menu

Tuesday 10 April 2012

အသက်သွေးကြော ဧရာဝတီ(မောင်တင်ဦး(မြောင်းမြ))

လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက်အန္တရာယ် ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာ ဖြစ်ပါတယ် ...

မြစ်ဆုံတစ်နေရာကို ၂၀၁၂ ခုနှစ် မတ်လကုန်ပိုင်းက တွေ့ရစဉ်

အချုပ်အခြာအာဏာ

ဘာဖြစ်လို့ သူများအိတ်ထဲက ပိုက်ဆံကို မလိုလောဘစိတ်နဲ့ လိုချင်နေတာလဲ။

ဘာဖြစ်လို့များ သူများအိမ်ထဲက သာယာနေတဲ့မိသားစုရဲ့ ချစ်ကြည်နူးမှုကို ဖြိုခွဲဖို့ ကြံစည်နေတာလဲ။

ဘာဖြစ်လို့ ကိုယ့်အပင်လည်း မဟုတ်။ ကိုယ်ကိုယ်တိုင်လည်း ပြုစုပျိုးထောင် ရေလောင်းပေါင်းသင်မပေးဘဲ ၀င်းမှည့်ရွှန်းစိုတဲ့အသီးဖြစ်လာမှ အားရပါးရ ၀ါးမြိုချင်နေရတာလဲ။
China Power Investment Co.,Ltd ရဲ့ဥက္ကဋ္ဌကို ကျွန်တော့်ရှေ့ကို ထိုင်ခိုင်းပြီး မျက်နှာချင်းဆိုင် ဒေါတကြီး မေးချင်နေခဲ့တဲ့ မေးခွန်းတွေပါ။ မယဉ်ကျေးရင် ခွင့်လွှတ်ပါ။


ကျွန်တော့် မြန်မာပြည်သူတွေက သူတို့နိုင်ငံက မြစ်ဝါမြစ်ကို စိတ်နဲ့တောင် မပစ်မှားမိပါဘူး။ သူတို့နိုင်ငံမှ အထင်ကရ သမိုင်းဝင် မဟာတံတိုင်းကြီးကိုကြည့်ပြီး မြန်မာပြည်သူတွေက လှမ်းကြည့် အားကျနေရုံ၊ အားပေးနေရုံပါပဲ။ကိုယ့်ပစ္စည်းမဟုတ်ဘဲ ဘာမက်မောစရာရှိလဲ။ ကျွန်တော်တို့မှာ အချုပ်အခြာအာဏာ ရှိပြီးသားပါ။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် အခန်း ၁ နိုင်ငံတော်အခြေခံမူများ နိုင်ငံတော်ပုဒ်မ ၅ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။ ပုဒ် မ(၃၇)နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက်နှင့် လေထုအတွင်း သယံဇာတပစ္စည်း အားလုံး၏ ပိုင်ရှင်ဖြစ်သည်။

ပုဒ်မ(၁၆)နိုင်ငံတော်၏ အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဥပဒေ၊ ပုဒ်မတွေကို ဆက် စပ်လေ့လာကြည့်ရင် ဧရာဝတီမြစ်ကြီးဟာ ''ပုဒ်မ(၅)အရ မြန်မာနိုင်ငံတော်ပိုင် စစ်စစ်ဖြစ်နေတာ ထင်ရှားပါတယ်။ ပုဒ်မ(၁၆)အရ သမ္မတကြီးက မြစ်ကို ကာကွယ်ရပါမယ်။ စောင့် ရှောက်ရပါမယ်။ ထိန်းသိမ်းရပါမယ်။ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ထို့အတူ ''ပုဒ်မ(၃၄၁)နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်''လို့ ဖွင့်ဆိုထားပါတယ်။ အကယ်၍ မြစ်ဆုံကြောင့် ပြဿနာ တစ်ခုခု များဖြစ်လာရင် ပြည်သူ့တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ဘက်မှ ကူညီဖို့အသင့် ရှိနေမှာပါ။ ဒါပူစရာ မလိုပါဘူး။

သမ္မတကြီးရဲ့ဘက်က ဧရာဝတီ ချစ်ကြတဲ့ နိုင်ငံတော်ကို ချစ်ကြတဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်တဲ့ ပြည်သူသန်း ၆၀ ရှိပါတယ်။
ဒီမိုကရေစီ ကျင့်စဉ်အရ သမ္မတကြီးဟာ သူ့လုပ်ပိုင်ခွင့် ငါးနှစ်သက်တမ်းအတွင်း မြစ်ဆုံကိစ္စ တာဝန်ယူထားတာ အလွန်သဘာဝကျပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးဟာ ကျွန် တော်တို့ထက် အသက်သန်းပေါင်းများစွာ ကြီးပါတယ်။ ကျွန်တော်တို့ သမ္မတကြီးတို့ မမွေးမီကတည်းက တည်ရှိနေတာပါ။ ကျွန်တော်တို့ သေဆုံးပြီး မြန်မာပြည် တည်သရွေ့ ဧရာဝတီမြစ်ကြီးက ဆက်လက် ရှင်သန်နေမှာပါ။ ရှင်သန်အောင် ထိန်းသိမ်းပေး ကြရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ ဆွေရယ်၊ မျိုးရယ်၊ အသိုင်းအ၀ိုင်းရယ် စတဲ့ သားစဉ်မြေးဆက်တို့ ကျန်ရှိနေဦးမှာပါ။ သူတို့အတွက် ကျွန်တော်တို့ ငဲ့ကွက်ရပါမယ်။ သူတို့အတွက် အမွေကောင်း အဖြစ် ချန်ထားရစ်ရပါမယ်။

ဒါကြောင့် သမ္မတကြီးအနေနဲ့ နောင်ဆက်လက် တာဝန်ယူကြမယ့် နိုင်ငံတော် အကြီးအကဲများကိုလည်း လက်ရှိသမ္မတကြီးနည်းတူ မြစ်ဆုံဆည်ကိစ္စကို လုံးဝရပ်ပစ်လိုက်ဖို့ အကြံပြု တိုက်တွန်းပေးစေလိုပါတယ်။
ဒါဟာ ရေရှည် အမြော်အမြင်ရှိသူ၊ နိုင်ငံတော်နဲ့ ဧရာဝတီကို ထာဝရ ချစ်မြတ်နိုးသူ၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားသူ၊ ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာသူအဖြစ် သမိုင်းဝင် မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။

လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက်အန္တရာယ် ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာ ဖြစ်ပါတယ် ...

အသက်သွေးကြော

လူတစ်ဦးစီအတွက် မွေးစမှ သေဆုံးသည်အထိ နှလုံးခုန်နေရပြီး သွေးကြောတွေရဲ့ စီးဆင်းမှုနဲ့အတူ ရှင်သန်မှုအသက်ဓာတ်ကို ရရှိနေကြပါတယ်။
လူသားတွေရဲ့ သွေးကြောတွေ ဖွဲ့စည်းပုံကို လေ့လာကြည့်မိပါတယ်။ နှလုံးက စတင်သွေးပို့လွှတ်ပေးရာမှစကာ သွေးကြောတွေဟာလည်း လည်ပတ်စီးဆင်းနေကြတာပါ။ လူတွေရဲ့ ဦးခေါင်းမှ ခြေဖျားအထိ သွေးကြော တည်ဆောက်ထားပုံကို တွေ့မြင်နိုင်ပါတယ်။ ဦးခေါင်းပိုင်း သွေးကြောငယ်များနဲ့ ပြင်ပ လည်ချောင်းသွေးကြောနဲ့ အတွင်းလည်ချောင်းသွေးကြောတို့ ပေါင်းစည်းပြီး နှလုံးထဲကိုစီးဝင်တဲ့ ပင်မသွေးကြောကြီး ဖြစ်လာတာပါ။

အဲသည်ကမှတစ်ဆင့် ကိုယ်ခန္ဓာ အနှံ့အပြား ပို့လွှတ်ပေးပါတယ်။ လူ့ပယောဂဖြစ်တဲ့ ဆေးလိပ်သောက်တာ၊  အရက်သောက်တာ၊ အဆီအစိမ့် အစားများတာတွေကြောင့် သွေးကြောတွေရဲ့ တစ်နေရာရာမှာ ပိတ်ဆို့တာ၊ သွေးကြောတွေ ကျဉ်းလာတာ၊ သွေးပုံမှန် မစီးဆင်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။
သွေးကြောတွေရဲ့ စီးဆင်းမှု မမှန်ကန်ရင် ရောဂါဝေဒနာတစ်ခုခု ခံစားကြရပါတယ်။ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ဦးနှောက်သွေးကြောပေါက်ရောဂါ စသည်ဖြင့် ရောဂါပေါင်းစုံ ၀င်ရောက်လာပါတော့တယ်။ သည်အခါလူ တစ်ယောက်အနေနဲ့ ဝေဒနာသည်ဘ၀နဲ့ စိတ်ဓာတ်ကျနေရရှာပါတယ်။ ဒါမှမဟုတ် အသက်ဆုံးရှုံး သွားရပါတယ်။
ဧရာဝတီ

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ရှိ မြစ်ဖျားခံတဲ့ မေခနဲ့မလိခ မြစ်နှစ်သွယ် ပေါင်းစုံရာမှ ဧရာဝတီမြစ်ကြီး ဖြစ်ထွန်းလာပါတယ်။ ဒီမြစ်ဟာ မြန်မာပြည်သူတွေအတွက် သ ဘာဝကပေးတဲ့ ထာဝရလက်ဆောင်ပါ။  မြန်မာပြည်တွင်းမှာစပြီး မြန်မာပြည်တွင်းမှာ အဆုံးသတ်ပါတယ်။ ပြည်တွင်းဖြစ်စစ်စစ်ပါ။ မျိုးချစ်စိတ်အပြည့်အ၀ ရှိသူပါ။

သစ္စာရှိသည့် မြစ်ကို ချစ်သဒ္ဒါ အပြည့်ပေးကြရမှာ ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေရဲ့ သမိုင်းပေးတာဝန်ပါ။ တာဝန်ယူလိုစိတ်၊ တာဝန်သိတတ်စိတ် ရှိသူတွေရဲ့ မလွဲမ သွေ လုပ်ရမယ့်အလုပ်ပါ။
ဧရာဝတီမြစ်ရဲ့စီးဆင်းပုံက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။
မေခနဲ့ မလိခမြစ်နှစ်သွယ် ပေါင်းစည်းပြီး မြစ်ဆုံနေရာမှစကာ ဧရာဝတီမြစ်ဆိုတာ ပေါ်ထွန်းလာတာပါ။ အင်ဂျန်းရှန်၊ အင်ဆွပ်ဇွမ်ဒေသတွေဟာ ဧရာဝတီရဲ့ မူရင်းဘူမိနက်သန် နေရာပါ။ ဧရာဝတီမြစ်ရဲ့ ကမ်းနဖူးစပ်က ကျောက်စရစ်ခဲလေးတွေ၊ မြစ်ထဲက ငါးလေးတွေ၊ မြစ်ပေါ်က ငှက်ကလေးတွေ၊ နောက်ခံ တောင်တန်းပြာထက်မှ တိမ်တိုက်တွေ၊ တသွင်သွင်စီးမျော နေတဲ့ ကြည်လင်အေးမြတဲ့ ရေတွေသာ မောကြည်နူးစရာအတိပါ။
အင်ဂျန်းရှန်ဒေသခံ တန်ဖဲရွာသူ၊ ရွာသားတွေဟာ နံနက်မိုးသောက် အလင်းရောက်တာနဲ့ ဧရာဝတီမြစ်ကြီးဆီ ရောက်လာကြပါတယ်။ သည်မြစ်ထဲမှာ မျက်နှာသစ်၊ ရေချိုး၊ ငါးဖမ်း၊ ရေပေါ်မှာ ဆော့ကစား၊ သည်လိုနဲ့ သူတို့ဘ၀ဟာ မြစ်ကြီးနဲ့အတူ ကြီးပြင်းလာပါတယ်။ အင်ဂျန်းရှန်ရွာ၊ တန်ဖဲရွာကလူတွေ မြစ်ထဲရောက်နေချိန်။ တစ်ချိန်တည်းမှာပဲ ဂေါဝိန်ဆိပ်ကမ်းမှာလည်း ရွှေမန်းသူတွေ မြစ်ထဲရောက်နေပါပြီ။

ထို့အတူ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ ညောင်ဦး၊ ချောက်၊ မကွေး၊ သရက်၊ ပြည်၊ ကြံခင်း၊ မိုးညို၊ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း၊ အင်္ဂပူ၊ ပုသိမ်၊ မြောင်းမြစတဲ့ လူတွေလည်းပဲ ဧရာဝတီမြစ်ကြီးထဲမှာ စားဝတ်နေရေးအတွက် ကိုယ်စီကိုယ်စီ ဟန်ချက်ညီညီ တစ်ပြိုင်နက် လှုပ်ရှားနေကြပါတယ်။
ဆိုလိုတာက ဧရာတီမြစ်ကြီး ဟာ မြန်မာပြည်သူတွေနဲ့အတူ နေ့ ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ် ပရိစ္ဆေဒပေါင်းများစွာကောင်းတူဆိုး ဖက်ဖြတ်သန်းလာခဲ့တာ . . . ကြာ ပြီကော။

လူ့သဘာဝလေးတစ်ခု ပြောပြချင်ပါတယ်။ သင်ကိုယ်တိုင်ပန်းကန် မဆေးတဲ့အခါ သူများက ပန်းကန် ဆေးပေးတယ်ဆိုပါစို့။ ရုတ်တရက် ဟိုလူ့ကြောင့် ပန်းကန်ကျကွဲသွားခဲ့ရင် သင်အရမ်းစိတ်ဆိုးပါတယ်။ အရမ်း နှမြောပါတယ်။ ဒါပေမယ့် သင်ကိုယ် တိုင်ပန်းကန်ဆေးတဲ့အခါ ပန်းကန် ကျကွဲသွားရင် နှမြောရုံက လွဲလို့ အိုးလူပဲလေဒါဖြစ်တတ်တဲ့ သဘာဝ ပဲဆိုပြီးခွင့်လွှတ်လိုက်တတ်ကြတယ် မဟုတ်လား။
အသက်သွေးကြောဧရာဝတီ

ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဧရာဝတီမြစ်ကြောင်း စီးဆင်းပုံဟာ လူ့ခန္ဓာကိုယ်အတွင်း သွေးကြောဖွဲ့စည်းစီးဆင်းပုံနဲ့ အတော်တူပါတယ်။ လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက် အန္တရာယ်ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာဖြစ်ပါတယ်။

သည်တော့ လူတစ်ယောက်ကို အသက်မသေစေချင်ရင် သွေးကြောတွေ မပိတ်မဆို့ မှန်မှန်စီးဆင်းစေရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ကြီးကိုလည်း အသက်ရှည်စေချင်တဲ့ စိတ်ကလေးရှိကြရင် အသက်သွေးကြောနဲ့တူတဲ့ ဧရာဝတီမြစ်ကြီးကို ကျန်းမာအောင် မြန်မာပြည်ကိုချစ်တဲ့ မျိုးချစ်စိတ်ရှိသူတိုင်းက ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရပါမယ်။
မြစ်ဆုံက တိုင်းရင်းသားတွေ နည်းတူ ဂေါဝိန်၊ ညောင်ဦး၊ ပြည်၊ ပုသိမ်ဆိပ်ကမ်းတွေက ပြည်သူတွေကလည်း ဧရာဝတီမြစ်ကြီးကို ၀ိုင်းဝန်း စောင့်ရှောက်ကြရပါမယ်။

သဘာဝဘေးဒဏ် ကာကွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ပြည်သူတွေရဲ့အသိ နိုးကြားလာပါမယ်။ ပြည်သူတွေရဲ့အသိတ ရားနိုးကြားလာမှုကိုလည်း မချိုးနှိမ်မိဖို့ နိုင်ငံတော်က သတိထားရပါမယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်တဲ့ အသက်သွေးကြော ဧရာဝတီကို ကျွန်တော်တို့ ကာကွယ်ကြရပါမယ်။ နည်းလမ်းစုံနဲ့ ကာကွယ်ရပါမယ်။

ကျွန်တော်တို့မှာ ဖွဲ့စည်းပုံရှိတယ်။ အစိုးရရှိတယ်။ တပ်မတော်ရှိတယ်။ အချုပ်အခြာအာဏာ ရှိတယ်။

ဒါကြောင့် အချုပ်အခြာအာဏာအောက်က အသက်သွေးကြော ဧရာဝတီကို ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis