menu

Wednesday 16 May 2012

လစာနည်းပါးသောကြောင့် လှိုင်သာယာစက်မှုဇုန် စက်ရုံသုံးရုံတွင် အလုပ်သမားများက တောင်းဆိုမှုများဖြစ်ပေါ်၊ သီတင်းနှစ်ပတ်အတွင်း အလုပ်သမားတောင်းဆိုမှု ငါးခုထိရှိလာ




ပုလဲစက်ရုံမှ အလုပ်သမားများ လစာနည်းမှုကြောင့် တောင်းဆိုသည့် စက်ရုံဝန်းကျင်မြင်ကွင်း
လုပ်ခလစာ နည်းပါးသောကြောင့် လှိုင်သာယာစက်မှုဇုန်၊ ဇုန်(၄)ရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံနှင့် ဇုန် (၅) ရှိ Global Footware  ဖိနပ်စက်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ စပယ်ပွင့် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြမှု စတင်ဖြစ်ပေါ်ခဲ့ပြီး အလုပ်ရှင်နှင့် ညှိနှိုင်းမှု မရရှိခဲ့သောကြောင့် မေလ ၁၅ ရက်နေ့အထိ အလုပ်သမားများ ဆက်လက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိကြောင်း၊ မေလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ပုလဲအထည်ချုပ်စက်ရုံနှင့် လှိုင်သာယာစက်မှုဇုန် (၅)ရှိ Global Footware ဖိနပ်စက်ရုံ၌လည်း အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


''ကျွန်မတို့ လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လခနဲ့ လုံးဝမမျှတလို့ ဒီလိုမျိုး ဆန္ဒပြရတာပါ။ ဒီနေ့ မနက်တော့ လုံးဝ မရတော့ဘူး။ အားလုံးအပြင်ကနေ အလုပ်ချိန်စတဲ့ မနက် ၈နာရီကတည်းက စက်ရုံအပြင်ကနေ ဆန္ဒပြနေတာပါ ''ဟု ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမတစ်ဦးက ပြောကြားခဲ့သည်။
ထိုနည်းတူ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ မဝေလွင်ကလည်း '' ၁၄ ရက်နေ့ မနက်ပိုင်းမှာ အလုပ်သမား ၄၄ ယောက် အပြင်ဘက်ကနေစပြီး ဆန္ဒပြတယ်။ ညနေ ၂ နာရီလောက် ကျတော့ အလုပ်ရှင်က အဲဒီဆန္ဒပြသူ ၄၄ ယောက်ကို အလုပ်ထုတ်မယ်ပြောတော့ မခံနိုင်တဲ့အတွက် အလုပ်သမတွေအားလုံး အပြင်ထွက် ဆန္ဒပြကြတယ်''ဟု ပြောကြားခဲ့သည်။
စပယ်ပွင့်နှင့် ပုလဲအထည်ချုပ်စက်ရုံများမှာ တရုတ်လူမျိုး သူဌေးတစ်ဦးတည်း ပိုင်ဆိုင်ပြီး အဓိကအားဖြင့် အခြေခံလစာမရရှိခြင်း၊ အထည်များအား ticket ဖြင့် ရှင်းပေးသော်လည်း ယင်းနှုန်းထားကို မသိရှိရခြင်းတို့ကြောင့် ဆန္ဒပြမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ညနေ ၂ နာရီဝန်းကျင်၌မူ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်ရှင်က အလုပ်သမများအား ၎င်းတို့ တောင်းဆိုသည့် ရှားပါးစရိတ် ၃၀၀၀၀ အစား ကျပ် ၁၀၀၀၀ နှင့် ဘောနပ်စ်ကြေး ကျပ် ၅၀၀၀ ပေးမည်ဖြစ်ကြောင်း၊ ယင်းနှုန်းထားကို အလုပ်သမားများ လက်မခံပါက ဆန္ဒပြရက် လေးရက်ကြာသည်အထိ အလုပ်ရှင်က ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် ဆန္ဒပြအလုပ်သမားများအား အလုပ်ဖြုတ်သည် သို့မဟုတ် စက်ရုံပိတ်သိမ်းသည်တို့ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူနှင့်အတူ ကြေညာခဲ့သည်။
''သူတို့ ပေးတဲ့နှုန်းထားကို လက်မခံနိုင်ပါဘူး။ ကျပ် ၁၀၀၀၀ တိုးပေးလည်း ဘယ်လိုမှ အဆင်မပြေပါဘူး။ ဘောနပ်စ်ကြေးဆိုတာကလည်း သူတို့လက်ထဲမှာ ရှိနေတာပဲ။ မေလ ၁၆ ရက်နေ့ကျရင်တော့ မရမ်းကုန်းမြို့နယ်က အလုပ်သမားရုံးရှေ့မှာ သွားဆန္ဒပြဖို့ စီစဉ်ထားပါတယ်''ဟု အလုပ်သမား ကိုယ်စားလှယ် မသီတာဦးက ပြောပြခဲ့သည်။
လှိုင်သာယာစက်မှုဇုန်(၅)ရှိ Global Footware  ဖိနပ်စက်ရုံ၌မှု မေလ ၁၅ ရက်မနက်ပိုင်းတွင် စက်ရုံတွင်း အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး စက်ရုံတွင်း၌ပင် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှု ရရှိခဲ့ ကြောင်း သိရသည်။ အလားတူ မေလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် လှိုင် သာယာစက်မှု ဇုန်(၄)ရှိ High Art (Hi Mo) ဆံပင်တုစက်ရုံနှင့် UNNO Myanmar Yes အထည်ချုပ် စက်ရုံများတွင်လည်းကောင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် သီးတင်းနှစ်ပတ်အတွင်း လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်သည်မှာ ငါးခုထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis