menu

Tuesday 10 April 2012

လွဲမှားသည့် လုပ်ထုံးလုပ်နည်းအချို့၊ မမျှတသည့် စည်းမျဉ်းအချို့ဖြင့် ကန့်သတ် စိစစ်မှုများကြောင့် ပြည်ပမှ တင်သွင်းသူ ကားပိုင်ရှင်များ ထိခိုက်

လေလံ စဆွဲတာကနေ နောက်ဆုံး မြန်မာနိုင်ငံ ရောက်တဲ့အထိ သက်သေတွေ အားလုံး ရှိတယ်။ ဒါပေမယ့် ဒီရောက်တော့ ကား chassis နဲ့ တိုက်စစ်တဲ့အခါ မော်ဒယ်နိမ့်နေတယ်ဆိုပြီး ဒဏ်ကြေးတပ်ရိုက်တယ်။ CIF ဈေးရဲ့ သုံးဆအထိရိုက်တယ်။ သေပြီပေါ့ဗျာ။




7282a
ပြည်ပမှ တင်သွင်းလာသည့်ကားများအား ဆူးလေဆိပ်ကမ်းတွင် တွေ့ရစဉ်
ပြည်ပမှ ကားတင်သွင်းသူများ အနေဖြင့် လွဲမှားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းအချို့တို့နှင့် ကန့်သတ် စိစစ်မှုများကြောင့် ထိခိုက်နစ်နာမှုများ ရှိနေကြောင်း သတင်းရရှိပါသည်။
အဓိကအားဖြင့် ဆိပ်ကမ်း၌ ယာဉ်စစ်ဆေးမှု အပိုင်းရှိ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းအချို့၊ ကွဲလွဲချက်များအပေါ် ဒဏ်တပ်ရိုက်သည့် နှုန်းထားများ စသည်တို့မှာ ကားတင်သွင်းသူများအပေါ် အထိခိုက်ဆုံးဖြစ်ကြောင်း ကားတင်သွင်းသူများက ပြောကြားခဲ့ကြသည်။
လက်ရှိကြုံတွေ့နေရသည့် အဓိက ပြဿနာမှာ ဂျပန်နိုင်ငံတွင် ကားလေလံတင် ရောင်းချသည့် ကုမ္ပဏီများမှ ထုတ်ပြန်ထားသည့် ကားထုတ်လုပ်သည့် ခုနှစ်နှင့်မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများစစ်ဆေးသည့် ကားထုတ်လုပ်သည့် ခုနှစ်လွဲမှားကာ အပြင်းထန်ဆုံး ဒဏ်ကြေးတပ်ရိုက်မှုဖြင့် ရင်ဆိုင်ရသည့် အခက်အခဲဖြစ် ဖြစ်ကြောင်း သိရသည်။


လေလံ စဆွဲတာကနေ နောက်ဆုံး မြန်မာနိုင်ငံ ရောက်တဲ့အထိ သက်သေတွေ အားလုံး ရှိတယ်။ ဒါပေမယ့် ဒီရောက်တော့ ကား chassis နဲ့ တိုက်စစ်တဲ့အခါ မော်ဒယ်နိမ့်နေတယ်ဆိုပြီး ဒဏ်ကြေးတပ်ရိုက်တယ်။ CIF ဈေးရဲ့ သုံးဆအထိရိုက်တယ်။ သေပြီပေါ့ဗျာ။
သတ်မှတ် မော်ဒယ်အတိုင်း တင်သွင်းသော်လည်း ဆိပ်ကမ်းအရောက် စစ်ဆေးမှုတွင် မော်ဒယ်တစ်နှစ်နိမ့်သည့်အတွက် ဒဏ်ကြေးသုံးဆ တပ်ရိုက်ရာ ကားဟောင်းများအပ်ကာ ကားသစ်တင်သွင်းသူများမှာ ကားဖိုးအဆုံးခံကာ မရွေးယူနိုင်တော့သည့် အခြေအနေများ ကြုံရကြောင်း၊ သင်္ဘောသားများ အနေဖြင့်လည်း ထိုသို့ ကြုံ တွေ့နေပြီး ပြန်လည်ရွေးယူရန် မတတ်နိုင်တော့သည့် အခြေအနေ ရောက်ရှိနေကြောင်း သိရသည်။
7282 ယခုစစ်ဆေးသည့် ဌာနမှ လွဲမှားသည်ဟု သတ်မှတ်သော်လည်း အမှန်တကယ် တင်သွင်းသူ ကားပိုင်ရှင်များမှာမူ လွဲမှားကာ တင်သွင်းခြင်း မဟုတ်ဘဲ ကားထုတ်လုပ်ကာ နိုင်ငံတကာသို့ ရောင်းချနေသည့် ဂျပန်နိုင်ငံမှ တရားဝင် ထုတ်ပြန်ထားချက်များ အတိုင်း တင်သွင်းခဲ့ခြင်းများသာဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။
“ကျွန်တော်က ၀က်ဘ်ဆိုက်က နေကြည့်ပြီး ဂျပန် Aution က ထုတ်ပြန်ထားတဲ့အတိုင်း ကြိုက်တာကို လေလံဆွဲတယ်။ ၁၉၉၅ မော်ဒယ် Hilux Surfကို လေလံဆွဲတယ်။ Aution မှာ ကြေညာထားတာလည်း ၁၉၉၅ မော်ဒယ်၊ ဒီကိုတင်ပို့တဲ့အခါ ဂျပန်နိုင်ငံက ထုတ်ပေးလိုက်တဲ့ Cancellation မှာလည်း ၁၉၉၅ မော် ဒယ်ပါပဲ။ ဂျပန်ဟာ ကမ္ဘာမှာ ကားထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ ဘယ်အဆင့်ရှိတယ်ဆိုတာ အားလုံး သိပြီးသားပါ။ သူတို့သတ်မှတ် ကြေညာထားတဲ့ မော်ဒယ်က လွဲပါ့မလား။ လွဲတယ်ထားဦး ကားဟောင်း တစ်စီးအတွက် ဂျပန်က စာရွက်စာတမ်းလိမ်လည်ပြီး ထုတ်ပေးပါ့မလား။ ကျွန်တော်တို့မှာ အထောက်အထား အပြည့်အစုံရှိတယ်။ လေလံ စဆွဲတာကနေ နောက်ဆုံး မြန်မာနိုင်ငံ ရောက်တဲ့အထိ သက်သေတွေ အားလုံး ရှိတယ်။ ဒါပေမယ့် ဒီရောက်တော့ ကား chassis နဲ့ တိုက်စစ်တဲ့အခါ မော်ဒယ်နိမ့်နေတယ်ဆိုပြီး ဒဏ်ကြေးတပ်ရိုက်တယ်။ CIF ဈေးရဲ့ သုံးဆအထိရိုက်တယ်။ သေပြီပေါ့ဗျာ။ ကားဟောင်းအပ်ပြီး သွင်းရတဲ့ ကျွန်တော်တို့မှာ ငွေက များများစားစား ရှိတာမဟုတ်ဘူး။ နောက်ဆုံး မတတ်သာတဲ့ အဆုံးမှာလိုတဲ့ ငွေ အတိုးနဲ့ယူပြီးကျပ်သိန်း ၁၀၀ ကျော် လောက်ပေးပြီး ရွေးခဲ့ရတယ်။ အဆုံးခံလိုက်ရင် ပိုဆိုးသွားမှာစိုးလို့ပါ။ ဒါက ကျွန်တော်ကြုံတာ အခုကျွန်တော့် သူငယ်ချင်း၂၀၀၇ မော်ဒယ်ကိုသွင်းတာ ၂၀၀၆ ဖြစ်နေလို့ဆိုပြီး သုံးဆ ဒဏ်ရိုက်ထားတယ်။ သူကတော့ မရွေးနိုင်တော့ဘူး။ ကျွန်တော်တို့ ပြောချင်တာက မှားသွင်းတာမဟုတ်ဘူး၊ ဂျပန်ကမှားတာလား ဒီကစစ်တဲ့ စနစ်မှားတာလား ဒီကြားထဲမှာ ကျွန်တော်တို့ ခံနေရတာ။ အခုတော့ မတတ်နိုင်တဲ့သူက အဆုံးခံလိုက်ရဖို့ပဲ ရှိတော့တယ်။ ကျွန်တော်သိချင်တယ် သူတို့ကိုယ်တိုင် ကျွန်တော်တို့ လို မရှိတဲ့အနေအထားနဲ့ ကားသွင်းမယ်၊ ကိုယ်မှားတာမဟုတ်ဘဲ ဒီလိုမြင့်မားတဲ့ ဒဏ်ကြေးနဲ့ကြုံခဲ့ရင် ပေးဆောင်ချင် စိတ်ရှိပါ့မလားဗျာ။ မျှတတဲ့စည်းမျဉ်းပါလို့ ပြောကြမလား သိချင်ပါတယ်” ဟု ပြည်ပမှ တင်သွင်းထားသူ ကားပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
“ကျွန်တော်က သင်္ဘောသားပါ။ ကျွန်တော်တို့ကျတော့ ၂၀၀၇ မော်ဒယ်ပဲ အနိမ့်ဆုံးသွင်းရမယ်လို့ သတ်မှတ်ထားတယ်။ ငွေအင်အားမတောင့်လို့ အနိမ့်ဆုံးသွင်းခွင့် ပေးထားတဲ့မော်ဒယ် ၂၀၀၇ Mark X သွင်းလိုက်တယ်။ တတ်နိုင်လို့ သွင်းတာမဟုတ်ဘူး၊ မတတ်နိုင်လို့ ပြန်ရောင်းရင်လည်း နည်းနည်းလေး ဈေးကွက်ရမလားဆိုပြီး ကြိတ်မှိတ်ပြီးသွင်းတာ။ ကားသွင်းပေးတဲ့ ကုမ္ပဏီတစ်ခုကို အပ်တယ်၊ ကိုယ်တိုင် အင်တာနက်ပေါ်မှာ ရှာတယ်။ ဂျပန်နိုင်ငံက ၂၀၀၇ မော်ဒယ်ပါလို့ တရားဝင် ကြေညာထားတာကို သွင်းတယ် ဒီရောက်တော့ ၂၀၀၆ ဖြစ်နေလို့ သုံးဆဒဏ်ရိုက်တယ်တဲ့။ ဒေါ်လာ ၁၅၀၀၀ ကို သုံးဆရိုက်တော့ ဒေါ်လာ ၄၅၀၀၀ ဆောင်မှ ကားထုတ်လို့ရမယ်ဆိုတော့ မျက်လုံးပြူးကုန် တာပေါ့။ အဲဒီကားကို မြန်မာပြည် အရောက်သွင်းတာတောင် ရှိတဲ့ငွေ ကျပ်သိန်း ၃၀၀ ကျော်လောက် ပုံအောပြီးသွင်းခဲ့ရတာ။ အဆုံးခံလိုက်ရင်လည်း ဘ၀ပျက်ပြီ။ ပြန်ရွေးဖို့အတွက်လည်း ကျပ်သိန်း ၃၀၀ ၀န်း ကျင် ဘယ်လိုထပ်ရှာမလဲဗျာ။ ကျွန်တော်တို့ဗျာ ကားတောင်အခုမှ မြင်ဖူးတာ။ ဘယ်လိုစစ်လို့ ဘယ်လို လုပ်တယ်ဆိုတာလည်း မသိ၊ ဂျပန်က တရားဝင် ထုတ်ပြန်တာလည်း ၂၀၀၇ ပဲဆိုတော့ သွင်းတာပေါ့။ အိမ်ကလူတွေဆို စိုးရိမ်နေပြီ ဘယ်လိုလုပ်ရမှန်းလဲ မသိဘူးဗျာ။ ကိုယ်မှားတာလည်းမဟုတ်ဘူး။ ဒီအတိုင်း ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ရှိတာကုန်ပြီး အဆုံးခံလိုက်ဖို့ပဲ ရှိတော့တယ်။ ခုထိကို မရွေးနိုင်သေးဘူး။ အသနားခံစာလေးတော့ တင်ထားတယ်။ ကျွန်တော်တို့ အနေအထားကို နားလည်ပေးနိုင်ဖို့ပဲ ဆုတောင်း ရတော့မယ်”ဟု သင်္ဘောသားတစ်ဦး က အခက်အခဲများအပေါ် ရှင်းပြခဲ့ပါသည်။
“ဂျပန်က သတ်မှတ်တာ မှားတယ်လို့တော့ ဘယ်သူပြောမလဲ။ ဒီကသွင်းတဲ့သူတွေကလည်း သေချာ ကြည့်ပြီးမှသွင်းတာ။ Chassis နဲ့ စစ်လို့ ဒုက္ခဖြစ်တာ ကိုယ့်နိုင်ငံသားတွေပဲဆိုတာ ဂရုပြုစေချင်တယ်။ လုပ်ထုံးလုပ်နည်းလွဲနေပြီ၊ ဒီလိုစစ်ဆေးတဲ့ စည်းမျဉ်းတချို့လွဲနေပြီ ဒဏ်ရိုက်တဲ့နှုန်း လွဲနေပြီဆိုတာ ပေါ်လွင်နေပြီ။ တစ်ဦးစ နှစ်ဦးစကြုံတာ မဟုတ်ဘူး အခုက အတော်များများ ကို အဲဒီလိုကွဲလွဲမှုနဲ့ ကြုံလာတာလေ။ ဒါတစ်ခုခုလွဲနေပြီဆိုတာ ပေါ်လွင်တာပဲ။ ဒဏ်ရိုက်တဲ့နှုန်းကလည်း ဘယ်လောက်ပြင်းထန်သလဲ လူတစ်ယောက် ဘ၀ပျက်သွားနိုင်တဲ့ အနေအထား ဖြစ်နေတယ်။ မော်ဒယ် တစ်မော်ဒယ် လွဲတာလောက်ကိုတော့ ဒီလောက်ထိ မလုပ်သင့်ပါဘူး။ နှစ်မော်ဒယ် သုံးမော်ဒယ်ဆို သိမ်းပစ်လိုက်ဗျာ။ မပြောဘူး။ တစ်မော်ဒယ် လွဲတာလောက်ကိုတော့ အမှန်တကယ် ဂျပန်က အထောက်အထား တွေပြနိုင်ရင် အကောက်ခွန်က အရင်ဒဏ်ရိုက်တဲ့နှုန်းဖြစ်တဲ့ ၂၄ ပုံ တစ်ပုံ၊ ၁၀ ရာခိုင်နှုန်း ဒီလောက်ပဲ ဖြစ်သင့်တယ်။ အခု ကျွန်တော်တို့ ဒုက္ခဖြစ်နေတဲ့သူတွေ စုပြီး တင်ပြထားတယ်။ လျှော့ပေါ့ပေးဖို့ အရမ်းမျှော်လင့်ထားတယ်။ မဟုတ်ရင် မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်ပြီ”ဟု ပြန်လည်မရွေးယူနိုင်သည့် ကားတင်သွင်းထားသူတစ်ဦးက ပြောကြားခဲ့ပါသည်။
“ကားဟောင်းအပ်ပြီး ကျွန်တော် ကားတစ်စီးသွင်းတယ်၊ ၂၀၀၄ မော်ဒယ်ပြထားလို့ ၂၀၀၄ ဆိုပြီး သွင်းတယ်။ ၂၀၀၃ မော်ဒယ်ဖြစ်နေ တယ်ဆိုပြီး ဒဏ်တပ်ရိုက်မယ်ပြော တယ်။ ၂၀၀၄ မော်ဒယ်က ၂၀၀၃ မော်ဒယ်ထက် အခွန်ကျပ်သိန်း ၄၀ လောက်ပိုဆောင်ရမှာလေ။ ကိုယ်အခွန်ပိုဆောင်ရမယ့်အလုပ်ကို လိမ် သွင်းပါ့မလား။ ပြီးတော့ ၂၀၀၆ အထိ ကြိုက်တာသွင်းလို့ ရတယ်လို့ပြောထားတာ။ သတ်မှတ်ပေးထားတဲ့ မော်ဒယ်အထဲမှာပဲဝင်တယ်။ ဒါကိုလည်း ဒဏ်ရိုက်ဖို့ရှိတယ်ဆိုတာမျိုးက တော်တော်လေးကို လွဲနေတယ်” ဟု ကားတင်သွင်းသူတစ်ဦး က ပြောကြားခဲ့သည်။
“ကျွန်တော်ကတော့ ဒီဒဏ်ကြေးအတိုင်းဆို မရွေးနိုင်တော့ဘူး။ သွင်းထားတဲ့ ကားဖိုးလည်း အဆုံးခံ ရမှာပဲ၊ စလစ်လည်းအဆုံးခံရမှာပဲ။ မိသားစုကိုတော့ တတ်နိုင်သလောက် ပြောပြရမှာပေါ့။ ဒီက သက်ဆိုင်ရာ ဌာနကပြောတာတော့ အသနားခံစာတင်တဲ့။ တင်ထားတယ်၊ ကျွန်တော် သိတာကတော့ OSS အဖွဲ့မှာ ခေါင်းဆောင်က စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်လို့ ပြောတယ်။ သူက လုပ်ငန်းရှင်ကနေ ၀န်ကြီးဖြစ်တာဆိုတော့ ကျွန်တော်တို့အခုလို သွင်းတာ ဘယ်သူမှားတယ် မှန်တယ် ဆိုတာ သူသိနေမှာပါ။ သူ့ကိုအားထားပြီး တင်ပြထားတယ်။ ပြီးတော့ ဒီဒဏ်ကြေးက တကယ်ပဲ ထိုက်တန် သလားမျှတသလား၊ မမျှတဘူးလား ဆိုတာကိုလည်း နားလည်နေမယ်လို့ ထင်ပါတယ်။ ကားဟောင်း မအပ်ခင်တုန်းက ဘာပြဿနာမှမရှိဘူး။ မိသားစုချောင်လည်တယ်။ ကားဟောင်းအပ်ပြီး အသစ်သွင်းတော့ မှ ကျွန်တော့်အတွက်တော့ ဒုက္ခဖြစ်တာပဲ။ တကယ်လို့သာ OSS အဖွဲ့ အနေနဲ့ လျှော့မပေးရင်တော့ မိသားစု စုဆောင်းထားတာလေး အကုန် ကုန်မှာပဲ။ ဦးဝင်းမြင့်ဦးဆောင်တဲ့ OSS အဖွဲ့အနေနဲ့ အရင်တုန်းကတော့ ဒီလို အခက်အခဲတွေကို တင်ပြဖြေရှင်းပေးဖူးတယ်လို့ ကြားထားတယ်။ အခုလည်း ဖြေရှင်းပေးဖို့တော့ မျှော်လင့်ထားပါတယ်။ ကိုယ့်ဖက်ကမှန်တဲ့ အတွက်ပိုပြီး မျှော်လင့်ထားတာပါ” ဟု ဒဏ်ကြေးဖြင့် ကားပြန်မရွေးနိုင်သေးသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
လက်ရှိတွင် အခက်အခဲရှိနေသူ ကားပိုင်ရှင်များအတွက် သက်ဆိုင်ရာဌာနများမှ OSS အဖွဲ့သို့ တင်ပြပေးထားကြောင်း၊ OSS အဖွဲ့ မှလည်း စိစစ်ကာ ဆက်လက် တင်ပြရန်ရှိကြောင်း၊ OSS အဖွဲ့တွင် ပါဝင်သည့် ၀န်ကြီးဌာနများမှလည်း မိမိတို့ ပြင်ဆင်ပေးသင့်သည့် အချက်များကို တင်ပြထားကြောင်း သတင်း ရရှိပါသည်။
“ကျွန်တော် သိရတာကတော့ သွင်းတဲ့သူတွေက တကယ်ဘာမှမသိဘူး၊ ဒါက စစ်ဆေးမှုနဲ့တစ်ဖက် က ထုတ်ပြန်မှုကြောင့်ဆိုတာတော့ OSS အဖွဲ့ကလည်း သိနေတယ်။ သက်ဆိုင်ရာ ကားစစ်ဆေးတဲ့ ၀န်ကြီး ဌာနတွေကလည်း တင်ပြပေးနေတယ်လို့ ကြားရတယ်။ အဲဒီအတွက် တကယ် ကိုယ့်နိုင်ငံသားတွေ မှားတာမဟုတ်လို့ ပြင်ဆင်ပေးဖို့ အခြေအနေရှိတယ်လို့ ကြားရတယ်။ ကျွန်တော်လည်း အဲဒီအဖြေကိုမျှော်နေတာပါ။ မဟုတ်ရင်လည်း အားလုံးက ဒုက္ခရောက်ကုန်မှာလေ”ဟု ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis