနဲ့ အိပ်စက်နိုင်ကြပါ့မလဲ။
မောင်းခမ်းရွာရဲ့ မနက်ခင်းက အေးအေးချမ်းချမ်း။ ကျွန်တော်အိပ်ရာထတဲ့အချိန်မှာ မောင်းခမ်းဈေးက ကွဲလုပြီ။ ဒီကနေ့မနက်ပိုင်းမှာ ထမံသီဆည် စီမံကိန်းလုပ်မယ့်နေရာကို သွားဖို့ ရှိပါတယ်။ ဟင်နောင်ကျေးရွာက တစ်ဆင့် စီမံကိန်းလုပ်မယ့်နေရာ(ယခင် တဇုန်းကျေးရွာဟောင်း)ကို သွားကြည့်ကြဖို့ပါ။ ဆိုင်ကယ်လမ်းဆိုပေမယ့်လည်း တချို့နေရာတွေက ဆိုင်ကယ်သွားသာရုံပါ။ လမ်းရယ်လို့ ပီပီသသမရှိ။ ပထမဆုံး ရောက်သွား တာက ဟင်နောင်ကျေးရွာကိုပါ။ အဲဒီရွာဟာ ထမံသီစီမံကိန်းအတွက် ပြောင်းရွှေ့စာရင်းမှာ ပါထားပြီးသား ရွာတစ်ရွာပါ။ ရွာအ၀င်မှာ ရှေးရှေးကတည်းက အသုံးပြုခဲ့တဲ့ အုတ်လှေခါးကြီးတစ်ခုကိုတွေ့လို့ ဒီရွာဟာ ရွာတည်နှစ် တော်တော်လေး ရှေးကျမယ့်ရွာ တစ်ရွာဖြစ်မယ်လို့ ယူဆရပါတယ်။
''ကျွန်တော်တို့ရွာက ပြောင်းရမယ့်စာရင်းမှာ ပါပြီးသားပါ။ မောင်းခမ်းရွာကို ပြောင်းမလား၊ ထမံသီရွာကို ပြောင်းမလားဆိုပြီး ဆန္ဒတောင်းခံထားတယ်။ ကျွန်တော်တို့က ဘယ်ပြောင်းချင်ပါ့မလဲ။ ဒါပေမယ့် ဆည်လုပ်မယ် ဆိုရင် ကျွန်တော်တို့ရွာက ဆည်ရဲ့အောက်ခြေတည့်တည့်မှာ။ လယ်တွေ၊ လက်ဖက်ခင်းတွေ ထားခဲ့ရမယ်လေ။ တဇုန်းရွာပြောင်းတုန်းကလည်း အဆင်မပြေမှုတွေက ကိုယ်တွေ့ မျက်မြင်ဆိုတော့ ဘယ်လိုလုပ် ပြောင်းချင်မှာလဲ''လို့ ဟင်နောင်ရွာက ဦးအုန်းသာက ပြောပါတယ်။
သူ့အိမ်မှာ ခဏနားပြီး စီမံကိန်း လုပ်မယ့်နေရာကို ဆက်ပြီးထွက်ခဲ့ကြပါတယ်။ လမ်းပေါ်ရောက်တော့ တဇုန်းကျေးရွာဟောင်းနေရာကို သူကပြတယ်။ ရွာက ရွှေပြည်အေးမြို့သစ်ကို ပြောင်းသွားကြပြီ။ ဆည်တည်ဆောက် မယ့် နေရာကို အပေါ်စီးက မြင်ချင်တယ်လို့ပြောတော့ ခြုံပုတ်တွေကြားက အဆောက်အဦလေးတစ်ခုကို ပြပါတယ်။ အဲဒီနေရာကနေ ဆည်ပိတ်တဲ့နေရာကို လက်ညိုးညွှန်ပြီး ပြပါတယ်။ တစ်ဖက်ကမ်းက ရှင်းလင်းဆောင်အပြာလေးရဲ့အောက်ဖက်ဟာ အရင်ကလေ ဝေယံရွာလို့ ဆိုပါတယ်။ သူတို့ရွာလည်း ရွှေပြည်အေးမြို့သစ်ကို ရွာလုံးကျွတ် ပြောင်းကြရတယ်လို့ သိရပါတယ်။

ဆည်ကြီးပြီးလို့ လျှပ်စစ်ဓာတ်အားတွေ ထွက်ရှိလာမယ်ဆိုရင် အိန္ဒိယနိုင်ငံက ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုမှာဖြစ်ပြီး မြန်မာနိုင်ငံက နှစ်ဆယ်ရာခိုင်နှုန်းပဲရမယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာ အိန္ဒိယနိုင်ငံက ထမံသီ ဆည်စီမံကိန်းတစ်ခုထဲသာ မဟုတ်ဘဲ ကနီမြို့နယ်အတွင်းက ရွှေစာရေး ဆည်စီမံကိန်းကိုလည်း ...

ရှင်းလင်းဆောင်ထဲက ထမံသီဆည်ကြီးရဲ့ အချက်အလက်အချို့ကို ပြောရရင် ဆည်ရဲ့ ရေဆင်းဧရိယာက (၁၆၇၈၀) စတုရန်းမိုင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ (၁၄၃၁၀) စတုရန်းမိုင်နဲ့ အိန္ဒိယနိုင်ငံအတွင်းမှာ (၂၄၇၀) စတုရန်းမိုင်ဖြစ်တယ်လို့ သိရပါတယ်။ ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာ(၅၃၉) စတုရန်းမိုင်ဖြစ်ပြီး၊  ပင်မတမံရဲ့အမြင့်က(၂၆၃)ပေဖြစ်ပြီး အလျားက(၇၇၇၀) ပေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဆည်ရေပေးဝေနိုင်မယ့် ဧရိယာက ဧကဆယ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ရေအားလျှပ်စစ်(၂၀၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် စက်(၆)လုံး တပ်ဆင်ထားမှာဖြစ်ပြီး တစ်နှစ်ကို ကီလိုဝပ် နာရီသန်းပေါင်း(၆၆၈၅)ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒီဆည်ကြီးကို အာရှရဲ့ ကျားလို့ နာမည်ကြီးတဲ့ အိန္ဒိယနိုင်ငံက ဒေါ်လာ သန်းသုံးထောင် အကုန်အကျခံကာ တည်ဆောက်မယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆည်ကြီးပြီးလို့ လျှပ်စစ်ဓာတ်အားတွေ ထွက်ရှိလာမယ်ဆိုရင် အိန္ဒိယနိုင်ငံက ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုမှာဖြစ်ပြီး မြန်မာနိုင်ငံက နှစ်ဆယ်ရာခိုင်နှုန်းပဲရမယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာ အိန္ဒိယနိုင်ငံက ထမံသီ ဆည်စီမံကိန်းတစ်ခုတည်းသာမဟုတ်ဘဲ ကနီမြို့နယ်အတွင်းက ရွှေစာရေးဆည်စီမံကိန်းကိုလည်း ပြုလုပ်ဖို့ အကြိုတိုင်းထွာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာ ဆည်ပိတ်ပြီး ရေကာတာတည်ဆောက်မယ့် စီမံကိန်းသုံးခု ရှိပါတယ်။ ထမံသီ၊ မော်လိုက်နဲ့ ရွှေစာရေးနေရာတွေပါ။
အဲဒီရှင်းလင်းဆောင်ဆိုတဲ့ နေရာကထွက်လာပြီးနောက်မှာ စီမံကိန်းဝင်းအတွင်းဖက်ကို ရောက်ရှိခဲ့ပါတယ်။ ၀န်ထမ်းအိမ်ရာ အများအပြားရှိပေမယ့် အစောင့်ဝန်ထမ်းတွေကလွဲလို့ ၀န်ထမ်းတွေ မရှိကြပါဘူး။ အိန္ဒိယနိုင်ငံ NHCP ကုမ္မဏီရဲ့နေရာကို တွေ့ရပေမယ့် လူသူမရှိတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထမံသီစီမံကိန်း အိပ်ပျော်နေတယ်လို့ ထင်မိပါတယ်။
အာရှတိုက်ရဲ့ကျားဖြစ်တဲ့ အိန္ဒိယနိုင်ငံက တည်ဆောက်မယ့် ထမံသီစီမံကိန်းကြီးက ခေတ်သစ်ရဲ့ ထမံသီ ကျားတစ်ကောင်လိုပါပဲ။ လောလောဆယ် ဒီထမံသီကျားကြီး အိပ်ပျော်နေတာကို အထက်ချင်းတွင်းဒေသခံတွေက ဘယ်သူကမှ မနိုးစေချင်။ မနိုးသောအိပ်ချင်း နဲ့သာ ရှိစေချင်ကြတယ်။  ရှေးတုန်းက ကြောက်ခဲ့ရတဲ့ ထမံသီကျားဆိုတာ လူတစ်ယောက်နှစ်ယောက်ကိုသာ အသက်ရှင်ရပ်တည်မှု ခြိမ်းခြောက်ပေမယ့် ၂၁ ရာစု ထမံသီ ကျားကြီးကတော့ ချင်းတွင်းမြစ်ဝှမ်းက ဒေသခံတွေရဲ့ လူနေမှုဘ၀ကို ချိန်းချောက်နေပါတယ်။ တကယ်လို့ ၂၁-ရာစု ထမံသီကျားကြီးသာ နိုးခဲ့မယ်ဆိုရင်ဆိုတဲ့ အတွေးတွေနဲ့ ခြောက်လှန့်မှုကို ဘယ်သူကများ ဖြေဖျောက်ပေးမှာပါလဲလို့။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis